အမြို့မြို့အနယ်နယ်သတင်းများ

Aug 26,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် အိန္ဒိယနိုင်ငံမှ လာရောက်သည့် MT CHEMBULK ULSAN သင်္ဘောပေါ်မှ သင်္ဘောသား (၁၉) ဦးနှင့် စင်္ကာပူနိုင်ငံမှလာရောက်သည့် MV-HARVEST SKY ပင်လယ်ကူးသင်္ဘောပေါ်မှ သင်္ဘောသား (၁၉) ဦး စုစုပေါင်းသင်္ဘောသား (၃၈) ဦး Sign off ထွက်လာရာ ယမန်နေ့ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
Aug 26,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၌ မသန်စွမ်းသူများအား နိုင်ငံတော်မှ ပေးအပ်သော ​ထောက်ပံ့ငွေများကို ယနေ့ တွင် တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Aug 26,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း မဲပေးရာတွင် အဆင်ပြေစေရေးအတွက် အသုံးပြုမည့် မဲရုံနေရာများ ကွင်းဆင်းကြည့်ရှုခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်အတွင်းရှိ စည်ပင်သာယာရေးဓမ္မာရုံနှင့် အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းတို့၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအီနွယ်လှိုင်ပူ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဥက္ကဋ္ဌ ဒေါ်မေမေသန်း၊ ပညာရေး ဌာနမှတာဝန်ရှိသူများနှင့် ရပ်ကွက်တာဝန်ခံတို့က ကွင်းဆင်းခဲ့ကြောင်း သိရသည်။
Aug 26,2020
မကွေးတိုင်းဒေသကြီး ၊ စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များရှိ လမ်းများအား သွားလာရေး ပိုမိုကောင်းမွန်စေရေးအတွက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အမှတ်(၁)ရပ်ကွက်ရှိ သီဟ-ဇေယျလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာခိုင်နှုန်းပြည့်  ပြီးစီးပြီဖြစ်ကြောင်း  သိရသည်။
Aug 26,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ခရီးသွားပြည်သူများနှင့် အဝေးပြေး ခရီးသည်တင်ယာဉ်များအား စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်က ဇီးကုန်းမြို့နယ်၌ ဆောင်ရွက်ခဲ့ကြသည်။
Aug 26,2020
ပဲခူးခရိုင်၊​ကျောက်တံခါးမြို့နယ်တွင် စိုက်ပျိုး​ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါးမျိုး​စေ့ထုတ်လုပ်​ဆောင်ရွက်သည့် ​တောင်သူများအား ကိုဗစ်-၁၉ စီးပွား​​ရေးကုစားမှုအစီအစဉ်(CERP)အရ​ ထောက်ပံ့​ငွေ​ပေးအပ်ပွဲကို ယမန်​နေ့၊ နံနက်ပိုင်းက မြို့နယ်အ​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ကျင်းပသည်။
Aug 26,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီခွဲမှ စတင်၍ ပညာပေး ဆောင်ရွက်လျက်ရှိရာ အဆိုပါပညာပေး လုပ်ငန်းများကို လူထူထပ်သော မြို့လည် အဝိုင်းတွင် လည်းကောင်း၊ မြို့မဈေးတွင် လည်းကောင်း၊ မိုးဗြဲတွင်လည်းကောင်း အဖွဲ့များခွဲ၍ ပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။