နေပြည်တော် ဇန်နဝါရီ ၂
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ပထမနေ့ကို ယနေ့နံနက် ၈နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ စတင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ လှည့်လည်ကြည့်ရှု အားပေးသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းက ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ တာဝန်ရှိသူများနှင့်အတူ ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမသို့ ရောက်ရှိလာပြီး ခန်းမပြင်ပ သတ်မှတ်နေရာများ၌ ကျောက်စိမ်း အတွဲများ ခင်းကျင်းပြသထားရှိမှု၊ ခန်းမအတွင်း၌ ကျောက်မျက်အတွဲများ ခင်းကျင်းပြသထားရှိမှုနှင့် ကျောက်မျက်နှင့် ကျောက်စိမ်း အတွဲများအား ရတနာကုန်သည်များ လွတ်လပ်စွာ စိတ်ကြိုက်ကြည့်ရှု ရွေးချယ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုရာ ပြပွဲဗဟိုကော်မတီဝင်များနှင့် မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ရောင်းချပွဲ ပထမနေ့တွင် နံနက်ပိုင်းမှစတင်၍ ပြည်တွင်း ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်းနှင့် ခန်းမပြင်ပ သတ်မှတ်နေရာများ၌ ခင်းကျင်းပြသထားသည့် ကျောက်မျက်အတွဲများနှင့် ကျောက်စိမ်းအတွဲများကို မိမိတို့စိတ်ကြိုက် လွတ်လပ်စွာ လှည့်လည်ကြည့်ရှုရွေးချယ်၍ ဈေးနှုန်းအဆိုပြုလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ယခုရောင်းချပွဲကို ဇန်နဝါရီ ၂ ရက်မှ ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကျောက်မျက်အတွဲ (၂၈၆) တွဲနှင့် ကျောက်စိမ်းအတွဲ (၃၆၉၅) တွဲကို ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်သည်။ ကျောက်မျက်အတွဲ (၂၈၆) တွဲကို ဇန်နဝါရီ ၄ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ကျောက်စိမ်းအတွဲ အမှတ်(၁)မှ အတွဲအမှတ် (၁၂၅၀) အထိ ကျောက်စိမ်းအတွဲပေါင်း (၁၂၅၀) တွဲကို ဇန်နဝါရီ ၅ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲ အမှတ် (၁၂၅၁)မှ အတွဲအမှတ်(၂၅၀၀)အထိ ကျောက်စိမ်း အတွဲပေါင်း (၁၂၅၀) တွဲကို ဇန်နဝါရီ ၆ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲ အမှတ်(၂၅၀၁)မှ အတွဲအမှတ်(၃၆၉၅)ထိ ကျောက်စိမ်းအတွဲပေါင်း (၁၁၉၅) တွဲကို ဇန်နဝါရီ ၇ ရက်တွင် လည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုရောင်းချပွဲသို့ ပြည်တွင်းရတနာကုန်သည်များသာ တက်ရောက်ခွင့်ရှိပြီး တက်ရောက်ခွင့်ရသည့် ရတနာကုန်သည်များသည် အာမခံစပေါ်ငွေကို ကြိုတင်ပေးသွင်းရန်လိုအပ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ၌ ခင်းကျင်းပြသထားသည့် ကျောက်မျက်အတွဲများတွင် ကြမ်းခင်းဈေးအမြင့်ဆုံးသည် ငွေကျပ်သိန်း (၁၈၀၀) ဖြစ်ပြီး ကြမ်းခင်းဈေးအမြင့်ဆုံး ကျောင်းစိမ်းအတွဲသည် ငွေကျပ်သိန်း (၁၀၀၀) ဖြစ်ကြောင်း သိရသည်။
မော်စီ(သတင်းစဉ်)