Skip to main content

နိုင်ငံ့ဝန်ထမ်းနှင့် နိုင်ငံရေး

“ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်”ဆိုသော ဆောင်ပုဒ်ကို ဝန်ထမ်းတိုင်းလိုလို သိရှိကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်၊ တစ်နည်းအားဖြင့် နိုင်ငံကောင်းစေရန်အတွက် ဝန်ထမ်းကောင်းများဖြင့် တည်ဆောက်ကြရခြင်းဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတာဝန်ကို အဓိကထမ်းဆောင်ကြသူများမှာ အစိုးရအဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသည်။ နိုင်ငံကို အုပ်ချုပ်သည့် အစိုးရအဖွဲ့က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ပေးပြီး နိုင်ငံ့ဝန်ထမ်းများက ထိုမူဝါဒများအတိုင်း အကောင်အထည်ဖော်ပေးကြရခြင်း ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၏ အစိုးရအဖွဲ့များမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုထားသည့် ကာလအတိုင်းအတာတစ်ရပ်အတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ မူဝါဒများကို နိုင်ငံ့ဝန်ထမ်းများအား ချမှတ်အကောင်အထည်ဖော်ကြရာတွင် ကျွမ်းကျင်မှု၊ ဇွဲလုံ့လဝီရိယနှင့် နိုင်ငံအပေါ် သစ္စာစောင့်သိမှုတို့ဖြင့်ဆောင်ရွက်ကြရခြင်း ဖြစ်သည်။ မည်သည့်အစိုးရတက်တက်၊ မည်သည့် မူဝါဒချမှတ် ချမှတ် နိုင်ငံ့ဝန်ထမ်းတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေတို့ကို လေးစားလိုက်နာကြရပြီး မိမိတို့အား ပေးအပ်ထားသည့် တာဝန်နှင့် ဝတ္တရားတို့ကို ကျေပွန်စွာ၊ ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ကြရသည်။ နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမည့် စာအုပ်စာတမ်းများ ရေးသားခြင်း သို့မဟုတ် ဖြန့်ဝေခြင်း၊ နိုင်ငံတော် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် လှုပ်ရှားမှုတစ်ခုတွင် ပါဝင်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီခြင်း တို့ကိုလည်း ရှောင်ကြဉ်ကြရသည်။ ပါတီနိုင်ငံရေး ကင်းရှင်းရန် ချမှတ်ထားသည့် စည်းကမ်းများကိုလည်း လိုက်နာကြရသည်။ ဝန်ထမ်းများ စည်းကမ်းလိုက်နာခြင်း၊ ကျင့်ဝတ်စောင့်ထိန်းခြင်း၊ တာဝန်ထမ်းဆောင်ခြင်းတို့မှာ တက်လာသည့်အစိုးရတို့၏ မူဝါဒများ၊ အမိန့်၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများအတိုင်း ကိကျစွာ လိုက်နာဆောင်ရွက်ကြရခြင်း ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုပြုနိုင်သည့် မဲစာရင်းနှင့်ပက်သက်ပြီး အငြင်းပွားဖွယ်ကိစ္စရပ်များကို သက်ဆိုင်ရာတို့က ဖြေရှင်းပေးရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့ခြင်းကို အကြောင်းပြု၍ တပ်မတော် ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပေါ်ပေါက်လာခဲ့ရပြီးသည့်နောက် ပြင်ပမှ လှုံ့ဆော်မှုများ နောက်သို့ ဝန်ထမ်းအစိတ်အပိုင်းအချို့ လိုက်ပါသွားခဲ့ကြသည်။ အချို့က စိတ်ခံစားမှုကြောင့်၊ အချို့က ဆွဲဆောင်စည်းရုံးမှုများကို ယုံကြည်မှုကြောင့်၊ အချို့ကဖိအားများကို စိုးရိမ်ကြောက်ရွံ့မှုကြောင့်၊ အချို့က ကိုယ်တိုင်သိနားလည်မှု မရှိဘဲ သူတစ်ပါးတိုက်တွန်းမှုကြောင့် စသည်ဖြင့် နိုင်ငံ့ဝန်ထမ်း တာဝန်များကိုငြင်းဆန်စွန့်ပစ်သည့် လှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြသည်။ မြန်မာနိုင်ငံလွတ်လပ်ရေး အကြိုကာလ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလအစိုးရလက်ထက်မှသည် မျက်မှောက်ခေတ်အထိ ခေတ်သစ်မြန်မာ့သမိုင်းတွင် နိုင်ငံ့ဝန်ထမ်းများ၊ စက်ရုံ အလုပ်ရုံ အလုပ်သမားများ၊ ကျောင်းသားများ၊ ရဟန်းသံဃာများ တို့၏ လောကအသီးသီးသို့ လက်ဝဲလက်ယာနိုင်ငံရေးသမားများ ထိုးဖောက်ဝင်ရောက်မွှေနှောက်ကာ နိုင်ငံတုန်လှုပ်ချောက်ချားရေး၊ တည်ဆဲအစိုးရ ဘေးကျပ် နံကျပ်ဖြစ်ကာ ပြုတ်ကျရေးအတွက် ဝန်ထမ်း၊ အလုပ်သမား၊ ကျောင်းသား၊ ဘုန်းကြီးတို့ကို အသုံးချလေ့ရှိသည်ကို ပြန်လည်လေ့လာကြည့်ပါက တွေ့ရှိနိုင်မည်ဖြစ်သည်။ ပုံမှန်အားဖြင့် နိုင်ငံ့ဝန်ထမ်းများ ကိုယ့်တာဝန်ကိုယ် ကျေပွန်စွာ ထမ်းဆောင်ခြင်းသည် နိုင်ငံရေးပင် ဖြစ်သည်။ ရွေးကောက်ပွဲကာလ တွင်ရောင်စုံပါတီများထဲမှမိမိနှစ်သက်ရာလွှတ်တော်ကိုယ်စားလှယ် လောင်းကို မဲပေးခြင်းသည် မိမိ၏ နိုင်ငံသားအခွင့်အရေးဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သည့်အတိုင်း အစိုးရအမှုထမ်း အရာထမ်းဟူသည် ကိုယ့်ဝတ္တရားကိုယ် ကျေပွန်အောင်ထမ်းဖို့သာဖြစ်ပြီး ဟိုလူကို ကြောက်သလိုလို၊ ဒီလူကို ကြောက်သလိုလို၊ ဟိုလူ့ကို မျက်နှာချိုသွေးချင်သလိုလို၊ ဒီလူ့ကို မျက်နှာချိုသွေးချင် သလိုလိုလုပ်ရန် မဟုတ်ဆိုသည်ကို စွဲမြဲစွာ မှတ်သားကျင့်သုံးကြရန်သာ တိုက်တွန်းလိုပါကြောင်း။ ။ မြန်မာ့အလင်း အယ်ဒီတာ့အာဘော်