Skip to main content

ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် တရားတော်များကို ဓမ္မနှင့် ဂိနယဟူ၍ ခွဲခြားထားသည်။ ယင်းအနက် ဓမ္မတွင် သုတ္တန် နှင့် အဘိဓမ္မတို့ ပါဝင်သည်။ ပုဂ္ဂိုလ်သတ္တဝါတို့၏ စရိုက်ဝါသနာကို လိုက်၍ လူအများနားလည်လွယ်သော ဝေါဟာရများကို သုံးကာ ဥပမာ၊ ဥပမေယျ၊ ဂါထာ၊ ပုံဝတ္ထုသာဓကများဖြင့် ပုံဆောင်၍ ဟောကြားသော တရားတော်များကို သုတ္တန်ဟူ၍လည်းကောင်း၊ သုတ္တန္တပိဋကတွင် သာမညအားဖြင့် ဟောပြသည့် အယူဝါဒတို့ကို အသေးစိတ်အကျယ်ဖွင့်ဆိုသည့် တရားတို့ကို အဘိဓမ္မာဟူ၍ လည်းကောင်း၊ သံဃာ့အဖွဲ့အစည်းတွင် လိုက်နာရန်စည်းမျဉ်း စည်းကမ်းများကို ဝိနယဟူ၍လည်းကောင်း ပိဋကတ်သုံးပုံအားဖြင့် သုတ္တန္တပိဋက၊ ဝိနယ ပိဋက၊ အဘိဓမ္မပိဋက ဟူ၍ ခွဲခြားနိုင်သည်။

အဘိဓမ္မသည် ရိုးရိုးဓမ္မမဟုတ်သော သာလွန်ထူးကဲသည့် ဓမ္မဖြစ်သည်။ သုက္ကန်နှင့် ဝိနည်းဒေသနာတို့သည် ဒါန၊ သီလတို့၏ အကြောင်းအကျိုးတို့ကို ပြဆိုခြင်း၊ ရှေးရှေးဘဝတို့၌ ဖြစ်ခဲ့ဖူးသည့် အနိမ့်အမြင့်၊ ဆင်းရဲချမ်းသာတို့ကို ပြဆိုခြင်းဖြင့် ဟောကြားသည့် ဒေသနာများဖြစ်ပြီး အဘိဓမ္မာဒေသနာမှာမူ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ဣန္ဒြေ၊ အာရုံ၊ အာရမ္မဏိက၊ ရုပ်၊ နာမ်တရားတို့ကို ခွဲခြမ်း စိတ်ဖြာစီစဉ်၍ ဟောကြားသည့် ဒေသနာဖြစ်သည်။ အဘိဓမ္မာ ဒေသနာကြောင့် ခန္ဓာကိုယ်၏ရုပ်နာမ်အပေါင်း ပရမတ္ထသဘောကို နှလုံးသွင်းမိရာတွင် “သဗ္ဗေသင်္ခါရာအနိစ္စာ၊ သဗ္ဗေသင်္ခါရာ ဒုက္ခာ၊ သဗ္ဗေသင်္ခါရာ အနတ္တာ”ဟူ၍ လက္ခဏာရေးသုံးပါးကိုရှုဆင်ခြင်သဖြင့် မဂ်ဖိုလ်ကိုရ၍ ဝဋ်သုံးပါးမှလွတ်ကာ နိဗ္ဗာန်နန်းသို့ တက်လှမ်း နိုင်ကြကုန်သည်ဖြစ်သည်။ အဘိဓမ္မာဒေသနာတော်သည်သာလျှင် ဝဋ်သုံးပါးမှ လွတ်မြောက်၍ အဆုံးစွန်ဖြစ်သောကြောင့် ဝိနည်းနှင့် သုတ္တန်ဒေသနာတော်တို့ထက် ထူးကဲလွန်မြောက်သော ကားဟူ၍ မှတ်ယူကြရသည်။

မြတ်စွာဘုရားသည် အဘိဓမ္မာတရားကို ခုနစ်ဝါမြောက်တွင် ဟောကြားတော်မူခြင်းဖြစ်သော်လည်း သမ္မာသမ္ဗောဓိအဖြစ်သို့ ရောက်တော်မူစအခါကပင် အဘိဓမ္မာကို ဆင်ခြင်သုံးသပ်ခဲ့ခြင်း ဖြစ်သည်။ စတုတ္ထမြောက်သတ္တာဟဖြစ်သည့် ရတနာဃရ၌ စံနေတော်မူစဉ်ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာတို့ကို ဆင်ခြင်သုံးသပ်ခဲ့ခြင်း ဖြစ်ရာ အဘိဓမ္မာ ပိဋကပဋ္ဌာန်းကျမ်းကို ဆင်ခြင်သုံးသပ်တော်မူစဉ် ထက်ဝန်းကျင်ကိုယ်တော်မှ ခြောက်ပါးသောရောင်ခြည်တော်တို့ ထွက်ပေါ်ကာ ထက်အောက် ကောင်းကင်နှင့် အနန္တစကြ၀ဠာ တိုင်အောင် ပျံ့နှံ့သွားခဲ့သည်။ ဗုဒ္ဓဘာသာတွင် ဓမ္မဟူသော ဝေါဟာရ ၏အနက်သည် သင်ကြားပို့ချအပ်သော တရားဟူ၍လည်းကောင်း၊ ဖြစ်ရိုးဖြစ်စဉ်သဘောတရား ဟူ၍လည်းကောင်း၊ အကြောင်းတရား ဟူ၍လည်းကောင်း၊ အမှန်တရားဟူ၍လည်းကောင်း၊ ဂုဏ်ကျေးဇူး ကရားဟူ၍လည်းကောင်း၊ ဉာဏ်ဖြင့် သိသင့်သော ကရားဟူ၍ လည်းကောင်း၊ အမှန်ထင်ရှားရှိသော တရားဟူ၍လည်းကောင်း အရာဌာနကိုလိုက်၍ အမျိုးမျိုးဖွင့်ဆိုနိုင်သည်။ အဘိဓမ္မတွင် လာရှိ သည့် ဓမ္မမှာ အမှန်ထင်ရှားရှိသော သဘာဝတရားကို ဆိုခြင်းဖြစ် သည်။ အဘိဓမ္မာသည် မဖောက်မပြန် မှန်ကန်သည့်သဘာဝတရား ကို သင်ကြားပြသခြင်းပင်ဖြစ်သည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာတရားတော် အကျယ်ကို တာဝတိံသာနတ်ပြည်တွင် ဝါတွင်းသုံးလပတ်လုံး ဟောကြားတော် မူပြီး သီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည်သို့ ပြန်ဆင်းခဲ့သည့် အထိမ်းအမှတ်အဖြစ် သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ဟုသတ်မှတ်ခဲ့ကြသည်။ သီတင်းကျွတ်လပြည့်နေ့တွင် သာသနာ့ဝန်ဆောင်ရဟန်းတော်များ၏ ပဝါရဏာပွဲ၊ မီးမြင်းမိုရ်ပွဲ၊ မီးထွန်းပွဲ၊ သက်ကြီးပူဇော်ပွဲတို့ကိုလည်း အစဉ်အလာရိုးရာမပျက် ကျင်းပကြသည်။ ပဝါရဏာပွဲဟူသည် ရဟန်းသံဃာတော်များ လိုက်နာကျင့်သုံးရန် ဗုဒ္ဓချမှတ်ပေးခဲ့သော ကျင့်စဉ်ဖြစ်သည်။ "မြင်ရ၍၊ ကြားရ၍၊ သံသယဖြစ်၍ အပြစ်ရှိသည်ဟု ထင်မြင်ပါက ပြောဆိုဆုံးမတော်မူပါရန်” ရဟန်းတော် အချင်းချင်း ဖိတ်ကြား ခြင်းသည် ပဝါရဏာဖြစ်သည်။ သာသနာတော်သန့်ရှင်းရေး၊ စည်ပင်ရေး၊ ရဟန်းတော်များ ကိုယ်ကျင့်တရားကောင်းမွန်ရေး အတွက် အမှားကိုမြင်၊ အမှန်ပြင်နိုင်အောင် ထောက်ပြဝေဖန်နိုင်စေရန် ဗုဒ္ဓမြတ်စွာဘုရားက ချမှတ်ခဲ့ခြင်းဖြစ်သကဲ့သို့ သံဃာတော် အရှင် သူမြတ်တို့က ခေတ်အဆက်ဆက်တွင် မြဲမြဲမြံမြံ လိုက်နာကျင့်သုံး ခဲ့သည့်အတွက် မျက်မှောက်ခေတ်တိုင် တည်မြဲကာ ဗုဒ္ဓမြတ်စွာ သာသနာတော်သည် နေနှင့်လတို့နှယ် ရေရောင်အလင်းပေးနေခြင်း ဖြစ်သည်ဟု ကြည်ညိုသဒ္ဓါပွားများနိုင်ကြပါစေကြောင်း။