အမြို့မြို့အနယ်နယ်သတင်းများ

ဘိုကလေးမြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဘိုကလေးမြို့နယ်၊ မဟာသီဝံကန်တော်ကြီး၌ ယနေ့နံနက်(၈)နာရီ အချိန်တွင် မြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့သည်။

လပွတ္တာမြို့၌ အာဟာရနှင့်ကျန်းမာရေးအမူအကျင့်ဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ အာဟာရနှင့်ကျန်းမာရေးအမူအကျင့်ဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်က လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်အရ  နိုင်ငံသားစိစစ်ရေးကတ်နှင့် ဇီဝဆိုင်ရာ အချက်အလက်များ ပြုလုပ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နယ်စပ်တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်မှ စတင်၍ အသက်(၁၀)နှစ် ပြည့်မှီပြီးသည့် ကျောင်းသား/သူ(၇၀)ဦးအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်အောင်ထွန်းနှင့် ဝန်ထမ်းများက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်အရ One Stop Service ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်နှင့် ဇီဝဆိုင်ရာ အချက်အလက်များ ပြုလုပ်ပေးသည်။

ဒေးဒရဲမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပါတ်များထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးက ယမန်နေ့နံနက်ပိုင်းတွင် မှော်အိုင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ဒေးဒရဲမြို့၌ ၂၀၂၆-၂၀၂၇၊ မိုးစပါးရာသီ၊ Rice Export Zone ဆောင်ရွက်သော တောင်သူများအား  စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ Rice Export Zone ဖြင့် ဆောင်ရွက်သော မိုးစပါးစိုက်ပျိုးတောင်သူများအား စပါးအထွက်နှုန်းနှင့် အရည်အသွေးတိုးတက်စေရေးအတွက်  လိုအပ်သော စိုက်ပျိုးစရိတ်များအား ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Exporter ကုမ္ပဏီများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား "လမင်းစီမံချက်" ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) "လမင်းစီမံချက်" ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

စဉ့်ကိုင်မြို့၌ ကျောက်ဆည်တက္ကသိုလ် (၂၄) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ကျောက်ဆည်တက္ကသိုလ်၏ (၂၄) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အဆိုပါတက္ကသိုလ်ရှိ  ဧကရာဇ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့‌ဝေ၊ ဒုတိယပါမောက္ခချုပ်များ၊ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ နည်းပြ၊ သရုပ်ပြများ၊ သုတေသနစာတမ်း တင်သွင်းဖတ်ကြားမည့် စာတမ်းရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကျွန်းစုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်း

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ‌၄၅ ရက်သင်တန်းကို ဖွင့်လှစ်သင်ကြားပြီဖြစ်၍ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၁ နာရီက ကမ်းကြီးကျေးရွာ၌ ကျင်းပသည်။

ပြင်ဦးလွင်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကျင်းပ

၂၀၂၆ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက်၁၀နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ကျောက်ဆည်တက္ကသိုလ် ၂၄ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ကျောက်ဆည်တက္ကသိုလ် ၂၄ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ပင်မဆောင်၌ ပြုလုပ်သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ