Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ

နေပြည်တော် ဩဂုတ် ၁

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်တွင်းသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများနှင့် ပြည်တွင်း သတင်းစာ၊ ဂျာနယ်များမှ အယ်ဒီတာနှင့် သတင်းထောက်များအား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဆောင်မီဒီယာခန်းမ၌ တွေ့ဆုံသည်။

ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယနေ့သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ လွှတ်တော်အကြောင်း မိတ်ဆက်ပေးရန်နှင့် လွှတ်တော်နှင့် ပြည်သူ၊ လွှတ်တော်နှင့် သတင်းမီဒီယာများအကြား ထိတွေ့နိုင်ရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ယခင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကြီးများလည်း ဤခန်းမ၌ပင် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့သည့် အစဉ်အလာရှိပါကြောင်း။

အလားတူ နိုင်ငံတကာလွှတ်တော်များ၌လည်း သတင်းစာရှင်းလင်းပွဲများ ကျင်းပလေ့ရှိပါကြောင်း၊ အဓိကတာဝန်ဖြစ်သော ဥပဒေကြမ်းများပြုစုပြီးစီးချိန်နှင့် လွှတ်တော်၏ ပုံမှန်အစည်းအဝေးသက်တမ်း တစ်ခုပြီးဆုံးချိန်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်လေ့ရှိရာ ယခုသတင်းစာရှင်းလင်းပွဲမှာ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပြီးဆုံးချိန်တွင် ကျင်းပခြင်းဖြစ်ပါကြောင်း။

လွှတ်တော်နှင့်ပတ်သက်၍ အနည်းငယ်မိတ်ဆက် ပြောကြားလိုပါကြောင်း၊ လွှတ်တော်ကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြပြီး အနီးစပ်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ သက်ဆိုင်ရာမဲဆန္ဒနယ်မြေအသီးသီးမှ မဲဆန္ဒရှင်ပြည်သူများက ရွေးချယ်ပေးလိုက်သည့် ကိုယ်စားလှယ်များ လာရောက်စုစည်းထားသည့် နေရာဖြစ်ကြောင်း၊ လွှတ်တော်တွင် လွှတ်တော်နှစ်ရပ်စနစ် (Bicameral System) နှင့် လွှတ်တော်တစ်ရပ်တည်းစနစ် (Unicameral System) ဟူ၍ အမျိုးအစားများရှိပါကြောင်း၊ နိုင်ငံ၏အကျယ်အဝန်း၊ လူဦးရေနှင့် တိုင်းရင်းသားလူမျိုးများ ပါဝင်ဖွဲ့စည်းမှုအပေါ် မူတည်၍ နိုင်ငံတကာတွင် လွှတ်တော်နှစ်ရပ်ရှိသည့် နိုင်ငံများရှိသကဲ့သို့ လွှတ်တော်တစ်ရပ်တည်း ကျင့်သုံးသည့် နိုင်ငံများလည်းရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးနှင့် လူဦးရေ ၅၁ သန်းကျော်ရှိပြီး လွှတ်တော်နှစ်ရပ်စနစ်ကို ကျင့်သုံးခြင်းဖြစ်ပါကြောင်း၊ ယနေ့သတင်းစာရှင်းလင်းပွဲသည် အခြားနိုင်ငံများ၌ အောက်လွှတ်တော်ဟုခေါ်ဝေါ်သည့် ပြည်သူ့လွှတ်တော်နှင့်ပတ်သက်သည့် တွေ့ဆုံပွဲဖြစ်ပါကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်ကို နယ်မြေနှင့်လူဦးရေအပေါ် အခြေခံ၍ မြို့နယ် ၃၃၀ အတွက် ရွေးကောက်ခံကိုယ်စားလှယ် ၃၃၀ နှင့် တပ်မတော်သားကိုယ်စားလှယ် ၁၁၀၊ စုစုပေါင်း ၄၄၀ ရှိရမည်ဖြစ်သော်လည်း လက်ရှိတွင် လစ်လပ်နေရာများရှိနေသဖြင့် ကိုယ်စားလှယ် ၃၅၁ ဦးဖြင့်သာ ဖွဲ့စည်းထားပါကြောင်း။

ပြည်သူ့လွှတ်တော်၏ အဓိကလုပ်ငန်းတာဝန် (၄) ရပ်ရှိရာ ပထမတာဝန်မှာ ဥပဒေပြုရေးမဏ္ဍိုင် လွှတ်တော်ဖွဲ့စည်းခြင်းနှင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင် သုံးရပ်ရှိ အကြီးအကဲများကို ရွေးချယ်အတည်ပြုပေးရခြင်းဖြစ်ပါကြောင်း၊ ဒုတိယတာဝန်မှာ ဥပဒေပြုရေးလုပ်ငန်းဖြစ်ပြီး လက်ရှိတည်ဆဲဥပဒေများကို ခေတ်စနစ်နှင့်အညီ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ အစားထိုးခြင်းနှင့် အသစ်ရေးဆွဲခြင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တတိယတာဝန်အနေဖြင့် ကျန်မဏ္ဍိုင်များကို ပေါင်းစပ်ညှိနှိုင်းခြင်း (Check and Balance) ပြုလုပ်ရပြီး စတုတ္ထတာဝန်မှာ ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည့်အတွက် ပြည်သူကို ကိုယ်စားပြုခြင်း (Represent) အဖြစ် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။

အဆိုပါတာဝန်များကို အကောင်အထည်ဖော်ရန် လွှတ်တော်ကော်မတီများကို ဖွဲ့စည်းထားပြီး အမြဲတမ်းကော်မတီ (Standing Committee) ၄ ခုနှင့် သီးခြားကော်မတီ (Select Committee) ၁၈ ခု၊ စုစုပေါင်းကော်မတီ ၂၂ ခု ဖွဲ့စည်းထားပါကြောင်း၊ ယင်းကော်မတီများကို လွှတ်တော်ငယ်များ သို့မဟုတ် လွှတ်တော်၏ ထောက်တိုင်များဟု ခေါ်ဆိုကြပြီး လွှတ်တော်လုပ်ငန်းများ ချောမွေ့စွာလည်ပတ်နိုင်ရေးအတွက် အလွန်အရေးပါကြောင်း။

လွှတ်တော်သည် အစိုးရနှင့် ပြည်သူအကြား ပေါင်းကူးပေးသည့် ကြားခံအဖွဲ့အစည်းဖြစ်ပြီး “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်မှန်းချက်လွှတ်တော်က ဖော်ဆောင်ရွက်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ သတင်းမီဒီယာများအနေဖြင့် လွှတ်တော်နှင့်ပြည်သူအကြား ချိတ်ဆက်ပေးရန်နှင့် ပြည်သူယုံကြည်အားကိုးရသော နိုင်ငံတော်အတွက် အထောက်အကူပြုသည့် လွှတ်တော်ကြီးဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ဝိုင်းဝန်းကူညီပေးကြရန် ရည်ရွယ်၍ ယခုသတင်းစာရှင်းလင်းပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားသည်။    

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးလှသိန်း၊ မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော် သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါက်တာနန္ဒာလှမြင့်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ ပြည်တွင်းသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများနှင့် ပြည်တွင်းသတင်းစာ၊ ဂျာနယ် စုစုပေါင်း ၄၈ ဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်