Skip to main content

မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်) (၁၇)ကြိမ်မြောက် ဆရာဝန်ညီလာခံဖွင့်ပွဲကျင်းပ

မော်လမြိုင်   ဇန်နဝါရီ    ၃

မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်) (၁၇) ကြိမ်မြောက် ဆရာဝန်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေနံနက် ၇ နာရီခွဲက မော်လမြိုင်မြို့ မြို့ရှောင်လမ်းရှိ Royal Hinthar Hotel ၌ ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်)မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်) (၁၇) ကြိမ်မြောက် ဆရာဝန်ညီလာခံမုခ်ဦးကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့်  မြန်မာနိုင်ငံ ဆရာဝန် အသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာရဲမြတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆရာဝန်ညီလာခံဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “အသင်းဝင် ဆရာဝန်များအနေဖြင့် တိုးတက်လာသော ဆေးပညာရပ်များကို အချိန်နှင့် တစ်ပြေးညီ သိရှိကျင့်သုံးနိုင်စေရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော ကုသရေး၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၊  ရောဂါတိုက်ဖျက်ရေးလုပ်ငန်း လမ်းညွှန်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း၊ ထို့အပြင် ကျင့်ဝတ် သိက္ခာပိုင်းဆိုင်ရာများကို နားလည် စောင့်ထိန်းရန်၊ ဆေးကုသမှုအရည်အသွေး ပြည့်မီရန်အတွက်လည်း တာဝန်ရှိပါကြောင်း၊ နိုင်ငံတော်၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားရေး လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် ဝန်ထမ်းများသာမက ပြင်ပပုဂ္ဂလိက အဖွဲ့အစည်းများမှလည်း ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း” ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) ဥက္ကဋ္ဌပါမောက္ခဒေါက်တာရဲမြက နှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်)ဥက္ကဋ္ဌ ဒေါက်တာတင်နွဲ့ဝင်းက ညီလာခံ ကျင်းပရခြင်းနှင့် ပတ်သက်သောအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆေးနှင့် ဆေးပစ္စည်းပြခန်းကို ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တထွန်းအောင်ကြည်နှင့် ဆေးရုံအုပ်ကြီးဒေါက်တာကျော်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်းများကို ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်) (၁၇) ကြိမ်မြောက် ဆရာဝန်ညီလာခံကို ဇန်နဝါရီ ၃ ရက်မှ ၅ ရက်နေ့အထိကျင်းပသွားမည့်ဖြစ်ပြီး ဆေးနှင့် ဆေးပစ္စည်းများကိုလည်း ပြခန်း (၄၀) ကျော်ဖြင့် ခင်းကျင်းပြသရောင်းချပေးသွားမည့်ဖြစ်ကြောင်း သိရသည်။

ဝေလင်း(ပြန်/ဆက်)