Skip to main content

သီပေါမြို့နယ်တွင် အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်း၍ မိုးသီးများ ကြွေကျခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပွား

သီပေါ  ဇန်နဝါရီ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့ည (၉)နာရီ (၁၅)မိနစ် အချိန်က အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်း၍ မိုးသီးများ ကြွေကျခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပွားခဲ့သည်။

အဆိုပါ မိုးသက်လေပြင်းကျရောက်မှုကြောင့် သီပေါမြို့နယ်အတွင်း လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိပြီး သီပေါမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာနှင့် ဟိုနောင် ကျေးရွာများတွင် လူနေအိမ်များ၊ ကျေးလက်ဆေးပေးခန်းနှင့် စာသင်ကျောင်းဆောင်များ အမိုးလန်မှု ဖြစ်ပွားခြင်း၊ ဆွန်လုံကျေးရွာအုပ်စု၊ ဆွန်လုံကျေးရွာတွင် လူနေအိမ်များ၊ ဘုန်ကြီး ကျောင်းနှင့် စာသင်ကျောင်းဆောင်များ အမိုးလန်မှုများ ဖြစ်ပွားခဲ့သည်။

မိုးသက်လေပြင်း ကျရောက်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် အမိုးလန်မှုများ ဖြစ်ပွားခဲ့သည့် နေရာများတွင် သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့များမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ပျက်စီးဆုံးရှုံးမှုများအား စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ ပြန်/ဆက်)