နေပြည်တော် ဩဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ ဇူလိုင် ၃၀ ရက်ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ်ရေကာတာ ကျိုးပေါက်ကာ လေးမျက်နှာမြို့ပေါ်ရပ်ကွက် ငါးခု၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၅၁ ရွာသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ရေဘေးသင့်ပြည်သူများအား ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပစ္စည်းများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်းများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်းနှင့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများစုပေါင်း၍ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးပြီး ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
