Skip to main content

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း အလုပ်သမားရေးရာဆိုင်ရာ ဆောင်ရွက်ချက်များ

နေပြည်တော် ဖေဖော်ဝါရီ ၂၃

နိုင်ငံတော်၏ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာတွင် စက်ရုံ၊ အလုပ်ရုံများ၏ ကုန်ထုတ် စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါ ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ မှန်မှန် ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပုံစံဖြင့် ကျား ၈၄၃၀ ဦး၊ မ ၂၁၉၂၄ ဦးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်စုစုပေါင်း ၃၀၃၅၄ ဦး ချုပ်ဆိုခဲ့ပါသည်။ အလုပ်ရှင်/ အလုပ်သမား အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ ကို ဖွဲ့စည်းထားရှိဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း လက်ခံရရှိမှု ၁၂၈ မှုတွင် အခြားဌာနသို့ လွှဲပြောင်းမှု လေးမှု၊ ကျေအေးမှု ၃၆ မှု၊ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းမှု ၂၁ မှု၊ ပိတ်သိမ်းမှု ရှစ်မှု၊ ငွေကြေးအကျိုးခံစားခွင့် ၄၅ မှုနှင့် လက်ကျန်အမှု ၁၄ မှုတို့ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်ရှိသူ ၁၅၈ ဦးအား ငွေကျပ် ၁၆၄၁၅၈၈၄၁ ကို ခံစားခွင့်ရရှိစေခဲ့ပါသည်။ ကျွမ်းကျင်လုပ်သားများ ရရှိစေရန် လေ့ကျင့်ပေးခြင်းနှင့် ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင် လုပ်သားများအား ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်၍ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်းများကို  ဇယားဖြင့် ဖော်ပြထားပါသည်။

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနအနေဖြင့် အများပြည်သူအလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေ မရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များ ယူရာတွင် ငွေကြေးခံစားခွင့်များ ရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ်သိန်းပေါင်း ၈၇၀၀ ကျော်ကို ခံစားခွင့်ပေးနိုင်ခဲ့ပြီး စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အသိပညာရရှိစေရန်အတွက် မြို့နယ်အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ စစ်ဆေးရေးအရာရှိများက စက်ရုံ၊ အလုပ်ရုံ ၂၉၇ ရုံမှ အလုပ်ရှင်၊ အလုပ်သမားများအား လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာနှင့် ဥပဒေရေးရာသိမှတ်ဖွယ်ရာများအား ပညာပေးဟောပြောပို့ချမှု ၂၁၉ ကြိမ် ဆောင်ရွက် ခဲ့သည်။ အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာ၌ ခုံသမာဓိအဖွဲ့တွင် ၂၂ မှုနှင့် ခုံသမာဓိကောင်စီတွင် ခုနစ်မှုကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။

လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သော စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုး ခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးမှုအနေဖြင့် အာမခံ အလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ်သိန်းပေါင်း ၁၆၀၀၀ ကျော် အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံ အလုပ်သမား ၁၈၄၅ ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ် သိန်း ၁၉၀၀ ကျော် ပြန်လည် ထုတ်ပေးခဲ့သည်။

အာမခံအလုပ်သမားများအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှု အခြေအနေများမှာ ဇယားဖြင့်ဖော်ပြထားပါသည်။