Skip to main content

ဒေသတွင်း ထုတ်ကုန်များမြင့်မားရေး၊ စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ လျှပ်စစ်စွမ်းအားပင်ဖြစ်သည့်အတွက် ဒေသတွင်း လျှပ်စစ်ဖူလုံရေး သဘာဝအရင်းအမြစ်များမှ လျှပ်စစ်စွမ်းအားထုတ်ယူနိုင်ရေးအတွက် စဉ်းစားလုပ်ဆောင်ရမည်

နေပြည်တော် စက်တင်ဘာ ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား လားရှိုးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊  ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိမ်းဇံ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်း၊ ဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ရှင်းလင်းတင်ပြ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ အား  ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် အဖွဲ့ဝင်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်အတွင်း ဒေသဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကိုဗစ် − ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြည်နယ်ဆိုင်ရာ အထွေထွေ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဥက္ကဋ္ဌ ဦးညီနပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးတာသိန်းဇော် တို့က ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ ၎င်းတို့ဒေသများတွင် စက်မှုဇုန်၊ ဟိုတယ်ဇုန်များ ဆောင်ရွက်ပေးနိုင်ရေး စိုက်ပျိုးမွေးမြူရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့တွင် အဆင့်မြှင့်တင်ပေးနိုင်ရေးတို့နှင့် ပတ်သက်၍ တင်ပြကြပြီး လားရှိုးခရိုင်အုပ်ချုပ်ရေးမှူးက လားရှိုးမြို့ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။

ဈေးကွက် ရရှိရေး

တင်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊  ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိမ်းဇံတို့က နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ အရှိန်အဟုန်မပြတ်စေရေးအတွက် ကုန်သွယ်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေများ၊ လမ်းပန်းဆက်သွယ်မှုဆိုင်ရာ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးမည့်အခြေအနေများနှင့် ပို့ကုန်လုပ်ငန်းများကို အဆင့်မီ သည့် သယ်ယူပို့ဆောင်မှု ဖြစ်စေရေး လုပ်ဆောင်လျက်ရှိသည့် အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အရည်အသွေး ပြည့်ဝစွာ ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်ရေး ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ဒေသတွင်း စိုက်ပျိုးမွေးမြူရေး ပညာရှင်များ ပေါ်ထွက်လာရေးအတွက် စိုက်ပျိုးရေးသိပ္ပံဖွင့်လှစ်ပေးမည့် အခြေအနေများနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသများ၏ အဆိုပြုချက်များနှင့် ပတ်သက်၍လည်း အမြန်ဆုံး ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ မွေးမြူရေးနှင့် ပတ်သက်၍ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များရရှိရေးနှင့် ရောဂါကင်းစင်သည့် မွေးမြူရေးစနစ်ဖြစ်စေရေး၊ ဈေးကွက် ရရှိရေးတို့အတွက် လုပ်ဆောင်ပေးမည့် အခြေအနေများ။

အဓိကထားဆောင်ရွက်လျက်ရှိ

ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ရေရရှိရေး၊ မီးရရှိရေးတို့ကို အဓိကထားဆောင်ရွက် လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် ပစ္စည်းကိရိယာလိုအပ်ချက်၊ အရင်းအနှီးလိုအပ်ချက်များကို ကူညီဖြည့်ဆည်း ပေးသွားမည့် အခြေအနေများ၊ တစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ဆောင်နိုင်စေရေး နည်းပညာနှင့် မတည်ငွေ ထုတ်ပေး သွားမည်ဖြစ်ပြီး သမဝါယမ အသင်းများ စနစ်တကျဖွဲ့စည်းရန် လိုအပ်သည့် အခြေအနေများ၊ ရှမ်းပြည်နယ်သည် နယ်စပ်ထိစပ်မှု နယ်နိမိတ်ရှည်လျားသည့်အတွက် ဒေသတွင်း သယံဇာတများကို ပြင်ပသို့ တရားမဝင်ထုတ်လုပ်တင်ပို့မှု မရှိစေရေး ထိန်းသိမ်း ဆောင်ရွက်ရန်လိုအပ်သည့်  အခြေအနေများ၊ ကျန်းမာရေးဆိုင်ရာ တင်ပြချက်များနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ထမ်းနှင့် ဆေးပစ္စည်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးမည့် အခြေအနေများနှင့် ဆေးရုံများဖွဲ့စည်းပုံတိုးချဲ့ရေးနှင့် ပတ်သက်၍ မြေပြင်လိုအပ်ချက်ကို စိစစ်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွန်ချက်နှင့်အညီ တစ်မျိုးသားလုံး၏ အားကစား အဆင့်မြှင့် တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်နှင့်အညီ ရှမ်းပြည်နယ်အတွင်း လိုအပ်လျက်ရှိသည့် အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ အသီးသီးပြန်လည် ဆွေးနွေးခဲ့ကြသည်။

ဖြည့်ဆည်းဆောင်ရွက်ပေးမည်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် တင်ပြချက်များ တွင်ပါဝင်သည့် စိုက်ပျိုးမွေးမြူရေး အဆင့်မြှင့်တင်ရန် လိုအပ်ချက်များ၊ အားကစားကဏ္ဍ အဆင့်မြှင့်တင်ရေးဆိုင်ရာများကို ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ လက်ဖက်သီးနှံ အထွက်နှုန်းတိုးတက်ရေးအတွက် နည်းပညာနှင့် မျိုးကောင်း မျိုးသန့်ရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် လက်ဖက် စိုက်ဧက ၆၀၀၀၀ ခန့်ရှိသည့်အတွက် အထွက်နှုန်းကောင်းပြီး တန်ဖိုးမြင့် လက်ဖက်ထုတ်ကုန်များ ထုတ်လုပ်နိုင်မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ ဒေသစီးပွားရေးကိုလည်း ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း။

ပြောင်းလဲလုပ်ဆောင်

စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဟူ၍ လေးမျိုးသာရှိပြီး မျိုးကောင်းရန်၊ မြေနှင့် ရေကောင်းရန်၊ စိုက်နည်းစနစ် မှန်ကန်ရန်နှင့် လိုအပ်သည့် သွင်းအားစုများကိုလည်း ပြည့်ပြည့်ဝဝဖြင့် ထည့်သွင်းအသုံးပြုရန်လိုကြောင်း၊ အထွက်နှုန်းတိုးအောင် ဆောင်ရွက် နိုင်ပါက ဒေသခံ တောင်သူများ၏ လူမှုစီးပွားဘဝကို တိုးတက်စေမည်ဖြစ်ကြောင်း၊ လူသားတို့တွင် ကျန်းမာကြံ့ခိုင် ဖွံဖြုံးရန်၊ ရောဂါဘယကင်းစင်ရန် လိုအပ်သည့် အာဟာရနှင့် ဆေးဝါးတို့ကို မှီဝဲရသကဲ့သို့ စိုက်ပျိုးရေး ဆောင်ရွက်ရာ၌လည်း လိုအပ်သည့် အစာအာဟာရနှင့် ဆေးဝါးတို့ကို နည်းစနစ်တကျ တိုက်ကျွေးမှသာလျင် အရည်အသွေးပြည့်မီသည့် စိုက်ပျိုးရေးထုတ်ကုန်များ ထွက်ရှိလာနိုင်မည်ဖြစ်ကြောင်း၊ မိရိုးဖလာ စိုက်ပျိုးနည်းစနစ်များကို ပစ်ပယ်၍ မရသကဲ့သို့ ခေတ်မီပြီး စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးပုံစံဖြစ်အောင်ရန် ပြောင်းလဲလုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း။

ထိုကဲ့သို့ အရည်အသွေးမြင့်ပြီး အောင်မြင်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ပေါ် လာရေးအတွက် စိုက်ပျိုးမွေးမြူရေး အသိပညာဗဟုသုတနှင့် ပြည့်စုံသည့် အသိပညာရှင် အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိက လုပ်ကိုင်သည့် နိုင်ငံဖြစ်သော်လည်း စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် တက္ကသိုလ်တစ်ခု သာရှိသည်ကို တွေ့ရှိရသဖြင့် စိုက်ပျိုးမွေးမြူရေးသိပ္ပံများ၊ ကောလိပ်များ ထိုမှတစ်ဆင့် တက္ကသိုလ်များကို ဖွင့်လှစ်သင်ကြား ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ကို ဗဟိုပြု၍ စိုက်ပျိုး မွေးမြူရေး သိပ္ပံ သို့မဟုတ် ကောလိပ် တစ်ခု ဖွင့်လှစ်အခြေတည်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီဖူလုံမှု အားနည်းပြီး စားဆီနှင့် သုံးဆီကို နှစ်စဉ် ဘီလီယံနှင့်ချီ၍ တင်သွင်နေရကြောင်း၊ ဆီသုံးစွဲမှုများ ကို ချွေတာနိုင်ရေးအတွက် လျှပ်စစ် စွမ်းအားဖြင့် အသုံးပြုနိုင်သည့် သယ်ယူပို့ဆောင်ရေး နည်းလမ်းများ ဥပမာအားဖြင့်- လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေအောက်ရထား စသည်ဖြင့် စဉ်းစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စားဆီထုတ်လုပ်မှု မြင့်မားရေးအတွက် ဆီထွက်ကုန်သီးနှံ များကို အထွက်နှုန်းကောင်းမွန်‌အောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း။

စနစ်တကျ စဉ်းစားတွက်ချက်

သစ်တောဆိုင်ရာများနှင့် ပတ်သက်၍ သစ်တောဖုံးလွှမ်းမှုနှင့် သစ်တော စိုက်ခင်းများ အောင်မြင်သည်ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ နည်းပညာမြင့် သစ်တော ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ပြီး ဒေသတွင်း သယံဇာတ ကြွယ်ဝသည့် သစ်နှင့် ဝါး ကုန်ချောထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး စဉ်းစားလုပ်ဆောင်ကြစေလိုကြောင်း၊ ဆန်နှင့် ပတ်သက်၍ တစ်ဧက အထွက်နှုန်း ယခုထက်တိုးတက်အောင် လုပ်ဆောင်ကြစေလိုကြောင်း၊ အများသုံးဆန်အပြင် ဒေသဆန်ဖြစ်သည့် ကောက်ညှင်းအထွက်နှုန်းကိုလည်း ကောင်းမွန်အောင် လုပ်ဆောင်ကာ ဒေသ၏ ပင်မထွက်ကုန်ဖြစ်အောင် လုပ်ဆောင်ရန် လိုကြောင်း၊ ကောက်ညှင်းဆန်မျိုးကို ထိန်းထားနိုင်ရန်လည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပြည်ပသို့ တင်ပို့ရောင်းချ ရာတွင် စပါးတင်ပို့ရောင်းချမှုများကို အားမပေးလိုကြောင်းနှင့် ဒေသတွင်း၌ပင် စပါးမှ ဆန်ထုတ်လုပ်ပါက ဆန်စက်များလည်ပတ်နိုင်မည်၊ ဖွဲ၊ စကွဲကဲ့သို့ ဆန် ထွက်ပစ္စည်းများမှ တိရစ္ဆာန်အစာများထုတ်လုပ်နိုင်မည်ဖြစ်ပြီး ဒေသတွင်း၌လည်း အလုပ်အကိုင် အခွင့်အလမ်း များ ပိုမိုရရှိစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စနစ်တကျ စဉ်းစားတွက်ချက် လုပ်ဆောင်ကြစေ လိုကြောင်း၊ မိုးရေချိန် အသင့်အတင့်ရရှိသည့် ဒေသဖြစ်သဖြင့် ရေရှားပါးမှု ဖြစ်ပေါ်နေသည်မှာ သဘာဝ မကျကြောင်း၊ ရေအရင်းအမြစ်များကို ရှာဖွေပြီး ရေစုဆောင်းခြင်းနှင့် ဖြန့်ဝေခြင်း လုပ်ငန်းများကို မဖြစ်မနေရရှိအောင် လုပ်ဆောင်ရန်လိုကြောင်း။

ပိုမိုဖွံ့ဖြိုးတိုးတက်နိုင်

ထိုကဲ့သို့ ဒေသတွင်း ထုတ်ကုန်များမြင့်မားရေး၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ လျှပ်စစ်စွမ်းအားပင်ဖြစ်သည့်အတွက် ဒေသတွင် လျှပ်စစ်ဖူလုံရေး၊ သဘာဝအရင်းအမြစ်များမှ လျှပ်စစ်စွမ်းအား ထုတ်ယူနိုင်ရေး အတွက်စဉ်းစား လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်သည်မှန်သမျှကို ဦးစားပေးစဉ်းစားဆောင်ရွက်ကြစေလိုပြီး ထိုမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်းစားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တိုးတက်ရေးအတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တာဝန်ရှိသူများက လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ ဦးစီးအဖွဲ့များအနေဖြင့်လည်း ဒေသအတွက် လုပ်ဆောင်နိုင် သည်မှန်သမျှကို စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်း အဆင့်မြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအပြင် ခေတ်နှင့်အညီပြောင်းလဲလာသည့် ဆောက်လုပ်ရေး လိုအပ်ချက်များဖြစ်သည့် ဘိလပ်မြေ၊ သံမဏိ၊ ဓာတ်မြေဩဇာ ထုတ်လုပ်ရေး လုပ်ငန်းများကိုလည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ ဒေသတွင်းဝင်ငွေကောင်းပြီး စီးပွားရေး တောင့်တင်းပါက သာယာလှပရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ပြီး မီးခိုးမထွက်သည့် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သည့် ခရီးသွား လုပ်ငန်းများကိုလည်း လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း၊ အိမ်သာလျင် ဧည့်လာမည်ဖြစ်ကြောင်း၊ ဒေသတွင်းသို့ လာရောက်သူများပြားလာပါက ဒေသထွက်ကုန်၊ ထုတ်ကုန်များသည်လည်း ပိုမိုရောင်းချလာနိုင်မည်ဖြစ်ပြီး ဒေသ၏ အကျိုးစီးပွား ကို ပိုမိုဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ တာဝန်ထမ်းဆောင်နေရသည့် ဒေသ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ အားကစား ကဏ္ဍ အဆင့်မြှင့်တင်နိုင်ရေးတို့အတွက် အဆင့်ဆင့်တာဝန်ယူ ဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံပေါများသည့် တိုင်းပြည်တစ်ခုဖြစ်အောင် ကြိုးပမ်းဖော်ဆောင်ကြရန်လိုကြောင်းဖြင့် အကြံပြုတိုက်တွန်းပြောကြားပြီး နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများကို ဆွေးနွေးပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများမှ တာဝန်ရှိသူများက ဒေသထွက်ကုန်ပစ္စည်းများကို အမှတ်တရပေးအပ်ကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် လားရှိုးမြို့ ခရိုင်အားကစားကွင်း အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး အားကစားကွင်း အဆင့်မြှင့်တင်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့သည်။

ဖူးမြော်ကြည်ညို

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း တိုက်သို့သွားရောက်၍ လားရှိုးမြို့၊ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဗောဓာရုံကျောင်းတိုက်ဆရာတော် မဟာဂန္ဓဝါစကပဏ္ဍိတ ဘဒ္ဒန္တ နာရဒ အား ဖူးမြော်ကြည်ညိုကာ ဆရာတော်ကြီး၏ ကျန်းမာရေးဆိုင်ရာများနှင့် ဘာသာရေး ဆိုင်ရာတို့ကို မေးမြန်းလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်