Skip to main content

၂၀၁၀ ပြည့်နှစ် အမျိုးသားစာပေတစ်သက်တာဆုရှင် စာပေပညာရှင် စည်သူ ဒေါက်တာသော်ကောင်း ကွယ်လွန်

ရန်ကုန် ဇူလိုင် ၂၉

၂၀၁၀ ပြည့်နှစ် အမျိုးသားစာပေတစ်သက်တာဆုရှင်၊ စာပေပညာရှင်နှင့် စာရေးဆရာကြီးစည်သူ ဒေါက်တာ သော်ကောင်းသည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် သံလွင်လမ်း အမှတ် (၅၂-က) ၌ နေထိုင်ရင်း ၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက် နံနက် ၅ နာရီ ၄၇ မိနစ်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ်ရှိပြီဖြစ်သည်။

စည်သူ ဒေါက်တာသော်ကောင်းကို အငြိမ်းစားပညာမင်းကြီးနှင့် မြန်မာနိုင်ငံ သမိုင်းကော်မရှင်ဥက္ကဋ္ဌ စည်သူ ဦးကောင်းနှင့် ဒေါ်သိန်းတို့မှ ၁၉၃၇ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ရန်ကုန်မြို့တွင် အခြေခံပညာသင်ယူခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ B.A (ဂုဏ်ထူး)၊ အင်္ဂလိပ်စာပထမအဆင့်ဖြင့်ဘွဲ့ရရှိခဲ့ကာ ၁၉၆၂ ခုနှစ်တွင် ဗြိတိန်၊ လန်ဒန်တက္ကသိုလ်မှ စာကြည့်တိုက်နှင့် သတင်းအချက်အလက်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် AALIA (Associate of the Australian Library and Information Association)၊ ၁၉၈၄ ခုနှစ် တွင် အင်္ဂလန်စာကြည့်တိုက်အသင်း၏ အမြင့်ဆုံးဘွဲ့ (FLA) (Fellow of the Library Association) (UK) ဘွဲ့များကိုလည်းရရှိခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် Fukuoka Asian Cultural Prize ကို ချီးမြှင့်ခံခဲ့ရသည်။

ဒေါက်တာသော်ကောင်းသည် ၁၉၅၇ ခုနှစ်မှစတင်၍ ရန်ကုန်တက္ကသိုလ်တွင် စာကြည့်တိုက်ဆိုင်ရာတာဝန်များကိုထမ်းဆောင်ခဲ့ပြီး ၁၉၆၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာနကို စတင်တည်ထောင်ခဲ့ကာ ဌာနမှူးအဖြစ်လည်း ပူးတွဲတာဝန်ယူခဲ့သည်။ ထို့ပြင် တက္ကသိုလ်ပညာပဒေသာစာစောင် စာတည်းအဖွဲ့၊ မြန်မာစာကော်မရှင်နှင့် မြန်မာ–အင်္ဂလိပ် အဘိဓာန်ထုတ်ဝေရေးအဖွဲ့တို့တွင် အရေးပါသောတာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဒေါက်တာသော်ကောင်းသည် ဗြိတိန်၊ အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်၊ ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများသို့ မြန်မာစာပေ၊ စာကြည့်တိုက်လုပ်ငန်း၊ မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာစာတမ်းများ သွားရောက်ဖတ်ကြားခဲ့ပြီး အိန္ဒိယနိုင်ငံ နာလန္ဒာတက္ကသိုလ်၏ အကြံပေးကောင်စီအဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

ပြည်တွင်းပြည်ပ ညီလာခံများနှင့် ဆွေးနွေးပွဲ များတွင် စာတမ်း ၃၅ စောင် ဖတ်ကြားတင်သွင်းခဲ့ပြီး အင်္ဂလိပ်–မြန်မာ နှစ်ဘာသာဖြင့် ဆောင်းပါးပေါင်း ၉၀ ကျော်၊ “ရည်ညွှန်းစာအုပ်ဟူသည်”၊ "Aspects of Myanmar History and Culture" အပါအဝင် စာအုပ် ၁၀ အုပ်နှင့် ဘာသာပြန်စာပေများ၊ အထွေထွေရေးသားချက်များ အပါအဝင် စာပေလက်ရာ စုစုပေါင်း ၂၀၀ ခန့်ကို ရေးသားပြုစုခဲ့သည်။

၎င်းသည် ၂၀၀၇ ခုနှစ်တွင် ပခုက္ကူ ဦးအုံးဖေ တစ်သက်တာစာပေဆု၊ ၂၀၀၈ ခုနှစ်တွင် From the Librarian's Window စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းစာပေဆု (ယဉ်ကျေးမှုဘာသာရပ်) ကိုရရှိခဲ့သည်။ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှစ၍ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ပြင် ဆရာဝန်တင်ရွှေဆု၊ ထွန်းဖောင်ဒေးရှင်း စာပေဆု၊ ပခုက္ကူ ဦးအုံးဖေတည်ထောင်သည့် စာပေဆုနှင့် သုတစွယ်စုံစာပေဆုတို့၏ ရွေးချယ်ရေးအဖွဲ့များတွင်လည်း ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် စည်သူဘွဲ့ ချီးမြှင့်ခံခဲ့ရသည်။

စည်သူ ဒေါက်တာသော်ကောင်း ကွယ်လွန်သွားခြင်းသည် မြန်မာ့စာပေလောက၊ မြန်မာ့သမိုင်းနှင့် အမျိုးသားယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမှုများအတွက် ကြီးမားသည့်ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။

မြန်မာ့အလင်း