Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၄/၂၀၂၁)သို့ တက်ရောက်အမှာစကား ပြောကြား

နေပြည်တော် ဩဂုတ် ၂၃
 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၄/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
 
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ် ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။
 
ရှေ့လုပ်ငန်းစဉ်များအတိုင်းဆောင်ရွက်
 
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကား ပြောကြားရာတွင် မိမိတို့အနေဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ တိုးတက်မှုရှိစေရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမဆုံး ဦးတည်ချက်အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်၏ တွေ့ရှိချက်များကို ထုတ်ပြန်ဆောင်ရွက်ခဲ့ပြီး မကြာမီအချိန်အတွင်း တွေ့ရှိချက်အနှစ်ချုပ်ကို ပြည်သူလူထုနှင့် နိုင်ငံတော်သို့ ထုတ်ဖော်ပြသသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲမဲမသမာမှုများ ကြောင့်သာ နိုင်ငံတော်၏တာဝန်ကို ယူခဲ့ရခြင်းဖြစ်ကြောင်း၊ အဆိုပါရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်၍ အမျိုးမျိုးပြောကြားနေမှုများရှိပြီး ဒီမိုကရေစီ ကျင့်စဉ်အရ စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမဆို ဝေဖန် ပိုင်ခွင့်ရှိသော်လည်း ခိုင်လုံသည့်အကြောင်းအရာနှင့် အကြောင်းပြချက်များရှိရမည် ဖြစ်ကြောင်း၊ သို့သော်မျက်စိ စုံမှိတ်၍ မိမိပြောချင်ရာပြောနေမည်ဆိုပါက ဒီမိုကရေစီ၏ အနှစ်သာရရှိမည်မဟုတ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ်များ အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
 
ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်း
 
မိမိတို့အနေဖြင့် နေပြည်တော်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ နေပြည်တော်သည် နိုင်ငံတော်၏မြို့တော်ဖြစ်သဖြင့်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန် ဦးတည်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာန အားလုံးရုံးစိုက်သည့် မြို့တော်ဖြစ်သဖြင့် နေပြည်တော် ဖွံ့ဖြိုးတိုးတက်မှုကို စံပြအဖြစ် ဗဟိုပြု၍ ကျန်တိုင်းနှင့်ပြည်နယ်များ ဖွံဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
 
ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် ပထမလှိုင်းနှင့် ဒုတိယလှိုင်း ဖြစ်ပွားခဲ့ချိန်များ၌ ထိခိုက်မှုနည်းပါးခဲ့သော်လည်း တတိယလှိုင်း ဖြစ်ပွားချိန်တွင် ထိခိုက်မှုများရှိခဲ့ကြောင်း၊ သို့သော် မိမိတို့အနေဖြင့် အရေးယူ ဆောင်ရွက်ရမည့်ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်အစည်းအဝေးများ ပြုလုပ်၍ လုပ်ငန်းများအား ဖိဖိစီးစီးဆောင်ရွက်ခဲ့သည့်အတွက် ယခုအခါ အတိုင်း အတာတစ်ခုအထိ ကူးစက်မှုနှုန်းများ လျော့ကျလာပြီဖြစ်ကြောင်း၊ ကိုဗစ်ရောဂါဖြစ်ပွား သူများနှင့် ထိတွေ့ခဲ့သူများအား စစ်ဆေးပေးခြင်းနှင့် Stay at Home ပြုလုပ်ခြင်းများ အပါအဝင်ကြပ်မတ်မှုများပြုလုပ်၍ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ စနစ်တကျ ကြပ်မတ်ဆောင်ရွက်မှုများကြောင့် ကူးစက်မှုနှုန်း များ လျော့ကျလာခြင်း ပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရောဂါကူးစက်မှုနှုန်းရာခိုင်နှုန်း ထက်ဝက်ခန့်အထိ ကျဆင်းစေရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်း။
 
၅၀ ရာခိုင်နှုန်း ထိုးနှံ့ပေးနိုင်ရေးရည်မှန်း
 
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိရေးနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများမှ ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ၂၀၂၁ ခုနှစ်အတွင်း မိမိတို့နိုင်ငံ၏ လူဦးရေ ၅၀ ရာခိုင်နှုန်း ထိုးနှံပေးနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိပြီး ဖြစ်နိုင်ပါက ယခုထက် ပိုမိုထိုးနှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်အစိုးရအနေဖြင့် အိန္ဒိယနိုင်ငံ တစ်ခုတည်းမှသာ ကာကွယ်ဆေး ဝယ်ယူရရှိရေးဆောင်ရွက်ခဲ့ပြီး အိန္ဒိယနိုင်ငံ၌ ရောဂါကူးစက်မှု တတိယလှိုင်း ဖြစ်ပွားချိန်၌ ကာကွယ်ဆေးများထပ်မံရရှိရေး အခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဝယ်ယူရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ ကြောင်း၊ လက်ရှိအချိန်တွင် ၁၈ နှစ်ပြည့်ပြီးသူများအား ထိုးနှံလျက်ရှိပြီး အသက် ၁၂ နှစ်အထက် အသက်အရွယ်ရှိသူများ ထိုးနှံနိုင်ကြောင်းကိုလည်း နိုင်ငံတကာမှ ဆေးပညာရှင်များက ခွင့်ပြုချက်များပေးထားမှုရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ၁၈ နှစ်အထက်လူဦးရေ ၃၆ ဒသမ ၉ သန်းခန့် နှင့် ၁၂ နှစ်နှင့် ၁၈ နှစ်ကြား ၆ သန်းခန့်ရှိသဖြင့် စုစုပေါင်း ၄၃ သန်းခန့်ရှိကြောင်း၊ မိမိတို့အနေဖြင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ရရှိရေးအတွက် ရင်းနှီးသည့် နိုင်ငံများမှမိတ်ဆွေများထံ ဆက်သွယ်ဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ ကာကွယ်ကုသဆေးများနှင့် အထောက်အကူပြုပစ္စည်းများအား မိတ်ဆွေကောင်း ပီသစွာဖြင့် ကူညီလှူဒါန်းပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုအား ကောင်းမွန်မှု ကြောင့်သာ ကူးစက်မှုနှုန်းများ လျော့ကျ လာခြင်းဖြစ်ကြောင်း၊ တစ်ဦးချင်းစည်းကမ်း လိုက်နာမှု၊ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်တွင်းစည်းလုံး ညီညွတ်မှု အားများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုနှင့် ကိုဗစ်-၁၉ ရောဂါ အန္တရာယ် ကာကွယ်ရေးအတွက်ဆက်လက် ကြိုးစားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကိုဗစ်ရောဂါမှာ တစ်ကမ္ဘာလုံးရင်ဆိုင်နေရသဖြင့် ပြည်ပအကူအညီမှာ အကန့်အသတ် ရှိကြောင်း၊ သို့ဖြစ်၍ “အတ္တာဟိ အတ္တာနော နာထော” မိမိကိုယ်မိမိ ကိုးကွယ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
 
ထပ်မံကူညီဆောင်ရွက်ပေး
 
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျဆင်းသွားသည့် စီးပွားရေးများ ပြန်လည် ဦးမော့လာ စေရေး ဆောင်ရွက်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များအား မှာကြားထားပြီး ဖြစ်ကြောင်း၊ ယခုအခါ မိုးစပါးစိုက်ပျိုးချိန် ရာသီသို့ ရောက်ရှိလာပြီး စပါးစိုက်ပျိုးမှုများ အခြေအနေကောင်းမွန်သည်ကို တွေ့ရှိရကြောင်း၊ ရာနှုန်းပြည့်ထွက်ရှိမည်ဟု ယုံကြည်ပါကြောင်း၊ မိုးရာသီစိုက်ပျိုးရေးနှင့် ပတ်သက်၍ စပါးစိုက်ပျိုးရေးကိုသာမက အခြားစိုက်ပျိုးသီးနှံများကိုပါ စနစ်တကျ ဆောင်ရွက်ရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် စားရေရိက္ခာပေါများလာပြီး ပြည်ပသို့ ပို့ကုန်များဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိုးရာသီတွင် စီးပွားရေးကို တိုက်ရိုက်အထောက်အကူပြုသည့် စိုက်ပျိုးရေး လုပ်ငန်းများကို တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများ ပြန်လည်ဦးမော့စေရေး ဆောင်ရွက်ရာတွင် အခွန်အခများလျှော့ချ ပေးခြင်းနှင့် ဆိုင်းငံ့ပေးခြင်းများဆောင်ရွက်လျက်ရှိသော်လည်း လိုအပ်သည်များအား ထပ်မံကူညီ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများရှိ ပို့ဆောင်ရေး လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများလည်း ထိခိုက်ကျဆင်းမှုများရှိသည်ကို လေ့လာ တွေ့ရှိရကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့နိုင်ငံ၌ အထည်ချုပ်လုပ်ငန်းများ ပြန်လည်လည်ပတ်လျက်ရှိသဖြင့် အလုပ်သမားပြည်သူများ အဆင်ပြေမှုများရှိကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် ပို့ကုန်များ အရည်အသွေး ကောင်းမွန်ရေးအတွက်လည်း ထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စက်ရုံများအနေဖြင့် ကိုဗစ်-၁၉ စည်းကမ်း များနှင့်အညီ ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ ၎င်းစက်ရုံများအတွက် လိုအပ်သည်ကိုလည်း ဆက်လက်ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ စီးပွားရေးဖွံဖြိုးမှု စီမံကိန်းများကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
 
E-Banking စနစ်သုံးမှုအားနည်းနေသေး
 
ဘဏ်များနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် ငွေသားကိုအဓိက သုံးစွဲလျက်ရှိပြီး E-Banking စနစ်သုံးစွဲမှုအားနည်းနေသေးကြောင်း၊ မိမိတို့အားထိခိုက်စေရန်အတွက် စီးပွားရေးအရ ဘဏ် စနစ်များမှတဆင့် တိုက်ခိုက်မှုများရှိကြောင်း၊ ဘဏ်စနစ်သည် နိုင်ငံတစ်ခု၏အသက် ဖြစ်ကြောင်း၊ ၁၉၉၇ ခုနှစ်အာရှငွေကြေးဂယက်ကြောင့် နိုင်ငံများစွာတွင် ဘဏ်စနစ်များ ထိခိုက်ခဲ့ရပြီး အစိုးရများပြုတ်ကျမှုများရှိခဲ့ကြောင်း၊ ထိုသို့ငွေကြေးဂယက် ဖြစ်စေရန်အတွက် အဓိကကြိုးကိုင် ဆောင်ရွက်ခဲ့သည့် ဂျော့ဆိုးရော့စ်အား အဆိုပါနိုင်ငံများက ပြည်ဝင်ခွင့် ပိတ်ပင်ထားသည်ဟု သိရကြောင်း။
 
အဓိကထား၍ ဆောင်ရွက်ပေး
 
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ မိမိထံသို့ စာရေးတောင်းဆိုမှုများရှိကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးအား ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး ၎င်းတို့ ထိန်းချုပ်နယ်မြေများအတွင်းရှိ ပြည်သူများကိုလည်း သတ်မှတ်ထာသည့် ဦးစားပေး အဆင့်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ပြည်သူများအား ကာကွယ်ဆေး ၆ သန်းကျော်ထိုးနှံပေးခဲ့ပြီးဖြစ်၍ ကာကွယ်ဆေး ထပ်မံရရှိချိန်တွင် ဆက်လက် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း၊ ပြည်ပမှကာကွယ်ဆေးများ ရောက်ရှိချိန်တွင် တိုင်းဒေသကြီး နှင့်ပြည်နယ်များသို့ အမြန်ဆုံးရောက်ရှိစေရေး တပ်မတော်နှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနတို့၏ ပို့ဆောင်ရေးစနစ်များမှတစ်ဆင့် ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ယဉ်သုံးစွဲမှု အပေါ်တွင်လည်း မည်သည့် ကန့်သတ်ချက်မျှမထားရှိဘဲ အမြန်ဆုံးရောက်ရှိရေးကို အဓိက ထား၍ ဆောင်ရွက်သွားရန် မှာကြားပြီး ဖြစ်ကြောင်း။
 
အတည်ပြုဆောင်ရွက်ထားခြင်းဖြစ်
 
မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်နေပြီး ပြည်သူများလိုလားသည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) သည် ဆန္ဒမဲပေးခွင့်ရှိသူ၏ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း၏ ထောက်ခံမဲဖြင့် အများဆန္ဒနှင့်အညီ အတည်ပြုဆောင်ရွက် ထားခြင်း ဖြစ်ကြောင်း၊ အဆိုပါလူများအနက် ၈၀ ရာခိုင်နှုန်းခန့်သည်ယခုအချိန်အထိ သက်ရှိ ထင်ရှားရှိနေသူများဖြစ်၍ ၎င်းတို့၏ဆန္ဒကို လေးစားတန်ဖိုးထားရန် လိုကြောင်း၊ အခြေအနေ အချိန်အခါအရ ပြင်ဆင်သင့်သည် များရှိသည်ကို လက်ခံကြောင်း၊ ဥပမာအားဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဝန်ကြီးချုပ်များ ခန့်အပ်ရေးနှင့် ပတ်သက်၍ နယ်မြေဒေသအလိုက် သဘောထားများ ကိုက်ညီမှုတွင် လိုအပ်ချက်ရှိခြင်း၊ ရွေးချယ်ခံကိုယ်စားလှယ်များအား Right to Recall ဥပဒေ မထုတ်နိုင်ခြင်းတို့ကို တွေ့နေရကြောင်း၊ အလားတူ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် ပတ်သက်၍ အမျိုးသား လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ချက်များ သဟဇာတ မဖြစ်ပါက ဆုံးဖြတ်ချက်အတွက် ပြဿနာဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် အားလုံးပါဝင်နိုင်ပြီး အချိုးကျကိုယ်စားပြုသည့် ကိုယ်စားလှယ်များ၏ ဆန္ဒအား အလေးထား နိုင်ရန် PR စနစ်ဖြင့် ကျင့်သုံးဆောင်ရွက်နိုင်ရေးစဉ်းစား ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးချယ်ခံကိုယ်စားလှယ်၊ ရွေးချယ်တင်မြှောက်မှု စနစ်နှင့် ပတ်သက်၍လည်း ပြင်ဆင်ရန် ရှိသည်များရှိကြောင်း၊ မိမိတို့တာဝန်ယူချိန်ကာလအတွင်း ပြင်ဆင်၍ရသည်များကို အားလုံးတိုင်ပင်ညှိနှိုင်း၍ ပြင်ဆင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
 
သာတူညီမျှဖြစ်ရမည်
 
တိုင်းရင်းသားလက်နက်ကိုင်များ နှင့်ပတ်သက်၍ တိုင်းရင်းသားအခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးဟု ပြောသည်များရှိကြောင်း၊ အချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် တိုင်းရင်းသားအရေးကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အချို့သည် ဒိမိုကရေစီအခွင့်အရေး ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားအရေးသည် ဖက်ဒရယ်နှင့် ဒီမိုကရေစီကို အခြေခံ၍ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီ၏ အနှစ်သာရသည် အများဆန္ဒအရ ဆောင်ရွက်ခြင်းဖြစ်ပြီး သာတူညီမျှဖြစ်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အဓိကတိုင်းရင်းသား လူမျိုး ၈ မျိုး၊ တိုင်းရင်းသားလူမျိုး စုပေါင်း ၁၃၅ မျိုးခန့် နေထိုင်ကြခြင်းဖြစ်သဖြင့် အများဆန္ဒကို ကြည့်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီအခွင့်အရေးကို တောင်းဆိုရာတွင် အဆိုပါ ဒီမိုကရေစီကျင့်စဉ်အား လိုက်နာ ရန်လိုကြောင်း၊ မိမိအစုအဖွဲ့အတွင်း၊ နယ်မြေအတွင်း ဒီမိုကရေစီကျင့်စဉ်ရှိရန်လိုကြောင်း၊ ဒီမိုကရေစီ ကျင့်စဉ်အား နိုင်ငံသားတိုင်း၊ တိုင်းရင်းသား တိုင်းသိရှိပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် လိုက်နာမှုမရှိဘဲ အချင်းချင်းပဋိပက္ခဖြစ်မှုများရှိပြီး အကြောင်းမဲ့ သတ်ဖြတ်မှုများ ရှိကြောင်း၊ နိုင်ငံတော် မှပြဋ္ဌာန်းထားသည့် ဒီမိုကရေစီကျင့်စဉ်များကို လိုက်နာရန်လို ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့နယ်မြေ အတွင်း ဒီမိုကရေစီအလေ့ အထများဖြစ်သည့် ဥပဒေလေးစား လိုက်နာခြင်း၊ စည်းကမ်းလေးစား လိုက်နာခြင်းနှင့် လူ၏တန်ဖိုးကို တန်ဖိုးထားခြင်းများလိုက်နာ ဆောင်ရွက်ရန်လိုပြီး ဒီမိုကရေစီနှင့် လျော်ညီသည့် ကျင့်ကြံ၊ ပြောဆို၊ လုပ်ကိုင်မှုများရှိရန်လိုကြောင်း။
 
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
 
မိမိတို့အနေဖြင့် ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ်တွင် မူတည်ဆောင်ရွက် လျက်ရှိပြီး ရေရှည်လုပ်ရမည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လမ်းခင်းပေးခြင်း၊ အသိ၊ သတိပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံစီးပွားရေး ဦးမော့စေရေးအတွက် ရေတို လုပ်ငန်းများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏အားသည် ပြည်တွင်း၌သာရှိသည် ဆိုသည့်အတိုင်း ပြည်တွင်းစီးပွားရေး ဦးမော့လာစေရန်၊ ပြည်သူများ၏ စိတ်ဓာတ်များမြင့်မား အောင်ဆောင်ရွက်သွားမည် ဆိုသည့် ခံယူချက်များဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ပြောကြားသည်။
 
ရှင်းလင်းဆွေးနွေးတင်ပြ
 
ထို့နောက် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ ဗညားအောင်မိုးနှင့် ဦးရွှေကြိမ်းတို့က CRPH ၊ NUG နှင့် ၎င်းတို့လက်အောက်ခံ အကြမ်းဖက် အဖွဲ့အစည်းများနှင့် အကြမ်းဖက်သမားများအား ငွေကြေးနှင့်ပစ္စည်းများ စုဆောင်း ထောက်ပံ့ပေးနေသူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူရေး၊ သတင်းပေးသည့် ပြည်သူများအား ဆုကြေးငွေချီးမြှင့်ပေးရေးနှင့် အများပြည်သူသိရှိစေရေး သတင်းထုတ်ပြန်ပေးရန်၊ ဒေါ်လာဈေး နှင့် ရွှေဈေးများ ဈေးကစားနေသူများအား ရှာဖွေဖော်ထုတ်အရေးယူနိုင်ရေး၊ အကြမ်းဖက် အဖွဲ့အစည်းများအား သင်တန်းပေးခြင်းနှင့် လက်နက်ပစ္စည်းများ ကူညီထောက်ပံ့နေသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ အစည်းများအား ထိရောက်စွာတားဆီးနိုင်ရေး၊ သံလွင်မြစ် ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရန် ပြန်လည်စဉ်းစား သုံးသပ် ပေးရေး၊ ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေးနှင့် စနစ်တကျ ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံအဝန်း AMI အဆင့်မြင့် Digital မီတာများ ပြောင်းလဲတပ်ဆင် ပေးနိုင်ရေး၊ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်လျှက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား သင့်လျော်သည့် ဂုဏ်ထူးဆောင် တံဆိပ် ပေးအပ်ချီးမြှင့်နိုင်ရေး၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်နှင့် ပတ်သက်၍ လတ်တလော အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကိစ္စရပ်များအား စတင်အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိရောက်စွာဆောင်ရွက်၍ ပြည်သူများ၏စိုးရိမ်မှုကို လျှော့ချပေးရေး၊ ရပ်ကွက်၊ ကျေးရွာ လုံခြုံရေးအတွက် ကျေးရွာပြည်သူ့စစ်အဖွဲ့များ စနစ်တကျပြန်လည် ဖွဲ့စည်းရေး၊ ကိုဗစ်-၁၉ ကာလတွင် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေသည့် ပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်ရေး၊ ယခုကာလဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ အပေါ် ထိရောက်စွာသတင်းထောက်လှမ်း၍ တရားခံများအား ဖော်ထုတ် အရေးယူနိုင်ရေး၊ နမ့်ဆန်မြို့တွင် အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ပေးရေး၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးဒေသတွင်း ရွှေတူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို တားမြစ်ပေးနိုင်ရေး၊ မဘိန်းမြို့တွင် စိုက်ပျိုးရေး ဘဏ်ခွဲ ဖွင့်လှစ်ပေးနိုင်ရေးတို့ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
 
ဂရုပြုဆောင်ရွက်
 
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ CRPH နှင့် NUG လက်အောက်ခံ အကြမ်းဖက် အဖွဲ့အစည်း များအား ဥပဒေကြောင်းအရ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်အစိုးရလက်ထက် ဥပဒေနှင့်မညီညွတ်သည့် ဆောင်ရွက်ချက် များနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စိစစ်ဆောင်ရွက် လျက်ရှိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပတ်သက်၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို မထိခိုက်အောင် ဂရုပြုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်း၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်တို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ဦးစားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ အချို့သော ရေအားလျှပ်စစ် ထုတ်လုပ်မှု စီမံကိန်းများသည် ရင်းနှီးမြှုပ်နှံမှုများပြားပြီး ဈေးကွက်မရှိသည့် အတွက် စီးပွားရေးအရ တွက်ချေကိုက်မှုမရှိကြောင်း၊ စက်ရုံအလုပ်ရုံများအတွက် လိုအပ်သည့် စွမ်းအင်ကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် အဆင့်မြင့်နည်းပညာကို အသုံးပြု၍ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့မှ ထုတ်ယူသုံးစွဲသွားရန်လိုအပ်ကြောင်း၊ နောင်တွင် မိမိတို့နိုင်ငံမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်း စက်ရုံ အလုပ်ရုံများ လည်ပတ်နိုင်ရေးအတွက်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် လျှပ်စစ်ဓာတ်အားခ ကြွေးကျန်များ ပေးဆောင်ရန် ကျန်ရှိနေကြောင်း၊ ထို့ပြင် လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုများနှင့် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများ လည်းရှိနေကြာင်း၊ ထို့အတွက် AMI အဆင့်မြင့် Digital မီတာများ ပြောင်းလဲတပ်ဆင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာလတွင် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများနှင့် SME လုပ်ငန်းများအတွက် သမဝါယမစနစ်ဖြင့် ချေးငွေထုတ်ချေး နိုင်ရေးကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။
 
ဆေးရုံတိုင်းထားရှိဆောင်ရွက်
 
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် တာဝန်ရှိအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လူသား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း လေ့ကျင့်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ နမ့်ဆန်မြို့တွင် အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရုံ တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများအတွက်လည်း လျှပ်စစ်ဓာတ်အားနှင့် အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရုံများ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံအဝန်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဆေးရုံတိုင်းတွင် အောက်ဆီဂျင်ထုတ်လုပ်နိုင်သော စက်များ တပ်ဆင်ပေးလျက်ရှိပြီး ဆေးရုံတိုင်းတွင်လည်း ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသခန်းများထားရှိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရုရှားနိုင်ငံနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကုသဆေးထုတ်လုပ်သည့် စက်ရုံတည်ဆောက် နိုင်ရေးအတွက် ဆွေးနွေး လျက်ရှိကြောင်း။
 
အရှည်မျှော်တွေးပြီးစဉ်းစား
 
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်အချို့၌ ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ် ကြောင့် ပျက်စီးမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် မွေးမြူရေးသိပ္ပံကျောင်းများ ဖွင့်လှစ်ပြီး ပညာသင်ကြားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံပြည်သူလူထု လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အရှည်မျှော်တွေးပြီး စဉ်းစားဆောင်ရွက် ပေးသွားရန် လိုအပ်ကြောင်း။
 
နက်နက်နဲနဲတွေးခေါ်
 
နိုင်ငံအကျိုးအတွက် ဆောင်ရွက်ရာတွင် အမျိုးသားအကျိုးစီးပွားကို အခြေခံ၍ စဉ်းစား ဆောင်ရွက်ရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အတိတ်သမိုင်းကြောင်းကို လျစ်လျူရှု၍မရဘဲ သင်ခန်းစာဖော်ထုတ် ဆောင်ရွက်ရန်လိုအပ်ပြီး လက်တလော အဆင်ပြေစေရန် အလွယ်တကူ ဥပဒေရေးဆွဲပြဋ္ဌာန်း၍ မရကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသားအကျိုးစီးပွားကို အလေးထားဆောင်ရွက်သွား ရမည်ဖြစ်ပြီး နိုင်ငံသားတိုင်း ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်စေရေးအတွက် ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ကောင်စီအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်အတွက် နက်နက်နဲနဲ တွေးခေါ်မျှော်မြင်ပြီး ဆောင်ရွက်ပေးသွားကြရန် လိုအပ်ကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
 
(သတင်းစဉ်)