နေပြည်တော် ဇန်နဝါရီ ၄
မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့် ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း ဧက ၁၀၀ တည်ထောင်စိုက်ပျိုးပြီးစီးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်-ကံပြားလမ်း၊ မိုင်တိုင်အမှတ် (၁၃/၅) ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၉၊ ၃၀)၊ ဥတ္တရသီရိမြို့နယ်၌ ကျင်းပသည်။
အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၊ နေပြည်တော်ကောင်စီဝင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း ဧက ၁၀၀ ကမ္ဗည်းကျောက်စာအား အမွှေးနံ့သာရည်ဖြင့် ဖျန်းပက် ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြည်ထောင်စုနယ်မြေ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း၏ လှူဒါန်းငွေဖြင့် ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း ဧက ၁၀၀ သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရ သီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်း အကွက်အမှတ် (၂၉၊ ၃၀)၊ နေပြည်တော်- မကွေး-ကံပြား လမ်း မိုင်တိုင်အမှတ် (၁၃/၂ မှ ၁၃/၇) ဘေး အမှတ် (၂၁၆) နေပြည်တော်-မကွေး-ကံပြား လမ်း မိုင်တိုင်အမှတ် (၂၈/၁) ဘေး၌ တည်ရှိကြောင်း။
၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ စိုက်ခင်းသက်တမ်း (၅) နှစ်အထိ ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး သစ်တော ဦးစီးဌာန၊ ဦးစီးရုံးချုပ်၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ညွှန်ကြားရေးမှူး၊ ဥတ္တရခရိုင်၊ လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဥတ္တရသီရိမြို့နယ်၊ ဦးစီးအရာရှိတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် စိုက်ခင်းတာဝန်ခံ တောအုပ်ကြီး(၁)ဦး၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၉၊ ၃၀) ၌ တောအုပ် (၁) ဦး၊ တောခေါင်း (၂) ဦး၊ တောကြပ် (၁) ဦးတို့ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း။
စိုက်ပျိုးသည့် သစ်မျိုးများမှာ ကျွန်းနှင့် သစ်မာအုပ်စု (၁) ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ သင်္ဃန်း၊ အင်ကြင်း၊ သစ်ယာ အပါအဝင် စုစုပေါင်း သစ်မျိုးစုံ (၉၇) မျိုး စိုက်ပျိုးထားပြီး ပန္နက်အကွာ အဝေးမှာ ၆'×၆' ပန္နက်ဖြင့် (၁၀) ဧကနှင့် ၉'×၉' ပန္နက်ဖြင့် ဧက (၉၀) စိုက်ပျိုးထားပြီး စိုက်ပင်အရေအတွက် ၆'×၆' ပန္နက်ဖြင့် (၁၂,၁၀၀) ပင်နှင့် ၉'×၉' ပန္နက်ဖြင့် (၄၈,၆၀၀)၊ စုစုပေါင်း အပင် (၆၀,၇၀၀) စိုက်ပျိုးထားပါကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်အဖွဲ့သည် စိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ တရုတ်မြန်မာချစ်ကြည်ရေး စိုက်ခင်းသို့သွားရောက်ကာ နေပြည်ကောင်စီဝင်၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအား စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုအား လိုက်လံပြသခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)