Skip to main content

ပုဇွန်တောင်ချောင်း ရေမြင့်တက်ခြင်းနှင့် မိုးရွာသွန်းမှုများခြင်းတို့ကြောင့် ဒဂုံတက္ကသိုလ်အတွင်း ရေလျှံရေဝပ်နေသဖြင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၆

ပုဇွန်တောင်ချောင်း ရေမြင့်တက်ခြင်းနှင့် မိုးရွာသွန်းမှုများခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်အတွင်း ရေလျှံရေဝပ်နေသဖြင့် ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေနုတ်မြောင်းများ စနစ်တကျဆောင်ရွက်နိုင်ရေးတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့နှင့်အတူ ယနေ့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုရာတွင် ဒဂုံတက္ကသိုလ်ကျောင်းဝင်းအတွင်း ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အအုံပြန်လည်ပြုပြင်နေမှု၊ Recre-ation Centre တည်ဆောက်နေသည့်အခြေအနေ၊ တက္ကသိုလ်ဘောလုံးကွင်း၏ လက်ရှိအခြေအနေ၊ ပုဇွန်တောင်ချောင်း ရေလျှံမှုကြောင့် အဆောက်အအုံများပတ်လည်တွင် ရေဝပ်နေသည့်အခြေအနေ၊ ကွန်ကရစ်လမ်းပျက်စီးမှုများ၊ Theatre အဆောက်အအုံများ ပြင်ဆင်ပေးရန်လိုအပ်သည့်အခြေအနေ၊ ကျောင်းဝင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်၊ ယန္တရားများဖြင့် ရေထုတ်မြောင်းများ ဆောင်ရွက်နေမှုအခြေအနေကို အသေးစိတ် ကြည့်ရှုစစ်ဆေးကြသည်။

ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ဒဂုံတက္ကသိုလ်ရှိ အဆောက်အအုံများသည် နှစ်ကာလကြာမြင့်၍ ပျက်စီးနေခြင်းများကို တက္ကသိုလ်အင်္ဂါရပ်နှင့်ကိုက်ညီပြီး ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးတို့အတွက် ပြန်လည်ပြုပြင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျောင်းဧရိယာ၏ အနိမ့်ဆုံးအပိုင်းဖြစ်သည့် ပုဇွန်တောင်ချောင်းနှင့် နီးစပ်သော မြောက်ဘက်မြေကွက်လပ်တွင် ရေကန်များတူးဖော်၍ ရေစုပြီး ပန့်နှင့် စုပ်ထုတ်ခြင်းဖြင့် ရေလျှံရေဝပ်ခြင်းများကို ကာကွယ်နိုင်သည့်အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တစ်ပါတည်း ထည့်သွင်းလျာထားဆောင်ရွက်နိုင်ကြောင်း ပြောကြားသည်။

ထို့အတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်အတွင်း ရေလျှံရေဝပ်မှုကာကွယ်တားဆီးရန် ကျောင်းပတ်လည် ရေမြောင်းကြီးများ တူးဖော်ဆောင်ရွက်မည့်အခြေအနေ၊ လမ်းနှင့်ပလက်ဖောင်းများ ပြန်လည်ပြုပြင်မည့်အခြေအနေ၊ ကျောင်းအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်