Skip to main content

မိုင်းဖြတ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် လားဟူတိုင်းရင်းသားလူမျိုးတို့၏ နှစ်သစ်လက်ဆေးမင်္ဂလာများ လိုက်လံဂါရဝပြု

 

မိုင်းဖြတ်     ဇန်နဝါရီ   ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် လားဟူတိုင်းရင်းသားများ၏ နှစ်သစ်ကူး ကျရောက်ပြီဖြစ်၍ ဓလေ့ထုံးတမ်းအစဉ်အလာများအရ သက်ကြီးမိဘများ၊ ဌာနဆိုင်ရာအကြီးအကဲများ အား နှစ်သစ်ကူး လက်ဆေးမင်္ဂလာပြုလုပ်ခြင်းများကို ဇန်နဝါရီလ ၂ ရက်နေ့က လိုက်လံရိုသေဂါရဝပြုခဲ့ကြောင်း သိရသည်။

ထိုသို့ နှစ်သစ်ကူး လက်ဆေးမင်္ဂလာများ ကျင်းပပြုလုပ်ပေးရာတွင် ဝမ်ဟွေရပ်ကွက်မှ လားဟူတိုင်းရင်းသား ညီအကိုမောင်နှမများက သက်ကြီးမိဘများ၊ ဌာနဆိုင်ရာအကြီးအကဲများ၏ နေအိမ်များသို့ သွားရောက်၍ အိုးစည်ဗုံပေါင်းများတီးခတ်ကာ လူကြီးမိဘများအတွက် လက်ဆောင်အဖြစ် ယူဆောင်လာသည့် နှစ်သစ်ကူးရိုးရာအစားအစာ ခေါပုတ်ကို အလယ်တွင်ထား၍ တိုင်းရင်းသားရိုးရာအကများဖြင့် ဝိုင်းဖွဲ့ကပြကြသည်။ ဝိုင်းဖွဲ့ကပြနေစဉ် လူငယ်များက နှစ်သစ်ကို ကြိုဆိုသောအားဖြင့် ဗျောက်အိုးများ ပစ်ဖောက်ကြသည်။  ထို့နောက်   လူကြီးမိဘများကို လက်ဆေးမင်္ဂလာပြုပေးခဲ့ကြသည် အဆိုပါ လက်ဆေး မင်္ဂလာပြုလုပ်ပေးခြင်းသည် နှစ်ဟောင်းမှအညစ်အကြေးများကို  နှစ်သစ်သို့ယူဆောင်မသွားစေရေးအတွက် ဆေးကြောခြင်း၊ လူကြီးမိဘများကို နှစ်သစ်တွင် အရိုသေဂါရဝပြုခြင်းများဖြစ်ပြီး နှစ်သစ်တွင် တစ်ဦးနှင့် တစ်ဦး ပြန်လည်ဆုံတွေ့ခြင်း စသည့်အထိမ်းအမှတ်ဖြစ်ပေသည်။

ယင်းနောက် လက်ဆေးမင်္ဂလာများပြုပေးကြသည့် လားဟူတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအား လူကြီးမိဘများက အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ပြီး တစ်ဦးနှင့်တစ်ဦး လက်ဆွဲနှုတ်ဆက် ကာ လားဟူတိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများက နှစ်သစ်ကို ကြိုဆိုခဲ့ကြကြောင်း သိရသည်။

 

 သန်းထွန်းအေး(ပြန်/ဆက်)