ရန်ကုန် ဒီဇင်ဘာ ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်ဘူတာကြီးတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မီးရထားစီးခရီးသည်များအားလုံး ပါးစပ်နှင့် နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင် အသုံးပြုရေး လူထုလှုပ်ရှားမှုကို ယနေ့နံနက် (၉) နာရီက ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် ပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း မြို့ပတ်မီးရထားခရီးစဉ်များတွင် စီးနင်းလိုက်ပါသွားလာကြသူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်းမှ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး မီးရထားများပေါ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ပိုစတာများအား ကပ်ပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်သည့် မီးရထားစီးပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေပေးခြင်၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအား ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦးဆောင်၍ အစိုးရအဖွဲ့ဝင်များ ၊ မြန်မာ့ မီးရထားလုပ်ငန်းမှ တာဝန်ရှိသူများ၊ YRTA မှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန် ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)