Skip to main content

တောင်တန်းဒေသ လူမှုစီးပွားမြှင့်တင်ပြောင်းလဲ

၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုစစ်တမ်း အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည်။ ယခုထုတ်ပြန်သည့် အစီရင်ခံစာသည် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးတို့ ပူးပေါင်းတိုင်းတာ၍ ရရှိခဲ့သည့် ၂၀၁၉ ခုနှစ် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု စစ်တမ်းကောက်ယူခြင်း ရလဒ်များကို တင်ပြသည့်အစီရင်ခံစာ ဖြစ်သည်။ အဆိုပါစစ်တမ်းအရ မြန်မာနိုင်ငံ၌ တရားမဝင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုသည် ၂၀၁၄ ခုနှစ်မှစတင်၍ ယခုနှစ်အထိ ပြန်လည်ကျဆင်း ခဲ့ကြောင်း သိရသည်။

အဆိုပါအစီရင်ခံစာသည် မြန်မာနိုင်ငံအတွက် ကောင်းသောအကျိုး ရလဒ်များကို ဆောင်ကြဉ်းပေးနိုင်သည်ဟု ဆိုရမည်ဖြစ်သည်။ မူးယစ်ဆေးဝါး အမျိုးမျိုးထုတ်လုပ်ရာ၌ အဓိကကုန်ကြမ်းဖြစ်သည့် ဘိန်းထုတ်လုပ်မှုကို မြန်မာနိုင်ငံအနေဖြင့် ယခင်က ကမ္ဘာပေါ်တွင် ဒုတိယအဆင့်ရှိခဲ့ရာမှ ယခု ကာလတွင် တတိယအဆင့်သို့ လျော့ကျရောက်ရှိသွားပြီဖြစ်ကြောင်း ယခု အစီရင်ခံစာအရ မြန်မာပြည်သူများသာမက ကမ္ဘာ့ပြည်သူများပါ သိရှိကြရပြီ ဖြစ်သည်။ ဘိန်းစိုက်ပျိုးမှုကို လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တောင်တန်း ဒေသများဖြစ်သည့် ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် စိုက်ပျိုးခဲ့ကြသည်။

တောင်တန်းဒေသများတွင် ဘိန်းစိုက်ပျိုးသူ ဒေသခံတိုင်းရင်းသား တောင်သူများမှာ အသိအမြင် ဗဟုသုတ နည်းပါးသောကြောင့် မိမိတို့၏ စားဝတ်နေရေး အကျိုးတစ်ခုတည်းကို ကြည့်ကာ စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ သို့သော် မူးယစ်ဆေးဝါးကြောင့် သုံးစွဲသူတစ်ဦးတွင်သာမက မိဘဆွေမျိုး အသိုက်အဝန်းအားလုံးပါ ဆုံးရှုံးနစ်နာမှုများ ဖြစ်ရသည့်အပြင် လူ့ဘောင် အဖွဲ့အစည်းကြီး တစ်ခုလုံး ပျက်စီးဆုံးရှုံးအောင် ဖန်တီးနေခြင်းဖြစ်၍ ယင်းကို တိုက်ဖျက်နှိမ်နင်း တားဆီးနေခြင်းဖြစ်သည်။

ကြုံတွေ့နေရသော မူးယစ်ဆေးဝါးပြဿနာ၏ ဇာစ်မြစ်နှင့် ဖြစ်ပေါ်နေမှုများအား ဖြေရှင်းရန် နည်းလမ်းများကို ရှင်းလင်းစွာ သိမြင်နားလည်လာလျှင် မူးယစ်ဆေးဝါး ပြဿနာများကို တဖြည်းဖြည်း လျှော့ချနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် သူ့ကျွန်ဖြစ်သည့် အချိန်မှစ၍ လွတ်လပ်ရေးရပြီး သည့် အချိန်အထိ ဆိုးမွေများရရှိခဲ့သည်ကို အားလုံးအသိပင် ဖြစ်သည်။ ရရှိခဲ့သော ဆိုးမွေများအနက် ယနေ့အချိန်အထိ ခံစားနေရသော ဆိုးမွေတစ်ခုမှာ ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုဖြစ်သည်။ ဘိန်းအက်ဥပဒေကို ၁၉၀၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော်လည်း ချင်း၊ ကချင်နှင့် ရှမ်းပြည်နယ်တွင် အာဏာသက်ရောက်ခြင်း မရှိပေ။ တောင်တန်း၊ ပြည်မ ခွဲခြားအုပ်ချုပ်သော စနစ်တွင် ၎င်းပြည်နယ်မှ တိုင်းရင်းသားတစ်ဦးလျှင် ဘိန်းစေ့ပမာဏတစ်ခု လက်ဝယ်ထားခွင့်ပြုမှုနှင့် ဘိန်းဆိုင်များဖွင့်လှစ်ခွင့် ပြုခဲ့မှုကြောင့် ဘိန်းစိုက်၊ ဘိန်းသုံးစွဲမှု အမြစ်စွဲလာခဲ့ခြင်း ဖြစ်သည်။

အစိုးရအဆက်ဆက်က ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုကို အရှိန်အဟုန်ဖြင့် တိုက်ဖျက်နှိမ်နင်း လာခဲ့သော်လည်း လမ်းပန်း ဆက်သွယ်ရေးခက်ခဲပြီး တောတောင်ထူထပ်သည့် တောင်တန်းဒေသများတွင် ဘိန်းနှင့် မူးယစ်ဆေးဝါး အမြစ်မပြတ်သေးသည့်အပြင် နိုင်ငံအတွင်း မူးယစ်ဆေးဝါးများ ပျံ့နှံ့ရောက်ရှိလာသည်ကို မြင်တွေ့ကြားသိရမည် ဖြစ်သည်။ ဘိန်းနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအစီအစဉ်ကို မြန်မာနိုင်ငံ အစိုးရနှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကဏ္ဍတို့ ပူးပေါင်း လက်မှတ်ရေးထိုးပြီး အရှိန်အဟုန်မြှင့် တားဆီးကာကွယ်လျက်ရှိရာ ယခုကဲ့သို့ အောင်မြင်မှုများ ရရှိလာသည်ကို ဆက်လက် အရှိန်အဟုန် မြှင့်တင်၍ အမျိုး သားရေးအသွင်ဖြင့် စုပေါင်းကာကွယ်တိုက်ဖျက် နှိမ်နင်းကြရမည် ဖြစ်သည်။

အဓိကမှာ စိုက်ပျိုးသူရှိ၍ ထုတ်လုပ်သူရှိပြီး ထုတ်လုပ်မှုရှိ၍ ရောင်းဝယ် ဖောက်ကား သုံးစွဲသူများရှိလာသည်ဖြစ်ရာ စိုက်ပျိုးခြင်းကို အမြစ်ဖြတ်၍ ရောင်းဝယ်ဖောက်ကား သုံးစွဲမှုများကို အပြီးတိုင် ချုပ်ငြိမ်းအောင် ကြိုးစား အားထုတ်ရမည် ဖြစ်သည်။ ယခုအခါ အစားထိုး ဖွံ့ဖြိုးရေး အထူးစီမံကိန်း Pilot Project အဖြစ် သတ်မှတ်၍ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်၍ ဘိန်းအစားထိုး ဖွံ့ဖြိုးရေး အစားထိုး သီးနှံစိုက်ပျိုးခြင်းနှင့် မွေးမြူရေးလုပ်ငန်းများကို ဈေးကွက်ရရှိရေးနှင့် အခြားဝင်ငွေရရှိရေးကိုပါ ဖော်ဆောင်ပေးလျက် ရှိသည်။

သို့ဖြစ်ရာ ဘိန်းစိုက်ပျိုးမှုကို ပြောင်းလဲပြုပြင်၍ တောင်တန်းဒေသ တိုင်းရင်းသားပြည်သူများ လူမှုစီးပွား မြင့်မားတိုးတက်လာရေး အစီအစဉ်များ အောင်မြင်ဖြစ်ထွန်းလာစေရေး ဆောင်ရွက် ပေးသည့် အစီအမံများသည် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောရေးကို အထောက်အကူ များစွာ ဖြစ်၍ နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။