Skip to main content

လုပ်ကြံသတင်းနှင့် ဖြစ်စဉ်အမှန်

မဟုတ်မမှန် လုပ်ကြံရေးသားဖော်ပြခဲ့သည့် သတင်းများနှင့် စပ်လျဉ်း၍ ဖြစ်စဉ်အမှန်များကို ပြန်လည်ရှင်းလင်းတင်ပြမှုများ မကြာခဏဆိုသလို ဖြစ်ပေါ်လျက်ရှိသည်။ မုသားက အလွယ်တကူ ရှေ့မှသွား၍ အမှန်တရားက နောက်မှ တရွတ်ဆွဲလိုက်နေရခြင်းလည်း ဖြစ်ချေသည်။ သတင်းဟူသည် လူအများစိတ်ဝင်စားစရာ အကြောင်း အရာ အသစ်များဖြစ်ပြီး မှန်ကန်၊ မြန်ဆန်၊တိကျ၊ ဘက်မလိုက်သော အချက်အလက်များ (ဘခြောက်လုံး) အပြည့်အစုံ ဖြင့် တည်ဆောက် ဖွဲ့စည်းထားခြင်းဖြစ်ရာ တစ်ခါတစ်ရံ မှားယွင်းတတ်သည့် သဘာဝ လည်း ရှိသည်။ သတင်းမှားလျှင် ကျင့်ဝတ်အရ အမှားပြင်ဆင်ချက် ပြန်လည်ထည့်သွင်းဖော်ပြပြီး ပရိသတ်ကို မေတ္တာရပ်ခံ တောင်းပန် လိုက်ရုံသာ။ ဤသည်မှာ မီဒီယာအစစ်အမှန်တို့၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ကျင့်ဝတ်လိုက်နာမှုပင် ဖြစ်သည်။

 

လူမှုကွန်ရက်များပေါ်မှ မဟုတ်မမှန်လုပ်ကြံရေးသားဖော်ပြခဲ့ သည့်သတင်းအမှားများမှာမူ ရည်ရွယ်ချက်ဖြင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ရည်ရွယ်ချက်ဟု ဆိုရာတွင် ပြည်သူအချင်းချင်း သံသယဝင်ရေး၊ မုန်းတီးရေး၊ တိုင်းရင်းသားလူမျိုးများအကြား အမုန်းတရားများ ကိန်းအောင်း လာစေပြီး ပဋိပက္ခများ ဖြစ်ပေါ်လာစေရေး၊ ဘာသာသာသနာတစ်ခုနှင့် တစ်ခုအကြား အထင်အမြင်လွဲမှားကာ ဆန့်ကျင် အုံကြွမှုများ ဖြစ်ပေါ်လာစေရေး၊ တပ်မတော်မုန်းတီးရေး၊ ရပ်ရွာအေးချမ်းသာယာမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားရေးစသည့် တိုင်းပြည် မငြိမ် မသက်ပျက်စီးရာ ပျက်စီးကြောင်းအတွက် ရည်ရွယ်ခြင်းပင်ဖြစ်သည်။ မီဒီယာမှ သတင်းတစ်ပုဒ် သည် သာမန်စာတစ်ပုဒ်နှင့်မတူဘဲ လူထုအတွင်း တစ်စုံတစ်ရာ ဩဇာသက်ရောက်မှု သဘောရှိသည်ကို မသမာသူတို့က အမြတ်ထုတ် ကြခြင်းဖြစ်သည်။ တမင်ရည်ရွယ် ရေးသားသည့် သတင်းအမှား တစ်ခု၊ မှားယွင်းကြောင်း ပေါ်ပေါက်သွားပြီး လျှင်လည်း နောက်ထပ်သတင်းတုသတင်းလိမ်တို့ကို ထပ်မံလုပ်ကြံဖော်ပြ ကြပြန်သည်။ ၎င်းတို့ကို ဖတ်ပြီး ယုံသူကလည်း ယုံလိုက်ကြပြန်သည်။ ဤနည်းဖြင့် အသိမှားအမြင်မှားတို့ လူထုအစိတ်အပိုင်း များအတွင်း ပျံ့နှံ့နေသည်။ အချက်အလက်အမှားတို့ကို ယုံစားမိသည့်အခါတွင် ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်မှုတို့လည်း မှားယွင်းတတ် ကြသည်။

ယခုရက်ပိုင်းအတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှားလာစေရေး၊ မုန်းတီးဆန့်ကျင်ရေးတို့ အတွက် ရည်ရွယ်သည့်သတင်းများမှာ လူမှုကွန်ရက်များတွင်ရော၊ လူမှုအသိုက်အဝန်းများ၌ပါ ပျံ့နှံ့လျက်ရှိသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရပ်ကွက်ကျေးရွာများတွင် ဖျက်ဆီးခြင်း၊ ရွှေ၊ ငွေ၊ ဖုန်း စသည်တို့ကို လုယူခြင်း၊ မသင်္ကာမှုဖြင့် လူကိုဖမ်းဆီးစစ်မေးပြီး ငွေကြေး သိန်းနှင့်ချီ၍ တောင်းခံကာ ရွေးယူစေခြင်းများ ပြုလုပ်လျက်ရှိကြောင်း စသည်ဖြင့် ပျံ့နှံ့နေခြင်းပင် ဖြစ်သည်။ အမှန်အားဖြင့်မူ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှာ ကျင့်ဝတ်နှင့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာကြရသည့် အဖွဲ့အစည်းများ ဖြစ်ရာ ယင်းကဲ့သို့သော လုပ်ရပ်များ အမှန်တကယ် ဖြစ်ပေါ်ပါက စစ်ဆေးအရေးယူမှုများ ပြုလုပ်နိုင်ရန် သက်သေအထောက်အထားများဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားကြရမည် ဖြစ်သည်။

မျက်မှောက်ကာလတွင် မြန်မာပြည်သူလူထုအများစုမှာ လူမှုကွန်ရက်များမှသတင်းများကိုသာ ရယူအသုံးပြုမှုများပြားလျက် ရှိသည်။ အထက်တွင် ဆိုခဲ့ပြီးသကဲ့သို့ လူမှုကွန်ရက်ပေါ်မှသတင်း များအားလုံးကို အမှန်ဟူ၍ ယူဆ၍မရနိုင်။ သတင်းတု၊ သတင်းမှားများ၏ ရည်ရွယ်ချက်ရှိရှိ ရေးသားဖော်ပြ ထုတ်လွှင့်မှုများကို ခွဲခြမ်းစိတ်ဖြာနိုင်ရမည်ဖြစ်သည်။ လူမှုကွန်ရက်ပေါ်တွင် ဖော်ပြနေမှုများနှင့် မိမိပတ်ဝန်းကျင်တွင် အမှန်တကယ် ဖြစ်ပေါ်နေမှုများကို နှိုင်းယှဉ်၍ စဉ်းစားချင့်ချိန် ဆင်ခြင်သုံးသပ်ခြင်းဖြင့် နီးစပ်သော အမှန်ကို ရရှိနိုင်မည်ဟု အကျိုးမျှော်ကာ နှိုးဆော်အပ်ပါ ကြောင်း။