အမြို့မြို့အနယ်နယ်သတင်းများ

Aug 07,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယမန်နေ့ ညနေပိုင်းအချိန်က သစ်ပင်များ လမ်းမီးတိုင်များအပေါ်သို့ လဲပြိုကာ လူသွားလမ်းများ ပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန မှ သိရသည်။
Aug 07,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင်ချောင်းကျေးရွာ၊ ဆည်ပေါက်စံပြကျေးရွာ၊ ညောင်ကန်ကျေးရွာ၊ ပုပ္ပားကျေးရွာတို့သည် အရိပ်ရသစ်ပင်၊ စားပင်သီးပင်နှင့် ပန်းအလှပင်အမျိုးမျိုး ပျိုးထောင်စိုက်ပျိုးရောင်းချသည့်ကျေးရွာများဖြစ်ကြကာ ယခုနှစ်မိုးရာသီတွင် အနယ်နယ်အရပ်ရပ်မှ ပျိုးပင်ပေါက်လာရောက်ဝယ်ယူမှု များပြားလာခဲ့ပြီး ပျိုးထောင်ရောင်းချသည့် အိမ်တိုင်းရောင်းချရခြင်းကြောင့် အရိပ်ရသစ်ပင်မျိုးကုန်သည်အထိ ရောင်းချခဲ့ရကြောင်း ဆည်ပေါက်စံပြကျေးရွာ ပျိုးပင်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သည့် ဒေါ်သက်နှင်းဖြိုးထံက သိရသည်။
Aug 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ အသက် (၂)နှစ်အောက် ကလေးငယ် များအား ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့ နံနက်(၈) နာရီက စတင်၍ (ဋ)ရပ်ကွက်၊ (ဇ)ရပ်ကွက်တို့တွင် ပုံမှန်ကာကွယ်ဆေးများ၊ ထိုးနှံ/တိုက်ကျွေး ခဲ့ကြောင်း သိရသည်။
Aug 07,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်−၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan(CERP) ကျေးလက်ဒေသနေပြည်သူများ၏ မိသားစုဝင်များ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများကို ယမန်နေ့ နေ့လယ်ပိုင်းက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ (၃) ရွာသို့ ရန်ပုံငွေများထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Aug 07,2020
ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ(၉၀)ဦးအား Quarantine(၂၁)ရက် အနီးကပ်စောင့်ကြည့်မှု ခံယူရန် သြဂုတ်(၆)ရက် ည(၁၁)နာရီခွဲအချိန်ခန့်က ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဓမ္မမာမက သာသနာ့ရိပ်သာကျောင်းတိုက်သို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
Aug 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါကြောင့် စီးပွားရေး ထိခိုက်မှု သက်သာစေရေး စီမံချက်ဖြင့် မွေးမြူထုတ်လုပ်မှုနှင့် အလုပ် အကိုင်အခွင့်အလမ်းများ ပြန်လည် ဖော်ဆောင်ခြင်းဆိုင်ရာ ပညာပေးသင်တန်းများဖြစ်သည့် ဝက်မွေးမြူထုတ်လုပ်ရေးသင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန်က လေးထောင့်ကန်ကျေးရွာတွင် ဖွင့်လှစ်ခဲ့သည်။
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ပြည်ပပြန်(၃)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲ အတည်ပြုနိုင်ရေးအတွက် နှာခေါင်း၊ အာခေါင်တို့ဖတ် ဓာတ်ခွဲ နမူနာများရယူ‌မှုကို ယနေ့ နံနက်က မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာကျော်နိုင် ဦးဆောင်သော တာဝန်ရှိသူများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Aug 07,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၂၁၅၀၀ စုအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ပေါင်း(၄၃၀၀) ကို တတိယအကြိမ်အဖြစ် ဩဂုတ် ပထမပတ်က မြို့နယ်အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနရုံး၌ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှုးများထံ လွှဲပြောင်းပေး အပ်ခဲ့ကြောင်းသိရသည်။