Skip to main content

ရင်သွေးငယ်တို့ပညာရေး မိဘပြည်သူ ဝိုင်းဝန်းကူ

ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်။ ပညာသင်သည့်အရွယ်တွင် ပညာကို တက်မြောက်အောင် သင်နိုင်ပါမှ နောင်ဆက်လက်ရှင်သန် ရမည့်ဘဝတစ်လျှောက်လုံးမှာ ပညာကိုအသုံးချကာဘဝရပ်တည်ရေး၊ အောင်မြင်ရေးတို့အတွက် အာမခံချက်ရှိမည်။ သို့ခံယူကြသည့်အလျောက် မိဘတိုင်းက မိမိတို့သားသမီးများ ပညာတတ်မြောက်နိုင်ရေး၊ အဆင့်မြင့်ပညာရပ်များသင်ယူနိုင်ရေးအတွက် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးပမ်းကြသည်။ အချို့တက်နိုင်သူများက ငွေကုန် ကြေးကျခံကာ ပညာနောက်သို့ အမောတကော ပြေးလွှားလိုက်ကြ သည်။ သားသမီးချင်းပြိုင်ဆိုင်ကြကာ နောက်ကွယ်မှ မိဘတို့လည်း ပြိုင်ဆိုင်ကြသည်။ သို့ရာတွင်ဤမြင်ကွင်းများက မြို့ကြီးပြကြီးပေါ်မှ မြင်ကွင်းမျှသာဖြစ်သည်။

မြန်မာနိုင်ငံ၏ လူဦးရေအများစုဖြစ်သော ကျေးလက်ဒေသများ၊ ကျေးလက်နှင့် ဆက်စပ်နေသော ဒေသများတွင်မူ အထက်ကမြင်ကွင်းမျိုးနှင့် ခြားနားသည်။ ပညာကို ခဲခဲယဉ်းယဉ်း သင်ယူနေကြရသည့် အခြေအနေမျိုး အများစုမှာ ကျေးလက်များဖြစ်ကြသည်။ ရွာသိမ်၊ ရွာငယ်များ၊ ကဲတိုက်များမှ ဥပဓိရုပ်ချို့တဲ့လှသည့် ကျောင်းလေးများ၊ မိသားစုအခက်အခဲများစွာကြားမှ ချို့ချို့တဲ့တဲ့ပညာသင်ယူနေရသည့် ကလေးငယ်များရှိသည်။ ကျောင်းနေရမည့်အရွယ် ကလေးငယ်တစ်ဦးသည် ဆင်းရဲနွမ်းပါးသည့် မိသားစုမှဆိုလျှင်သူသည် မိသားစုအတွက် ဝင်ငွေရရာရကြောင်း ဝိုင်းဝန်းလုပ်ကိုင်နေရသူများလည်း ဖြစ်နေလေ့ရှိသည်။ အခြေခံပညာအဆင့်တွင် အခမဲ့ပညာရေးဖြစ်သည့်တိုင် အချိန်ပေး၍ ကျောင်းသို့မလာနိုင်ကြ။ ဘဝ၏ အနာဂတ်အတွက် ပစ္စုပ္ပန်ကို မရင်းနှီးနိုင်ကြ။ မြန်မာနိုင်ငံတွင် သူငယ်တန်းမှစတင်၍ ကျောင်းဝင်လာသူ ကျောင်းသူ ကျောင်းသားအရေအတွက်သည် အလယ်တန်းသို့ မရောက်မီမှာပင် အမြောက်အမြားကျောင်းထွက် သွားကြခြင်းမှာ ဆင်းရဲမွဲတေမှုကြောင့်လား၊ သို့မဟုတ် အခြား မည်သည့်အကြောင်းများကြောင့်နည်းဆိုသည်ကို သုတေသနပြုလုပ်ပြီး ကုစားသွားရန် လိုအပ်လှသည်ဟု ယူဆမိသည်။

အခြေခံပညာအဆင့်တွင် တန်းစဉ်ကူးပြောင်းမှုနှင့် ပညာတတ်မြောက်မှုကို များစွာနည်းပါးနေခြင်းနှင့် စပ်လျဉ်း၍ ဧပြီ ၆ ရက်က နေပြည်တော်၌ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် “ပညာရေးစနစ်၌ ကန်းစဉ်ကူးပြောင်းမှု၊ အတန်းပညာတတ်မြောက်မှုများစွာ နည်းပါးသည်ကို တွေ့ရကြောင်း၊ အခြေခံပညာအထက်တန်းစာမေးပွဲ အောင်မြင်မှုမှာလည်း ရာခိုင်နှုန်းများစွာနည်းပါးကြောင်း၊ အခြေခံ ပညာအထက်တန်းစာမေးပွဲ အောင်မြင်မှုနည်းပါးရခြင်းမှာ ယခင် နဝမတန်းသင်ခန်းစာများကို တတ်မြောက်ခဲ့မှုနည်းပါး၍ ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် စဉ်ဆက်မပြတ်လေ့လာအကဲဖြတ်၍ အတန်းတင်ပေးသည့်စနစ်အပေါ် ပြန်လည်ဆန်းစစ်ရန် လိုအပ်နိုင်ကြောင်း၊ သို့ဖြစ်၍ ပညာရေးနှင့်ပက်သက်ပြီး အမှန်တကယ်စာတတ်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ဆရာ၊ ဆရာမများကို အရည်အချင်းနှင့်အညီ ခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းဖြင့်လည်း ထည့်သွင်းပြောကြားခဲ့သည်။

မကြာမီ အခြေခံပညာကျောင်းများကို ဖွင့်လှစ်တော့မည်ဖြစ်ရာ ပြီးခဲ့သည့် စာသင်နှစ်တစ်နှစ် ပျောက်ဆုံးခဲ့ရသည့် အခြေအနေနှင့် အကျိုးဆက်တို့ကို ကုစားကြရဦးမည်။ လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်တားဆီးရေး နည်းလမ်းများနှင့်အညီ ပညာသင်ယူနိုင်ကြရေးအတွက်လည်း ဖိဖိစီးစီး ဆောင်ရွက်ကြရမည်။ ပညာသင်နှစ်များ တစ်နှစ်ပြီးတစ်နှစ် ပျောက်ဆုံးမည်ဆိုလျှင် မိမိတို့၏ ရင်သွေးများအတွက်ရော နိုင်ငံအတွက်ပါ နစ်နာလှသည်။ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မိဘပြည်သူတို့ စွမ်းအားရှိသမျှ ဝိုင်းဝန်းကူညီကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။