ရန်ကုန် ဖေဖော်ဝါရီ ၂၃
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) တို့ ပူးပေါင်းပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတ ဖြစ်စေရေး ဦးတည်သော အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ရန်ကုန်ရုံး၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းလွင် က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့ အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆိုသည့် ရည်မှန်းချက်ပန်းတိုင်ပြည့်မီအောင် ဖြစ်စေရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အရေးကိစ္စများကို ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်ပြီး ရေတိုရေရှည်နည်းလမ်းများဖြင့် စီမံဆောင်ရွက် နိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ(၄)ခု ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ကြောင်း၊
ထို့အပြင် ဒေါက်တာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ထို့အပြင် ပြည်ထောင်စုစီမံကိန်းဖြစ်သည့် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကို ဖွဲ့စည်းကာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့်အပြင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ မြှင့်တင်ပေးရန်နှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်များအား ပြည်တွင်း ပြည်ပမှ ရင်းနှီး မြှုပ်နှံသူများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ အပါအဝင် ကဏ္ဍအသီးသီး ပိုမိုတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊
ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို ရခိုင်ပြည်နယ်တွင် အရေးတကြီး လိုအပ်နေကြောင်း၊ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်း အားလုံးအကြား လူမှုသဟဇာတဖြစ်မှုနှင့် ယုံကြည်မှုတည်ဆောက်ရေးအတွက် ဆောင်ရွက်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အဓိကကျပြီး လွန်စွာမှ အရေးကြီးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများကို နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗန်းရှင်း (UNCEDAW) ကို လက်မှတ်ရေးထိုးပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံ အပါအဝင် ဒေသတွင်း အမျိုးသမီးအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပဋိပက္ခကာလအတွင်း အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနဲ့ တုန့်ပြန်ရေးဆိုင်ရာ ပူးတွဲကြော်ငြာချက် (Joint communiqué) ကို ပဋိပက္ခအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နဲ့ လက်မှတ်ရေးထိုးပြီး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) ကိုလည်း ရေးဆွဲပြီး လွှတ်တော်မှာ ဆွေးနွေးနေပြီ ဖြစ်ကြောင်း၊ ယခုလို ဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသော မတူကွဲပြားတဲ့သူများအကြား အပြန်အလှန် လေးစားမှုနဲ့ အပြန်အလှန်နားလည်မှုတို့ တိုးတက်စေပြီး ငြိမ်းချမ်းရေးတိုးတက်မှုအတွက် အားကောင်းလာစေလိမ့်မည်လို့ ယုံကြည်ပါ ကြောင်း၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ မိတ်ဆွေနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့များ၏ နားလည်ပံ့ပိုးမှုသည် အရေးကြီးသောကြောင့် ဆက်လက်ပံ့ပိုးကူညီဖို့ တိုက်တွန်းလိုပါကြောင်း၊ ပဋိပက္ခများဖြစ်ပွားခြင်းမှ ရှောင်လွှဲရန်နှင့် ပဋိပက္ခများအဆုံးသတ်စေရန် အားလုံးဝိုင်းဝန်း ကြိုးပမ်းကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ ကျော်ရင်လှိုင်မှ CDNH အဖွဲ့၏ ဆောင်ရွက်လျက်ရှိသော လူမှုသဟဇာတဖြစ်စေရေး ဦးတည်သည့် လုပ်ငန်းများအကြောင်းကို လည်းကောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က ဆွေးနွေးပွဲများ ကျင်းပရခြင်း အကြောင်းကို လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးဌာနများမှအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ NRPC မှ တာဝန်ရှိသူများ၊ သံအမတ်ကြီး များ၊ သံရုံးတာဝန်ခံများ၊ ကုလသမဂ္ဂအဖွဲ့များနှင့် ICRC တို့မှ အကြီးအကဲများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့များမှ တာဝန်ရှိသူများ နှင့်အတူ ရခိုင်ပြည်နယ် (၁၇) မြို့နယ်မှ ကိုယ်စားလှယ် (၁၄၀) ဦး တက်ရောက်ခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲ ပထမနေ့ကို ဆက်လက်ကျင်းပရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများက ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲအား စုစုပေါင်း (၅)ရက် ကျင်းပမည်ဖြစ်ပြီး လူမှုသဟဇာတဖြစ်စေရေးကို ဦးတည်သော အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)