Skip to main content

တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တက်ရောက်ကြမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ

နေပြည်တော်  ဇန်နဝါရီ  ၂၉
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်း အဝေး တက်ရောက်ကြမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် လွှတ်တော်အဆောက်အဦရှိ ထမင်းစားခန်းမဆောင်၌ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ထိုးနှံပေးကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုကြသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့်စပ်လျဉ်း၍ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး က “ဒီနေ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို ကာကွယ်ဆေးထိုးပေးတာ ဖြစ်ပါတယ်။ အခုဆေးလာထိုးတဲ့ ကိုယ်စားလှယ် တွေကို သူတို့နေပြည်တော်ကိုရောက်တဲ့ ၂၃ ရက်က တစ်ကြိမ်၊ ၂၈ ရက်က တစ်ကြိမ် Swab Test ယူပြီး ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးထားပြီးဖြစ်ပါတယ်။ နှစ်ကြိမ်လုံး Negative ဖြစ်ထားတဲ့ ကိုယ်စားလှယ်တွေကို ဆေးထိုးပေးနေတာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးတဲ့အခါမှာလည်း ဆေးမထိုးခင် ကျွန်တော်တို့က သွေးပေါင်ချိန်တိုင်းတယ်။ အပူချိန်တိုင်းတယ်။ သွေးထဲမှာပါဝင်တဲ့ အောက်ဆီဂျင် ပမာဏကို တိုင်းတယ်။ လိုအပ်ရင် သက်ဆိုင်ရာ သမားတော်တွေနဲ့ ပြပေးပါတယ်။ ဆေးထိုးလို့ရတယ်ဆိုမှ ကျွန်တော်တို့ဆေးထိုးပေးပါတယ်။ ဆေးထိုးပြီးတဲ့ အခါမှာလည်း ကိုယ်စား လှယ်ကြီးတွေကို နာရီဝက်စောင့်ဆိုင်းပြီး အန္တရာယ်မရှိဘူးဆိုတော့မှ အဆောင်ကို ပြန်စေပါတယ်။ အဆောင်မှာလည်း လိုအပ်တဲ့ Medical Cover ဆောင်ရွက်ပေးထားပါတယ်။
“နေပြည်တော်မှာ အင်အား ၃၀၀၀ ကျော် ကာကွယ်ဆေးထိုးပြီး သွားပါပြီ။ ဆေးထိုးပြီးသွားတဲ့အခါ ဘာတွေခံစားရလဲဆိုတာ အမြဲစောင့် ကြည့်ပေးနေပါတယ်။ ဆိုးဆိုးရွားရွား Pressure ကျသွားတာ၊ နှလုံးခုန်မမှန် တာမျိုးဖြစ်တာကိုတော့ မတွေ့ရပါ ဘူး။ ကာကွယ်ဆေးထိုးပြီးနောက်ပိုင်း ပြန်ပြီးမေးကြည့်တဲ့ အခါမှာ တော်တော်များများ ဆိုးဆိုးရွားရွား ခံစားရတာမရှိပါဘူး။ ကိုယ်လက် ညောင်းတာ၊ ကိုက်တာ၊ မအီမသာ ဖြစ်တာ၊ ဖျားသလိုလို၊ ကိုက်သလိုလို ဖြစ်တာတွေရှိတယ်လို့ သိရပါတယ်။ အဲဒီလိုဖြစ်တာတွေ ရှိတယ်ဆိုပြီး အရေ အတွက်အားဖြင့် လူ ၃၀၀၀ ကျော်မှာ ၆၀၀ လောက် သတင်းပို့ကြပါတယ်။
“ကာကွယ်ဆေး တစ်မျိုးမျိုးကို ပြည်သူတွေကြားထဲမှာ အသုံးပြုတော့ မယ်ဆိုရင် နှစ်ခုစဉ်းစားရပါတယ်။ ပထမအချက်ကတော့ ဒီဆေးရဲ့ အရည်အသွေးကောင်း၊ မကောင်း၊ အာနိသင်ရှိ၊ မရှိပါ။ ဒုတိယတစ်ချက် ကတော့ ဒီဆေးထိုးလိုက်လို့ အန္တရာယ်မဖြစ်ဖို့ပါ။ ကျွန်တော်တို့ အတွေ့အကြုံအရတော့ ဒီဆေးထိုးတဲ့ အချိန်မှာ Safety တော်တော်ကောင်း ပါတယ်။ ဒါကြောင့် ဒီဆေးရဲ့ Safety ကိုတော့ ပြည်သူတွေအနေနဲ့ စိုးရိမ် ပူပန်မှုမရှိပါနဲ့၊ ထိုးလို့ရပါတယ်” လို့ ပြောချင်ပါတယ်။
“ဆေးထိုးပြီးတဲ့အခါမှ ၂၄ နာရီ တော့ စောင့်ကြည့်ရမယ့် အနေအထားပါ။ ကိုယ်လက်မအီမသာဖြစ်ရင် Paracetamol, Cetirizine စတဲ့ ဆေး တွေကို သောက်ဖို့လည်း အကြံပြုထား ပါတယ်။ ဒီအချိန်မှာတော့ပုံမှန်စားပါ၊ ရေများများသောက်ပါ၊ အာဟာရဖြစ်အောင် ဗီတာမင်စီ များများစားပါ၊ အိပ်ရေးဝအောင်အိပ်ပါလို့ အကြံပြု ချင်ပါတယ်” ဟု ပြောသည်။
ယနေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၁၅ ဦး ကာကွယ် ဆေးထိုးနှံကြပြီး ဇန်နဝါရီ ၃၀ ရက် တွင် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ၁၆၀ ကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ထိုးနှံ ပေးမည်ဖြစ်ကြောင်း သိရသည်။
လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်ကြမည့် ကိုယ်စားလှယ်များအား သက်ဆိုင်ရာ လွှတ်တော်ရုံးများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများကို တစ်ဦးချင်း ဖြန့်ဝေပေး ထားကြောင်း သိရသည်။
ထို့ပြင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် တာဝန် ထမ်းဆောင်ကြသည့် အရာထမ်းနှင့် အမှုထမ်း ဝန်ထမ်းများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး COVI-SHIELD ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
သတင်း- မျိုးမင်းနိုင်
ဓာတ်ပုံ- စိုးဝင်းထွန်း