မြန်မာ့ပင်လယ်ပြင်တွင် ယခုနှစ် ငါးမဖမ်းရ ရာသီကို မေ၊ ဇွန်၊ ဇူလိုင် သုံးလသတ်မှတ်ထားရာ ယခုကာလသည် ငါးဖမ်းရေယာဉ်များ ကမ်းခြေတွင် ဆိုက်ကပ်ရပ်နားနေရချိန်ဖြစ်ပြီး ပင်လယ်ပြင်၌မူ မျိုးငါးကြီး များများပေါက်ရန် ပြင်ဆင်လှုပ်ရှားနေကြချိန်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းမှာ စုစုပေါင်းမိုင် ၁၂၀၀ ခန့် ရှည်လျားပြီး ရခိုင်၊ ဧရာဝတီနှင့် တနင်္သာရီဟူသော အပိုင်းသုံးပိုင်းတွင် ပင်လယ်ငါးဖမ်းလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ၂၀၁၃ ခုနှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင်တိုင်းတာခဲ့သည့် စစ်တမ်းများအရ မြန်မာ့အဏ္ဏဝါ ရေပြင်၏ ငါးသယံဇာတကြွယ်ဝမှုအခြေအနေမှ လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်ကနှင့် နှိုင်းယှဉ်လျှင် ရေပေါ်ငါးသယံဇာတသည် ၉၀ ရာခိုင်နှုန်း၊ ရေအောက်ငါးသယံဇာတသည် ၆၀ ရာခိုင်နှုန်း ကျဆင်း သွားခဲ့ရာ လွန်စွာစိုးရိမ်ဖွယ်အခြေအနေပင်ဖြစ်သည်။
ယင်းသို့သော အခြေအနေဖြစ်ပေါ်ခဲ့ရခြင်းတွင် အကြောင်းရင်း နှစ်ရပ်ရှိရာ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းနှင့် ပင်လယ်ရေထုညစ်ညမ်း ခြင်းတို့ကြောင့် ဖြစ်သည်ဟု ပညာရှင်တို့က ဆိုကြသည်။ အကြောင်း ရင်းနှစ်ရပ်လုံးမှာလည်း လူသားတို့၏စည်းကမ်းမဲ့စွာ၊ လောဘကြီးစွာ လုပ်ကိုင်ခဲ့မှုပင်ဖြစ်ရာ ဖြစ်ပေါ်လာသည့် မကောင်းသော အကျိုးဆက်များကို လူသားတို့ပင်ပြန်၍ ခံစားကြရခြင်းဖြစ်သည်။ ပင်လယ်ရေထု ညစ်ညမ်းမှု၏ ၈၀ ရာခိုင်နှုန်းသည် ကုန်းတွင်းမှ စွန့်ပစ်လိုက်သော အမှိုက်သရိုက်များ၊ ပလတ်စတစ်၊ ဖော့နှင့် တစ်ခါသုံး ပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် စက်မှုလုပ်ငန်းမှ စွန့်ပစ်ရေများ၊ မြို့ပြများမှ စွန့်ထုတ်လိုက်သည့် မိလ္လာရေများ ဖြစ်သည်ဟုဆိုရာ မြို့ရွာများအနီးရှိ မြစ်ချောင်းများအတွင်း စွန့်ပစ်မှုများကို ဥပဒေ ထုတ်ပြန်၍ ထိထိရောက်ရောက်တားဆီးရန် လိုအပ်နေပြီဖြစ်သည်။ ကမ်းရိုးတန်းဒေသ အမှိုက်နှင့် အညစ်အကြေးစွန့်ပစ်သည့် စနစ်များကို ထိရောက်စွာဆောင်ရွက်နိုင်ပါက မြန်မာ့ပင်လယ်ပြင် ညစ်ညမ်းမှုကို အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်ကြောင်း နော်ဝေသုတေသနအဖွဲ့ (NIVA) ၏ ၂၀၁၁ ခုနှစ်က အစီရင်ခံစာတွင် ဖော်ပြထားခဲ့သည်။
ပင်လယ်ကမ်းရိုးတန်းသယံဇာတများတွင် အဏ္ဏဝါရေထုကြီးနှင့် ရေနေသားငါးသတ္တဝါများ၊ သန္တာကျောက်တန်း၊ ပင်လယ် မြက်ခင်း၊ ဒီရေတောနှင့်သဲသောင်ပြင်များ၊ ရေအောက်သယံဇာတ ရေနံ၊ သဘာဝဓာတ်ငွေ့ စသည်တို့ ပါဝင်သည်။ ဒီရေတောများသည် ပင်လယ်ငါး၊ ပုစွန်များနှင့် သားငှက်သတ္တဝါများ ပေါက်ပွားရာ၊ နေထိုင်ကျက်စားရာ ဂေဟစနစ်များပင် ဖြစ်သည်။ မြန်မာနိုင်ငံ ဒီရေတောပေါက်ရောက်မှုသည် အာရှတွင် အဆင့်-၃ ရှိပြီး ကမ္ဘာတွင် အဆင့်-၇ ရှိသည်။ မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို အထောက်အကူပြုလျက်ရှိသည့် ဒီရေတောများ ပြုစုပျိုးထောင်မှုကို ဆောင်ရွက်လျက်ရှိရာ ဒီရေတောများ ပျက်စီးပြုန်းတီးမှုကို အဓိကဖြစ်ပေါ်စေခဲ့သည့် ထင်း၊ မီးသွေးထုတ်လုပ်ခြင်း၊ ငါး ပုစွန်ကန်များ ဖော်ထုတ်ခြင်းနှင့် အခြားနည်းလမ်းသုံးစွဲမှုများကို တင်းတင်းကျပ်ကျပ် တားဆီးကြရမှာလည်းဖြစ်သည်။
ပင်လယ်ပြင်တွင် ငါးသယံဇာတအလွန်အမင်း လျော့နည်းကျဆင်းသွားမှုကို ငါးမဖမ်းရရာသီသုံးလ သတ်မှတ်ပြီး လုံးဝငါးမဖမ်းဆီးရေး တားမြစ်ခဲ့ရာ ယင်းနှစ် ငါးဖမ်းရာသီတွင် ငါးအထိအမိ ပြန်လည် ကောင်းမွန်ခဲ့သည့် ရလဒ်ကို ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရစဉ်က ဒီရေတောများရှိရာ ဒေသမှလူများ အသေအပျောက်နည်းခဲ့ရာ ဒီရေတောများ တည်ရှိခြင်း၏ အကျိုးရလဒ်ကို သိရှိခဲ့ကြရသည်။ လူတို့၏ စည်းကမ်းမဲ့မှုများကို လူတို့ကပင် ပြန်လည်ပြုပြင်ထိန်းသိမ်းမှသာ ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါရေပြင်တို့တွင် လူ့ပယောဂ ကြောင့် ဖြစ်ပေါ်ခဲ့ရသည့် ထိခိုက်ပျက်စီး မှုများကို ပြန်လည်ကုစားနိုင်မည် ဖြစ်ပါကြောင်း။ ။