နေ့အပူချိန်များမြင့်မားပြီး ခြောက်သွေ့သည့် ပတ်ဝန်းကျင်က မီးလောင်ကျွမ်းမှု အလွယ်တကူ ဖြစ်ပေါ်နိုင်သည့် အခြေအနေ ဖြစ်သည်။ လောင်စာ၊ လေ (အောက်ဆီဂျင်) နှင့် လုံလောက်သော အပူရှိန်ဆိုသည့် အခြေခံလိုအပ်ချက်ကြီး သုံးခုပေါင်းဆုံပါက မီးသည် အချိန်၊ နေရာမရွေး လောင်ကျွမ်းနိုင်သည်ဖြစ်ရာ ပူပြင်းခြောက်သွေ့သည့်ရာသီတွင် မီးဘေးအန္တရာယ်ကို အချိန်တိုင်း သတိပြုကြရမည်ဖြစ်ပြီး ကြိုတင်ကာကွယ်မှုများကိုလည်း ပြုလုပ်ထားကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လူဦးရေများပြားပြီး လူနေထူထပ်သည့် ဒေသများမှာ မီးဘေးအန္တရာယ်လည်း အမြင့်ဆုံးဖြစ်သည်။ မီးလောင်ကျွမ်းမှုဖြစ်ပွားရသည့် အခြေခံအကြောင်းတရားများ အနက် လူတို့ပေါ့ဆမှုကြောင့် ဖြစ်ပေါ်ရသည့် ပေါ့ဆမီးလောင်ကျွမ်းမှုက အများဆုံးဖြစ်သည့်အတွက် မိမိတို့တစ်ဦးချင်း၏ ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှုမဖြစ်အောင် ဂရုပြုကြရမည် ဖြစ်သည်။ ဘုရားမီးပူဇော်ရာမှစတင်၍ မီးလောင်ခြင်း၊ ခြင်ဆေးခွေမီး၊ ဆေးလိပ်မီးတို့မှတစ်ဆင့် အိပ်ရာကို မီးစွဲလောင်ခြင်း၊ မီးဖိုမီး မီးကြွင်းမီးကျန်တို့မှ မီးလောင်ခြင်း၊ ထမင်းပေါင်းအိုး၊ ပန်ကာ၊ အဲကွန်း၊ ဆေ့ဖ်ဂတ်စသည့် လျှပ်စစ်ပစ္စည်းများ အပူလွန်ကဲ၍ မီးလောင်ခြင်း၊ နေအပူရှိန်လွန်ကဲနေသည့် အချိန် ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ ပုံးလဲလှယ်ရာမှ မီးလောင်မှုဖြစ်ပေါ်ခြင်း စသည့် မီးလောင်မှုဖြစ်စဉ်များမှာ နှစ်စဉ်ဖြစ်ပွားနေကျ မီးလောင်မှုများ၊ သတင်းများတွင် မကြာမကြာတွေ့ရသည့် မီးလောင်မှု များပင်ဖြစ်သည်။
မီးလောင်မှုအန္တရာယ်ကို မဖြစ်မီကပင် ကာကွယ်နိုင်ရေးအတွက် ကြိုတင်မျှော်တွေးတတ် သူများသည် (၁)မိမိအိမ်ဝန်းကျင် ၌မီးလောင်လွယ်သည့်လောင်စာများနှင့် အမှိုက်များကို ရှင်းလင်းထားရန်။ (၂) မီးငြှိမ်းသတ်ရေးကိရိယာများ၊ ရေနှင့် မီးသတ်ဆေးဘူးများ အသင့်ထားရှိရန်။ (၃) ဝိုင်ယာကြိုးနှင့် လျှပ်စစ် အိမ်သုံးပစ္စည်းများ ပေါက်ပြဲပျက်စီးမှုရှိ၊ မရှိ မပြတ်စစ်ဆေးရန်။ (၄) ဂက်စ်မီး၊ လျှပ်စစ်မီးအပါအဝင်မီးသုံးစွဲမှုတိုင်းတွင် သတိရှိရန်။ (၅) မီးပျက်လျှင်ဖြစ်စေ၊ အပြင်ထွက်လျှင်ဖြစ်စေ ပင်မခလုတ် (မိန်းခလုတ်)ကို ပိတ်ရန်။ (၆) အရေးပေါ်အချိန်တွင် သယ်ယူ ရမည့် အဖိုးတန်ပစ္စည်းနှင့် အရေးကြီးစာရွက်စာတမ်းတို့ကို ကြိုတင်ပြင်ဆင်ထားရန်။ (၇) မီးလောင်ပါကအရေးပေါ် ဖုန်းနံပါတ်များကို မှတ်သားထားရန် စသည့်အချက်များကို ပြင်ဆင်ထား ရမည်ဖြစ်သည်။
မီးလောင်မှုဖြစ်ပွားနေချိန်တွင်မူ အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်ပြီး ဘာလုပ်၍ ဘာကိုင်ရမှန်းမသိ ဖြစ်မနေစေဘဲ သတိနှင့် တည်ငြိမ်မှုရှိနေရမည်ဖြစ်သည်။ မိမိပြင်ဆင်ထားသည့် မီးသတ်ပစ္စည်းများဖြင့် မီးကိုငြိမ်းသတ်ရမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ကို အကူအညီတောင်းရန်၊ မီးသတ်ကို အကြောင်းကြားရန်လည်း လိုအပ်သည်။ မီးခိုးများပြည့်နေသော အခန်းတွင်းမှ လွတ်မြောက်ရာသို့ထွက်ခွာရာတွင် ကြမ်းပြင်ပေါ် တွားသွားပြီးထွက်ခွာမှသာ ရှေ့မြင်ကွင်းကို တွေ့မြင်နိုင်မည် ဖြစ်သကဲ့သို့ အောက်ဆီဂျင်ပြတ်လပ်ခြင်းမှလည်း ကာကွယ်နိုင်မည်ဖြစ်သည်။ မျက်နှာကို မီးလောင်ခြင်းမှကာကွယ်ရန်နှင့် မီးခိုးများမရှူမိစေရန် ရေစိုအဝတ်သို့မဟုတ် လက်နှစ်ဖက်တို့ဖြင့် မျက်နှာကို ဖုံးအုပ်ကာကွယ်ထားရန်လည်း လိုသည်။ အထပ်မြင့် တိုက်များတွင် မီးလောင်ပါက ခုန်ချခြင်းမပြုလုပ်ရဘဲ အရေးပေါ် ထွက်ပေါက်ကိုသာ အသုံးပြုရန် စသည်တို့ကို အကြံပြုထားသည်။
မီးသည် လူသားတို့၏ မိတ်ဆွေဖြစ်သည်။ သို့ရာတွင် ပေါ့ဆသူအဖို့မူ မီးသည်ရန်သူဖြစ်သည်။ လူတို့၏ မိတ်ဆွေမီးကို ပေါ့ဆမှုကြောင့်ရန်သူအဖြစ် ပြောင်းလဲသွားရခြင်းမှာ ပေါ့ဆသူ ၏တာဝန်သာ ဖြစ်သည်။ မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်၍လည်း ရသည်။ မီးဘေးကာကွယ်ရေး ဆောင်ရန်၊ ရှောင်ရန်တို့ကို လိုက်နာကြခြင်းဖြင့် မီးအန္တရာယ်မှ ကင်းဝေးနိုင်ကြမည် ဖြစ်ရာလူတိုင်းက ကိုယ့်ကြောင့်မီးမလောင်ရေး၊ မီးဘေးကာကွယ်ရေးတို့ကို ကိုယ်စီဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။