Skip to main content

၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၃

ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို ကျင်းပပေးခြင်းဖြင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ပြိုင်ပွဲကောင်းတစ်ခု ဖြစ်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ပြိုင်ပွဲ၏ရည်ရွယ်ချက်နှင့် အနှစ်သာရများ မပျောက်ပျက်စေရန် တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားလိုကြောင်း မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တိုက်တွန်းပြောကြားသည်။

အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနကကြီးမှူး၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဦးသန်းမောင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာသက်သက်ဇင်နှင့် ဒေါက်တာမောင်သင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ဖူဆယ်နှင့်သဲသောင်ပြင်ဆပ်ကော်မတီမှ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

မြန်မာနိုင်ငံတွင် ဖူဆယ်အားကစားနည်းကို ၁၉၉၈ ခုနှစ်မှ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနဖလား ဖူဆယ်ပြိုင်ပွဲကို တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာဘောလုံးအားကစားကွင်းတွင် စတင်ကျင်းပခဲ့ကြောင်း၊ ၂၀၀၆ ခုနှစ် မြန်မာ့လက်ရွေးစင် (အမျိုးသား) ဖူဆယ်အသင်းသည် ပထမအကြိမ် နိုင်ငံတကာပြိုင်ပွဲအနေဖြင့် ထိုင်းနိုင်ငံတွင်ကျင်းပခဲ့သည့် AFF Futsal Championship နိုင်ငံတကာဖူဆယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကြေးတံဆိပ်တစ်ခုရရှိခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် AFF Futsal Championship ပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခု၊ ၂၀၁၇ ခုနှစ် ဗီယက်နမ်နိုင်ငံတွင်ကျင်းပခဲ့သည့် AFF Futsal Championship တွင် ကြေးတံဆိပ်တစ်ခုနှင့် ၂၀၁၈ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် AFF Futsal Club Championship ပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု၊၂၀၂၅ ခုနှစ် AFF Futsal Club Championship U-16 ပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း၊ အလားတူ မြန်မာ့လက်ရွေးစင် (အမျိုးသမီး) ဖူဆယ်အသင်းသည် (၂၆) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု၊ ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အမျိုးသားအသင်းက ကြေးတံဆိပ်တစ်ခု၊ အမျိုးသမီးအသင်းက ကြေးတံဆိပ်တစ်ခုကို ဆွတ်ခူးရရှိခဲ့ပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်ကအားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် ဖူဆယ်အားကစား သမားကောင်းများဖြစ်လာအောင် ကြိုးစားယှဉ်ပြိုင်ကြရန် ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ဆက်လက်တိုက်တွန်းမှာကြားပြီး “၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံဖူဆယ်ပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲတွင် ပါဝင်ကူညီအားဖြည့်ပေးခဲ့သည့် အ.ထ.က (၆) ဇမ္ဗူသီရိမြို့နယ် ဘင်ခရာအဖွဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သုံးသိန်းပေးအပ်ပြီး ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဖူဆယ် (အမျိုးသား) အုပ်စုပတ်လည်ပွဲစဉ်တွင် ပညာရေးဝန်ကြီးဌာနအသင်းနှင့် သာသနာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။

၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲတွင် ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင်အသင်း ၂၅ သင်းတို့က ဩဂုတ် ၃ ရက်မှ ၁၄ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ၁၂ ရက်ကြာ ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ အားကစားဝါသနာရှင်များ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်