ဖူလုံမှု၊ ဘေးကင်းမှုမှသည် မြင့်မားသော ဘဝအဆင့်အတန်းတစ်ခုဆီသို့
နိုင်ငံမှာ စားရေရိက္ခာဖူလုံမှုဟုဆိုရာမှာ စိုက်ပျိုးသီးနှံသာမက မွေးမြူရေး၊ ရေထွက်ကုန် အမယ်စုံဖူလုံနေမှသာ အဓိပ္ပာယ်နဲ့ကိုက်ညီမှာဖြစ်ပါတယ်။ စား၊ ဝတ်၊ နေရေးသုံးဖြာမှာ အရေးကြီးဆုံးဖြစ်တဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်ပြီး ဘေးကင်းတဲ့အစားအသောက်ကို လုံလုံလောက်လောက် မျှမျှတတစားသုံးနိုင်မှလည်း ကျန်းကျန်းမာမာနဲ့ အသက်ရှင်သန်မှာဖြစ်တယ်ဆိုတဲ့အတွက် စားရေရိက္ခာဖူလုံရေး (food security) နဲ့ ဘေးကင်းတဲ့အစားအစာ (food safety) ဆိုတာမှာ လူသားအားလုံးနဲ့ သက်ဆိုင်သွားပါတယ်။ မြန်မာလူမျိုးအားလုံးအတွက် ဖူလုံဖို့နဲ့ ဘေးကင်းဖို့ နှစ်ချက်လုံးနဲ့ဆိုင်နေတဲ့အပြင် ပြဿနာရှိနေတဲ့ အစားအစာတစ်ခုကို ညွှန်ပြပါဆိုရင်တော့ ကျွန်တော်တို့ရဲ့အစားအစာမှာ မရှိမဖြစ်ပါဝင်နေတဲ့ စားသုံးဆီကိုသာ တိုက်ရိုက်ညွှန်းရပါလိမ့်မယ်။
