နေပြည်တော် ဇန်နဝါရီ ၄
ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ တတိယနေ့ကို ယနေ့နံနက် ၇ နာရီခွဲမှစတင်၍ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
အဆိုပါ ရောင်းချပွဲစတင်သည့် ဇန်နဝါရီ (၂) ရက်မှ ၃ ရက်အထိ ရတနာကုန်သည်များအနေဖြင့် ကျောက်မျက်အတွဲများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချမည့် ကျောက်မျက်အတွဲများ အတွက်ဈေးနှုန်း တင်သွင်းလွှာ များကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်း ထည့်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ယနေ့တွင် ရတနာကုန်သည်များက ဈေးနှုန်းတင်သွင်းလွှာများ ရေးသားတင်သွင်းထားသည့် ကျောက်မျက်အတွဲ ၂၈၆ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရာ ကျောက်မျက်အတွဲ (၉) တွဲကို ငွေကျပ် ၃၆ ဒသမ ၉၁၈ သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။
ထို့ပြင် ရတနာကုန်သည်များသည် ပြပွဲခန်းမ အပြင်ဘက်ရှိ သတ်မှတ်ဧရိယာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို လွတ်လပ်စွာ လေ့လာကြည့်ရှုကြပြီး ဇန်နဝါရီ (၅) ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စတင်ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် (၁) မှ အတွဲအမှတ် (၁၂၅၀) အထိ ကျောက်စိမ်းအတွဲပေါင်း ၁၂၅ဝ တွဲ၊ ဇန်နဝါရီ (၆) ရက်တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် (၁၂၅၁) မှ အတွဲအမှတ် (၂၅၀၀) အထိ ကျောက်စိမ်းအတွဲပေါင်း (၁၂၅၀) တွဲနှင့် ဇန်နဝါရီ (၇) ရက်တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် (၂၅၀၁) မှ အတွဲအမှတ် (၃၆၉၅) အထိ ကျောက်စိမ်းအတွဲပေါင်း ၁၁၉၅ တွဲတို့အတွက် ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ စနစ်တကျ ထည့်သွင်းခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ၌ ခင်းကျင်းပြသထားသည့်ကျောက်မျက် အတွဲများတွင် ကြမ်းခင်းဈေးအမြင့်ဆုံးသည် ငွေကျပ်သိန်း ၁၈၀၀ ဖြစ်ပြီး ကြမ်းခင်းဈေးအမြင့်ဆုံး ကျောက်စိမ်းအတွဲသည် ငွေကျပ် သိန်း ၁၀၀၀ ဖြစ်ကြောင်း၊ ကျောက်အတွဲ ဝယ်ယူသူ (သို့မဟုတ်) တင်ပြရောင်းချသူ နိုင်ငံသား ကျောက်မျက်ရတနာ ကုန်သည်များအနေဖြင့် ပြပွဲဗဟိုကော်မတီ၏ သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ပြပွဲတက်ရောက်ခွင့်၊ ဝယ်ယူခွင့်၊ တင်ပြရောင်းချခွင့် ပိတ်ပင်ခြင်းအပါအဝင် သတ်မှတ်စည်းကမ်းများနှင့်အညီ ပြပွဲဗဟို ကော်မတီက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-အောင်ရဲသွင်၊ ဓာတ်ပုံ-ထိန်နန်နော်