Skip to main content

အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ မြို့ရုံးဖွင့်ပွဲနှင့်မြို့အုပ်ချုပ်ရေးမှူးရုံး(စုပေါင်းရုံး)ဖွင့်ပွဲ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်း‌ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့တက်ရောက်ဖွင့်လှစ်

အင်္ဂပူ ဇန်နဝါရီ  ၃

ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ မြို့ရုံးဖွင့်ပွဲနှင့် မြို့အုပ်ချုပ်ရေးမှူးရုံး (စုပေါင်းရုံး) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်က မဲဇလီကုန်းမြို့အုပ်ချုပ်ရေးမှူးရုံးတွင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းတို့က မြို့အဆင့်တိုးမြှင့်ခြင်း အထိမ်းအမှတ် မြို့ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့ဆိုင်းဘုတ်အားအ‌‌မွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။    

ဆက်လက်၍မြို့အုပ်ချုပ်ရေးမှူးရုံး(စုပေါင်းရုံး)အား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွတ်တော်ဥက္ကဋ္ဌနှင့် တိုင်းအုပ်ချုပ်‌ရေးမှူးတို့က မြို့ရုံးဆိုင်းဘုတ်အားစက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

ဒုတိယပိုင်းအခမ်းအနားကိုအဆိုပါရုံးအစည်း‌အဝေးခန်းမ၌ဆက်လက်ကျင်းပရာ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းအုပ်ချုပ်ရေးမှူးက ရုံးဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက်ရုံးဆောက်လုပ်ခဲ့မှုအခြေအနေများအား IMA Queen ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကရှင်းလင်းတင်ပြခဲ့ပြီး အဆောက်အအုံဆိုင်ရာအချက်အလက်များအား တိုင်း အုပ်ချုပ်ရေးမှူးသို့လွဲပြောင်းပေးအပ်သည်။ ထို့‌နောက်ရုံးဆောက်လုပ်ရန်‌မြေနေရာလှူဒါန်းသည့် အလှူရှင်အား တိုင်း‌ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရုံးအဆောက်အအုံအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ဘဏ္ဍာ‌ရေးနှစ် ငွေလုံးငွေရင်းခွင့်ပြု‌ငွေကျပ် ၂၃၇.၅၀၀ သန်းဖြင့် အလျား ၁၅၀ပေ၊ အနံ ၇၅ ပေရှိ RCနှစ်ထပ် အဆောက်အအုံအဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန်းကျော်(အင်္ဂပူပြန်/ဆက်)