Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

 

နေပြည်တော် အောက်တိုဘာ  ၂၅

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၁)ကို  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးချစ်နိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာ ပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်တို့ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မည်သည့်နိုင်ငံတွင်မဆို ချမှတ်ထားသည့် နိုင်ငံရေးဆိုင်ရာ မူဝါဒများအား အစိုးရများက အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်၍ မိမိတို့ နိုင်ငံသည် သာယာဝပြောသည့် နိုင်ငံ၊ စားရေရိက္ခာပေါများသည့် နိုင်ငံဖြစ်ရန်လိုပြီး မိမိတို့အနေဖြင့် မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့သို့ ဆောင်ရွက်ရခြင်းမှာ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို အဓိကထား ဆောင်ရွက်နေရခြင်းကြောင့်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်နိုင်မည်ဆိုပါက စားရေရိက္ခာများ ပေါများမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်နိုင်သည့် အခြေခံစွမ်းအားစုများ မိမိတို့ပြည်တွင်း၌ အားလုံးရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် စားရေ ရိက္ခာပေါများရေး ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားရေရိက္ခာ ထုတ်လုပ်သူများသည် မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်း ရှိကြောင်း၊ ပြည်ပပို့ကုန်များတွင်လည်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံသည့် လုပ်ငန်းများမှ ထွက်ရှိလာသည့် ထုတ်ကုန်များမှ ပြည်ပဝင်ငွေအများဆုံး ရရှိနေခြင်းဖြစ်ကြောင်း။

 

ထိုသို့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသူများသည် ကျေးလက်နေ ပြည်သူများဖြစ်သဖြင့် မိမိတို့အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ စီးပွားရေးကောင်းမွန်ရေးအတွက် ဦးစားပေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများဘဝ တိုးတက်စေရေး အတွက် ပြည်နယ်များဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများအရ ကျေးလက်ဖွံဖြိုးရေး၊ ကျေးလက်စီးပွားရေး မြှင့်တင်ရေး၊ ပြည်နယ်များ ဖွံ့ဖြိုးရေးတို့အတွက် ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း။

 

၂၀၁၉ ခုနှစ်ကထုတ်ပြန်ခဲ့သည့် သန်းခေါင်စာရင်းအစီရင်ခံစာများအရ ဆောင် ရွက်ရမည့် လုပ်ငန်းများ များစွာရှိကြောင်း၊ အဆိုပါစာရင်းတွင် ၅ နှစ်အထက်လူဦးရေ ၄၆ ဒသမ ၄၆၃ သန်းရှိပြီး ကျောင်းလုံးဝ မနေဘူးသူ ၈ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း၊ အလားတူ ၂၅ နှစ်အထက်လူဦးရေ ၂၅ ဒသမ ၁၆၉ သန်းရှိပြီး အလယ်တန်းအထိ ပညာသင်ကြားခဲ့သူ ၁၈ သန်းကျော်ရှိသဖြင့် ၇ သန်းကျော်ခန့်သာ အထက်တန်းပညာ သင်ကြားမှုရှိကြောင်း၊ ထို့ကြောင့်မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်းမှုများရှိသည်ကို တွေ့ရှိရကြောင်း၊ ပညာရေးကိုဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း၊ “အတန်းပညာရှိမှ အသိပညာရမည်၊ အသိပညာရှိမှ အတတ်ပညာရမည် ဖြစ်ကြောင်း၊ လူငယ်များအား ကိုယ့်ခြေလှမ်းပေါ် တွင်ရပ်တည်နိုင်ရေး ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာသင်ကြားရေးအား မဖြစ်မနေဆောင်ရွက် ပေးရ မည်ဖြစ်ကြောင်း၊   သန်းခေါင်စာရင်းအရ နိုင်ငံတစ်ဝန်း ကျောင်းမနေဘူးသူ  ၈ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး ကယားပြည်နယ်တွင် ၉ ဒသမ ၇ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် ၁၉ ဒသမ ၅ ရာခိုင်နှုန်း၊ ချင်းပြည်နယ်တွင် ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊  မွန်ပြည်နယ်တွင် ၉ ဒသမ ၄ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်တွင် ၂၃ ရာခိုင်နှုန်းရှိသဖြင့် အဆိုပါပြည်နယ် ၅ ခုသည် ပြည်ထောင်စု၏ ပျမ်းမျှနှုန်းထက် ပိုမိုများပြားနေသည်ကို တွေ့ရှိရကြောင်း၊ စာရင်းများအရ မြို့ပြ၌ လူ ၁၀၀ တွင် ၅ ဦး၊ ကျေးလက်နေလူ ၁၀၀ တွင် ၉ ဦးသည် ကျောင်းတက်ရောက်မှု မရှိသည်ကို တွေ့ရှိရကြောင်း၊ လူဦးရေနှင့်အသက် အပိုင်း အခြားအရ ၅ နှစ်မှ ၉ နှစ်အတွင်း ၉၂ ရာခိုင်နှုန်းကျောင်းနေသည်ကို တွေ့ရှိရသော်လည်း ၁၀ နှစ်မှ ၁၅ နှစ်အရွယ်တွင် မူလတန်းလွန်မှ အလယ်တန်း အဆင့် ၇၂ ဒသမ ၉ ရာခိုင် နှုန်းသာ ရှိတော့ကြောင်း၊ ၁၆ နှစ်မှ ၂၉ နှစ်အထိ ပညာသင်ကြားသူ ၁၀ ဒသမ ၅ ရာခိုင်နှုန်းသာရှိ ကြောင်း၊ အသက်အပိုင်းအခြားအရ မူလတန်းပညာသင်ကြားသည့် အရွယ်များ သော်လည်း အလယ်တန်းပညာမှ အဆင့်မြင့်ပညာအထိ သင်ကြားသူများ နည်းပါးသွားကြောင်း၊ ထိုသို့ နည်းပါးသွားခြင်းတွင် ပညာသင်ကြားရန်အတွက် ငွေကြေးမတတ်နိုင် သူ ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ မိဘအလုပ်အား ကူညီနေရသူ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဝင်ရောက် ကူညီပေးရသူ ၇ ဒသမ ၂ ရာခိုင်နှုန်းရှိ ပြီး စုစုပေါင်းရာခိုင်နှုန်း ၅၇ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း၊  အဆိုပါ ကိစ္စရပ်များကို အစိုးရအနေဖြင့် ဝင်ရောက်ကူညီ ဖြေရှင်းဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူ ၇၀ ရာခိုင်နှုန်းသည် နိုင်ငံ၏စီးပွားရေးကို အဓိကထားဆောင်ရွက် ပေးနေခြင်းဖြစ်သဖြင့် ကျေးလက်နေပြည်သူများ၏ ပညာရေးကို အဓိကထား မြှင့်တင်ပေးရန်လိုကြောင်း၊ ထို့ကြောင့် တာဝန်ရှိသည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း။

 

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံဆောင်ရွက်လျက် ရှိသော် လည်း စိုက်ပျိုးရေး တက္ကသိုလ် ၁ ခု၊ မွေးမြူရေးနှင့်ကုသရေးဆေးတက္ကသိုလ် တစ်ခုသာရှိ ကြောင်း၊ အချို့ပြည်နယ်နှင့် တိုင်းများတွင်လည်း စိုက်ပျိုးရေးသိပ္ပံများ ရှိသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးပြည့်စုံအောင် မဖွင့်လှစ်နိုင်သေးကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက်မှုရှိစေရန်အတွက်  စိုက်ပျိုးမွေးမြူရေးသိပ္ပံများ ဖွင့်လှစ်ခြင်း၊ ထိုမှတစ်ဆင့် ကောလိပ်များနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် အဓိကလိုအပ်ချက်များရှိသည့် နေရာများတွင် တက္ကသိုလ် အဆင့်အထိ ဆက်လက်တိုးမြှင့်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ သို့မှသာ ကျေးလက် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ၊ နည်း များ ကောင်းမွန်စွာရရှိရန် လိုကြောင်း၊ စိုက်ပျိုးရေးတက္ကသိုလ်များ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် အဆိုပါ ကိစ္စရပ်များအား အထိုက်အလျောက် အသုံးချနိုင်မည်ဖြစ်ကြောင်း၊  မြေဩဇာအသုံး ပြုရာတွင်လည်း သဘာဝမြေဩဇာ များနှင့် ဓာတ်မြေဩဇာများလိုအပ်ကြောင်း၊ အထွက်နှုန်း တိုးစေရန်အတွက် ကျန်းမာရေးရှုထောင့်က လက်ခံထားသည့် ဓာတ်မြေဩဇာများကိုလည်း အသုံးပြုနိုင်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးအတွက် လိုအပ်သည့် မြေဩဇာများရရှိစေရေး အတွက် သဘာဝဓာတ်မြေဩဇာများဖြစ်သည့် Bio Fertilizers များ၊ သစ်ဆွေးမြေဩဇာများ၊ နွားချေးဝက်ချေးမြေဩဇာများနှင့် အီးအမ်ဘိုကာချီမြေဩဇာများသည် ပြည်တွင်း၌ ရရှိနိုင်သည့် နည်းလမ်းဖြစ်သဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လှောင်မွေးသည့် စနစ်ဖြင့် စနစ်တကျ မွေးမြူရန်လိုအပ်ကြောင်း၊ မိရိုးဖလာမွေးမြူရေး စနစ်များဖြင့် ရောင့်ရဲ မနေဘဲ တိုးတက်အောင် နည်းပညာအရဖောက်ထွက် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့ စနစ်တကျမွေးမြူနိုင်ရန်အတွက် အစိုးရအနေဖြင့် တိုက်တွန်းပေးခြင်း၊ ကူညီပေးခြင်း၊ ဆွဲတင်ပေးခြင်းများကို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ သို့မှသာ စိုက်ပျိုးရေး ထုတ်ကုန်များ အထွက်နှုန်းတိုး၍ ပြည်ပဝင်ငွေများ တိုးတက်လာပြီး သာယာဝပြောသည့် နိုင်ငံတည်ဆောက် နိုင်မည်ဖြစ်ကြောင်း။

 

 နိုင်ငံတွင်း ဓာတ်မြေဩဇာ လိုအပ်ချက်နှင့်ပတ်သက်၍ ပြောကြားရာတွင် “ပြည်တွင်းမှာ ဓာတ်မြေဩဇာ စက်ရုံ (၅) ရုံရှိတယ်။ ဒီ (၅) ရုံထဲက (၂) ရုံက လောလောဆယ်တော့ နည်းပညာအရ အိုဟောင်းတော့ သက်တမ်းသိပ်ကြာသွားတော့ မလုပ်နိုင်တော့ဘူး။ ကျန်တဲ့ (၃) ရုံနဲ့ ထုတ်နေကြတယ်။ မြေဩဇာကို ကျော်စွာရယ်၊ မြောင်းတကာရယ်၊ ပုသိမ်ရယ် (၃) ရုံရှိတယ်။ ကျော်စွာလည်း ဓာတ်ငွေ့ပြဿနာ ကြောင့်ရပ်ထားရတယ်။ ထုတ်ဖို့ ကြိုးစားနေပါတယ်။ ဒါတောင်မှ အဲဒီစက်ရုံပါပြီး တော့မှ ထုတ်မယ်ဆိုရင် တစ်နှစ်မှ စွမ်းအား ပြည့်လည်ရင် (၃)သိန်းလောက်ပဲ ထုတ်နိုင် တယ်။ ကျော်စွာ စက်ရုံအပါအဝင် ကျော်စွာရယ်၊ မြောင်းတကာရယ်၊ ပုသိမ်ရယ် (၃) ရုံ ကျွန်တော်တို့ဆီမှာ စောစောကပြောတဲ့ မိုးစပါး (၁၅)သန်း၊ နွေစပါး (၃)သန်း၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါတွေ စိုက်တာတွေ ရှိသေးတယ်။ အများကြီး ပဲ။ ဥပမာအားဖြင့် စာရင်းတောင်းကြည့်တာ ဧရာဝတီမြစ်ဘေးနဲ့ ချင်းတွင်းမြစ်ဘေး မှာစိုက် နေတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ဘယ်လောက်ရှိလဲ မေးကြည့်တဲ့ အခါကြတော့ ဧရာဝတီ မြစ်ဘေးနဲ့ ချင်းတွင်းမြစ်ဘေးမှာ မိုးစပါးစိုက်ဧက (၁၀)သန်းနဲ့ (၉)သိန်း ရှိတယ်။ (၁၁)သိန်း ထားပါတော့။ နွေစပါး (၂)သန်းကျော်ရှိတယ်။ အစေ့ထုတ်ပြောင်းက (၄)သိန်းကျော်ရှိတယ်။ ပဲမျိုးစုံ (၉)သန်းရှိတယ်။ ဆီထွက်သီးနှံပေါင်း (၆)သန်း ကျော်ရှိတယ်။ စက်မှုသီးနှံ (၈)သိန်းကျော်ရှိတယ်။ အားလုံးပေါင်း သန်း (၃၀)လောက် ဧရာဝတီမြစ်ဘေးနဲ့ ချင်းတွင်း မြစ်ဘေးမှာ စိုက်နေတဲ့ သီးနှံတွေရှိတယ်။ ဒီဟာတွေကို ကျွန်တော်တို့က မြေဩဇာပေးမယ် ဆိုရင် တစ်ဧကကို တစ်အိတ်နှုန်းပဲ ကြည့်ဦး နည်းတာမဟုတ်ဘူး။ ပြီးခဲ့တဲ့ (၃)နှစ်လောက်က ပြည်ပက သွင်းတဲ့ မြေဩဇာတွေ ကြည့်ပါ။ ယူရီးယားနဲ့ ကွန်ပေါင်း နှစ်မျိုးတည်းကို တစ်နှစ်ကို တန်ချိန် တစ်သန်းခွဲ လောက် သွင်းရတယ်။ ဒေါ်လာသန်းပေါင်း ၂၈၀ လောက် ကုန်တယ်။ ဒါပြီးခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်က ဈေး။ ဒီနှစ်ဈေးနဲ့ဆို မရဘူး။ နှစ်ဆလောက် တက်သွားမယ်။ ၂၈၀ ဆို ၅၆၀ လောက်ဖြစ်သွားမယ်။ စောစောက ပြောတဲ့ ကျွန်တော်တို့ဆီမှာရှိတဲ့ နိုင်ငံပိုင် စက်ရုံ (၃)ရုံက (၃)သိန်းပဲ ထုတ်နိုင်တယ်ဆိုတော့ ပြည်ပက သွင်းတာ တစ်သန်းခွဲလောက် သွင်းနေရတယ်။ ဆိုလိုတာက ကျွန်တော်တို့ဆီမှာ ဓာတ်မြေဩဇာတွေ လိုအပ်ချက်ရှိနေတယ်။ ဓာတ်မြေဩဇာကတော့ ဂတ်စ်ကို အခြေခံပြီး ထုတ်ပါတယ်။ ယူရီးယားဓာတ်မြေဩဇာ၊ ဓာတ်မြေဩဇာစက်ရုံတွေ ဆောက်ဖို့လိုပါတယ် ဟု ပြောကြားသည်။

 

မြစ်ချောင်းများအနီးစိုက်ပျိုးရေး လုပ်ငန်းများတွင် ရာသီမရွေးစိုက်ပျိုးရေ လုံလောက်စွာ ရရှိရေးအတွက် မြစ်ရေတင်စီမံကိန်းများအား ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေများလုံလောက် စွာရရှိပြီး အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ ဧရာဝတီမြစ်ရေ၏ ၈၀ ရာခိုင်နှုန်းခန့်သည် အကျိုးရှိစွာအသုံးချခြင်း မပြုနိုင်ဘဲ ပင်လယ်အတွင်းသို့ စီးဝင်သွားသည်ကို ပညာရှင်များက ထောက်ပြထားကြောင်း၊ အဆိုပါရေများအား မိမိတို့အနေဖြင့် အကျိုးရှိစွာ အသုံးချရန်လိုအပ်ကြောင်း၊ တစ်ကမ္ဘာလုံးတွင် ရေချိုရှားပါးမှု ပြဿနာများ ရှိကြောင်း၊ ဆည်ရေများကိုလည်း ချွေတာသည့်စနစ်နှင့် လုံလောက်အောင်သုံး သည့် စနစ်တို့ ပေါင်းစပ်ပြီး စိုက်ပျိုးရေးစီမံကိန်းများ အောင်မြင်အောင်ဆောင်ရွက်ရန် လိုကြောင်း။

 

မိမိတို့နိုင်ငံတွင် ကမ်းလွန်နှင့် ကုန်းတွင်းသဘာဝဓာတ်ငွေ့များထုတ်လုပ်လျက် ရှိပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသကဲ့သို့ ပြည်တွင်း၌လည်း သဘာဝဓာတ်ငွေ့များ အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ကမ်းရိုးတန်းဒေသများတွင်လည်း လေအားလျှပ်စစ်ဓာတ်အားများ ထုတ်ယူ၍ရကြောင်း၊ အလားတူ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းများကိုဆောင်ရွက်၍ အသုံးချရန် လိုကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ဒေသအလိုက် ရရှိသောအခြေအနေပေါ် မူတည်၍ Small Scale, Median Scale များကို ဆောင်ရွက်၍ရနိုင်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မည် ဆိုပါက လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်သဖြင့် အားပေးဆောင်ရွက်ကြရန်လိုကြောင်း။

 

ပြည်တွင်းကုန်ထုတ်လုပ်မှုများအတွက် ဆောင်ရွက်လျက်ရှိသည့် စက်ရုံများတွင် ဓာတ်ငွေ့များ လိုအပ်မှုရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် စွမ်းအင်ကဏ္ဍတွင် သဘာဝ ဓာတ်ငွေ့အား ပြည်တွင်း၌ လုံလောက်စွာ အသုံးချနိုင်ရေး စွမ်းအင်မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူကျောက်မီးသွေး များကိုလည်း စနစ်တကျအသုံးချ၍ စက်ရုံများတွင် လိုအပ်သည့် စွမ်းအင်များထုတ်လုပ်နိုင်ရေး အသုံးချ ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများအတွက်ဆောင်ရွက်ရာတွင် လိုအပ်သည့် ဘိလပ်မြေထုတ်လုပ်ရေး လုပ်ငန်းကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ အဆင့်မီသည့် အုတ်များ ထုတ်လုပ်နိုင်ရေးအတွက်လည်း ဆောင်ရွက်ရန်လိုကြောင်း။

 

ပြည်တွင်း၌ ဘိလပ်မြေနှင့် သံချောင်းများ လုံလောက်စွာထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် လိုအပ်မှုနှင့် ပတ်သက်၍ ပြောကြားရာတွင် “ဘိလပ်မြေစက်ရုံ ပုဂ္ဂလိကပိုင် ၁၆ ရုံ၊ နိုင်ငံပိုင် ၃ ရုံ အားလုံးပေါင်း ၁၉ ရုံရှိတယ်။ သူရဲ့ထုတ်လုပ်နိုင်တဲ့ စက်စွမ်းအားပြည့် ထုတ်မယ်ဆိုရင် ၁၆ သန်းနဲ့ ၁၇၀၀၀၀ ထုတ်နိုင်တယ်။ တချို့က Dry Process ပေါ့၊ တချို့ကလည်း Wet Process နဲ့လုပ်တယ်။ အစိုနည်း၊ အခြောက်နည်းပေါ့။ တစ်ကယ်က တော့ အခြောက်နည်းကတော့ မြန်မာဘက်မှာတော့ အကောင်းဆုံးနည်းလမ်းပါ။ ဘိလပ်မြေ စက်ရုံများကိုလည်း Dry Method ကိုပြောင်းကြပါ။ ဒီအတွက်နိုင်ငံတော် ကနေပြီးတော့ ငွေချေးပေးမယ်။ ကျွန်တော်နိုင်ငံခြားငွေ ချေးပေးနိုင်ပါတယ်။ ကျွန်တော် ပြည်ပကနေဝယ်ဖို့အတွက် လိုတဲ့ပိုက်ဆံ ကျွန်တော်တို့ ချေးပေးလို့ရပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့ ဆောင်ရွက် မယ်ဆိုရင် လုပ်ပေးလို့ရတယ်။ ပြည်တွင်း ဘိလပ်မြေလုပ်ငန်းအားပေးရမယ်။ ၁၆ သန်း ထုတ်နိုင်တယ်။ အခုကျွန်တော်တို့ စာရင်းကောက်ကြည့်တဲ့အခါမှာ ၁၀ သန်းကနေ ၁၁ သန်းလောက် သုံးနေပါတယ်။ ဆိုလိုတာက လုံလောက်မှုရှိတယ်။ ပြည်ပကဘာမှ ဘိလပ်မြေ သွင်းစရာအကြောင်း မရှိဘူး။ သွင်းတဲ့ဘိလပ်မြေ ဘာလို့သွင်းတာလဲမေးကြည့်တော့ Quality ကောင်း လို့တဲ့။ အဲဒါဆိုကိုယ့်ဆီကဘိလပ်မြေတွေ Quality ကောင်းအောင်လုပ်ရမယ်။ Standard တစ်ခု ပေးရမှာပေါ့။ EU ရဲ့ Standard ဘယ်လောက်လဲ၊ UK ရဲ့ Standard ဘယ်လောက်ရှိလဲ အမေရိကန် Standard ဘယ်လောက်နဲ့ညီရမယ်၊ တရုတ် Standard နဲ့ဘယ်လောက် ညီရမယ်၊ ဂျပန် Standard နဲ့ ဘယ်လောက်ညီရမယ်။ ဒီ Standard ကို ကျွန်တော်တို့ရဖို့ ဒီစက်ရုံတွေလုပ်ကိုလုပ်ရမယ်။ မလုပ်ရင်အဲဒီစက်ရုံ ပိတ်မယ်။ ဒီလိုသွားမှ ရမှာပေါ့။ မှိန်းလိုက်နေရင် ဘယ်လိုမှကို အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် တစ်နေ့ကလည်း သက်ဆိုင်ရာဝန်ကြီးများ၊ ဝန်ကြီးချုပ်များကို ပြောပါတယ်။ ခင်ဗျားတို့နယ်မြေမှာရှိတဲ့ ဥပမာရှမ်းပြည်နယ်တို့၊ မန္တလေးတိုင်းတို့ ဆိုရင် ဘိလပ်မြေစက်ရုံ တွေရှိတယ်။ နေပြည်တော်ကောင်စီဆိုရင် ဘိလပ်မြေစက်ရုံ တွေရှိတယ်။ စစ်ပါ။ ပြီးရင်ခုနက ပြောတဲ့ မူဝါဒနဲ့ဖြစ်အောင်လုပ်ပါ။ အဲဒါဆိုရင်ပြည်ပ ကနေဘိလပ်မြေ တင်သွင်းမှုတွေ လျော့ကျသွားမယ်။ မရှိအောင်လုပ်လို့ရတယ်။ ပြီးတော့ သံချောင်းပေါ့။ မြန်မာနိုင်ငံမှာ သံမဏိ ကုန်ကြမ်းထုတ်နိုင်တဲ့ သံကြမ်းတွေရှိ ပါတယ်။ လေးနေရာလောက်က စီးပွားဖြစ် ထုတ်လို့ရနိုင်တဲ့ တကယ့်ကို နှစ်ပေါင်း များစွာထုတ်လို့ရနိုင်တဲ့နေရာတွေရှိတယ်။ လေးနေရာ လောက်ရှိတယ်။ အဲဒီတော့ သံကလည်း အတူတူပဲ ပြည်ပကနေ သံချောင်းတွေတင်သွင်းနေရ တာရှိတယ်။ အဲ့ဒါကြောင့် သံမဏိ စက်ရုံတည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော် လိုက်လံအား ပေးနေပါတယ်။ ကျွန်တော်တို့က သံချောင်းအသေးလေးတွေနဲ့ ကျေနပ်နေလို့မရဘူး။ ငါးမူးလုံးတို့။ တစ်ကျပ်လုံးတို့။ ဒီလိုကနေပြီးတော့ မျိုးစုံသွားရမှာပေါ့ H Beam တို့ I Beam တို့ ထုတ်နိုင်တဲ့အဆင့်တို့၊ တံတားဆောက်နိုင်တဲ့ဟာမျိုး ဒီလိုလေးတွေ ကျွန်တော် တို့သွားရမှာ။ မလုပ်လို့မရဘူး။ ပြည်တွင်းမှာလည်း ကုန်ကြမ်းတွေရှိရဲ့ သားနဲ့ကိုယ်ကမလုပ်ဘူး။ ပြည်ပကနေပဲအကုန်ထိုင်ပြီးသွင်းနေလို့ရှိရင် ဒီတိုင်းပြည်မွဲဖို့ ပဲရှိတယ်။ ဒါကြောင့်ဘိလပ်မြေ နဲ့ပတ်သက်တာပြည်တွင်းမှာ လုံလောက်စွာထုတ်ဖို့ လုပ်ဆောင်နေပါတယ်။ ဓာတ်မြေဩဇာနဲ့ ပတ်သက်လိုရှိရင်စက်ရုံအသစ် လုပ်ချင်တဲ့ သူတွေ ဓာတ်မြေဩဇာထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေ ပြည်တွင်း ပြည်ပ မည်သူမဆိုကျွန်တော် ဖိတ်ခေါ်ပါတယ်။ ဓာတ်မြေဩဇာ ထုတ်လုပ်ရေးနဲ့ ပတ်သက်ရင် ဒီအတွက်သွင်းအားစုဖြစ်တဲ့ ကျွန်တော်တို့ Gas နဲ့ လျှပ်စစ်ဓာတ် ရရှိရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ညှိပါမယ်။ ကျွန်တော်တို့က စောစောကပြောတဲ့ လျှပ်စစ်ကို ရအောင်၊ တစ်ဖက်ကလည်း တိုးအောင်လုပ်ဖို့အတွက်လုပ်ပြီးတော့မှ ပြည်တွင်းလိုအပ်ချက်ကို ခုနကပြောတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် Renewable Energy ကရအောင်လုပ်နိုင်ရင်။ ဟိုဘက်က Gas ကို ရအောင်လျှော့ပြီး ရတဲ့ဟာကို စက်ရုံအလုပ်ရုံသုံးမယ်ဆိုရင်ဖြစ်နိုင်တယ်။ ဒါမျိုးတွေကိုလည်း ကျွန်တော်တို့စဉ်းစား ရမှာပေါ့။ လွယ်လွယ်ကူကူ။ လွယ်တဲ့နည်းလမ်း တော့ စဉ်းစားလို့မရဘူး။ တိုင်းပြည် ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတဲ့ စိတ်နဲ့ လုပ်မှရမယ်ဆိုတာလေး ကျွန်တော် ပြောလိုပါတယ်။ အဲဒီတော့ခုနကပြောတဲ့ စီးပွားရေးနဲ့ ပတ်သက်ရင် ကျွန်တော်စွမ်းအင်နဲ့ ပတ်သက်တဲ့ မူဝါဒလည်း ပေးခဲ့ပါတယ်။ သံမဏိနဲ့ ပတ်သက်တာကို ကျွန်တော်ပြောပါတယ်။ သံမဏိလုပ်မယ်ဆိုရင်လည်း စောစောက ဓာတ်မြေ ဩဇာစက်ရုံတွေလိုဘဲ သံမဏိစက်ရုံလုပ်မယ်ဆိုလဲ အားပေးပါတယ်။ မည်သည့် တိုင်းရင်းသား လုပ်ငန်းရှင် မဆို၊ မည်သည့်နိုင်ငံမဆို သံမဏိထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး တော့ ဆောင်ရွက်မယ် ဆိုရင်ကျွန်တော် အတတ်နိုင်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့ ကျွန်တော်ပြော လိုပါတယ် ဟု ပြောကြားသည်။

 

ဆက်လက်ပြီး ၂၀၂၀-၂၀၂၁ ဘက်ဂျက်ကာလအတွင်း အကြမ်းဖျဉ်းအားဖြင့် နိုင်ငံခြားပို့ကုန်သွင်းကုန် လုပ်ငန်းများတွင် နိုင်ငံခြားငွေများပိုလျှံမှုရှိကြောင်း၊ မိမိတို့ ချွေတာ၍ ရသည့်လုပ်ငန်းများတွင် ယခုထက်ပိုမိုချွေတာမည်ဆိုပါက ယခုထက်ပိုမို၍ ပိုငွေများပြလာနိုင်ကြောင်း၊ ဥပမာအားဖြင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုများ ပဏာမ အားဖြင့်များပြားခဲ့သဖြင့် လျှော့ချရန်လိုကြောင်း၊ ပြည်တွင်းဆီစားသုံးမှု နှုန်းမှာ မြင့်မားလျက်ရှိပြီး လျှော့ချနိုင်ပါက ကုန်သွယ်မှုပိုငွေများ ယခုထက်ပိုမို များပြားလာမည်ဖြစ်ကြောင်း၊ အလားတူ စက်သုံးဆီသုံး စွဲမှုများအား လျှော့ချရန်လိုကြောင်း။

 

ယင်းနောက် ပို့ဆောင်ရေးနှင့်ပတ်သက်၍ပြောကြားရာတွင် “ပို့ဆောင်ရေးနဲ့ ပတ်သက်ရင် Public Transportation ကို ကျွန်တော်တို့အားပေးဖို့လိုတယ်။ မီးရထားတွေ၊ မြို့ပတ်ရထားတွေ၊ ဘတ်စ်ကား လိုင်းတွေ။ ဒါတွေများများ သုံးနိုင်အောင်လုပ်ပါ၊ ဒါကြောင့် ကျွန်တော်အရှုံးခံပြီး ရထားလမ်းတွေ ဖွင့်ခိုင်းပါတယ်။ ဘယ်လောက်ပဲဖျက်ဖျက်၊ ဘယ်လောက်ပဲဖျက်ဖျက်ရအောင် ဆွဲမယ်ဆိုပြီး ကျွန်တော် လုပ်ပေးနေတယ်။ ရထားလမ်း တွေကိုလည်းရအောင် အဆင့်မြှင့်ခိုင်းနေပါတယ်။ ဒါက ဘာလဲဆိုတော့ တိုင်းပြည်အတွက် အကျိုးရှိတဲ့လုပ်ငန်းမို့လို့။ စီးပွားရေးအရ ကြည့်မယ်ဆိုရင်တော့  အကျိုးမရှိနိုင်ပေမယ့် တိုင်းပြည်အတွက် တော့ အကျိုးရှိတယ်။ Public Transportation ကိုကျွန်တော်တို့က အားပေးဖို့လိုတယ်။ အဲ့ဒီ Public Transportation မှာ လျှပ်စစ်ကိုရအောင် ပြောင်းနိုင်လို့ရှိရင် ဒီထက်ပိုအကျိုးရှိမယ်။ ဒါ့ကြောင့်ကျွန်တော်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် တွန်းအားပေးနေ ခြင်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားနဲ့ ပြေးရပါလိမ့်မယ်။ တစ်နိုင်ငံလုံးမြို့ပတ်ရထားလမ်းဆို မြို့ပတ်လမ်း အတိုင်းသွားမယ်။ မြို့ပေါ်တွေမှာ သုံးတဲ့ကားတွေက လျှပ်စစ်ကားတွေ ဖြစ်ရမယ်။ ဒီမူဝါဒကိုတွက်နေပါတယ်။ အချိန်လေးတစ်ခု တွက်ချက်ပြီးလို့ရှိရင် ကျွန်တော်တို့ ကြေငြာပါ့မယ်။ ဘယ်နှစ်မှာတော့ လျှပ်စစ်ကားသုံးတဲ့စနစ်ကို ဘယ်အဆင့်မှာပြောင်းပြီးသား ဖြစ်ရမယ်။ Private Use တွေပေါ့ဗျာ။ ကိုယ်ပိုင်ကားတွေ၊ ကားငယ်လေးတွ ဆိုလို့ရှိရင်။ လုပ်ငန်းခွင်သုံးတဲ့ ကားကြီးတွေကတော့ ဖြစ်ကောင်းဖြစ်နိုင်မှာပေါ့လေ။ နည်းပညာအရ အခြားနိုင်ငံတွေမှာ ဖြစ်နေတဲ့ အခြေအနေတွေ ကျွန်တော်တို့ ကြည့်ရအုန်းမယ်။ အခုနကပြောတဲ့ လူစီးကားကတော့ဖြစ်တယ်။ ဘတ်စ်ကားတွေဖြစ်နိုင်တယ်။ ဒီဟာတွေဟာ ဘယ်နှစ်မှာ လျှပ်စစ်စနစ်ကိုပြောင်းရမယ်ဆိုပြီး ကျွန်တော်တို့ လုပ်ရမယ်။ ဒါမှမလုပ်ရင်လဲကျွန်တော်တို့ကျန်ခဲ့လိမ့်မယ်။ ဆီဖိုးနဲ့မွဲလိမ့်မယ်။ ဟု ပြောကြားသည်။

 

ထို့နောက် စားသောက်ကုန်နှင့်ပတ်သက်၍ ပြည်ပမှစားသောက်ကုန်များနှင့် သုံးကုန်များအား တင်သွင်းလျက် ရှိကြောင်း၊ အဆိုပါစားသောက်ကုန်နှင့်သုံးကုန်များအား ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရန်လိုပြီး SME များကို အားပေးရန် လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းများ အလိုက် စက်မှုဇုံများနှင့် စက်ရုံများတွင် ဆောင်ရွက်၍ရကြောင်း၊ နည်းပညာများအသုံးပြု၍ ပြည်တွင်း စားသောက်ကုန်များအား အရည်အသွေးပြည့်မီ စွာထုတ်လုပ်နိုင်ရေးနှင့် အိမ်တွင်းစက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်းထုတ်ကုန်များအား ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေး အားပေးဆောင်ရွက်ရန် လိုကြောင်း၊ စားကုန်၊ သောက်ကုန်နှင့် သုံးကုန်များအား ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်၍ ပြည်ပ သွင်းကုန်များအား တတ်နိုင်သမျှ လျှော့ချဆောင်ရွက်ရန် လိုကြောင်း။

 

ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးမှုများ များစွာရှိပြီး စိုက်ဧက ၄ သိန်းခန့်ရှိကြောင်း၊ အဆိုပါဝါများကိုလည်း နိုင်ငံတကာအထွက်နှုန်းကို မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်း လိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်သဖြင့် ဝါစိုက်ပျိုးမှု နည်းပညာမြင့်မားရေးအတွက် ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဝါစိုက်ပျိုးတောင်သူများအား အားပေး ဆောင်ရွက် ရန်လိုကြောင်း။

 

မိမိတို့အနေဖြင့် နိုင်ငံရေးအရချမှတ်ထားသည့် မူဝါဒများအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပြီး အဓိကအားဖြင့် စီးပွားရေးမြှင့်တင်ရန်နှင့် စည်းကမ်း ကောင်းမွန်အောင် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို မြှင့်တင် နိုင်မည်ဆိုပါက နိုင်ငံစီးပွားရေး ကောင်းမွန်မည်ဖြစ်ကြောင်း၊ ပညာရေးမြှင့်တင်ပေးမှု ဆောင်ရွက်ရာတွင် အခြေခံပညာအား မသင်မနေရစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အလယ်တန်းအဆင့်အား ဦးတည်၍ အခြေခံပညာ သင်ကြားခြင်း ဖြစ်ကြောင်း၊ KG + 9 အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးတွင် အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဆရာ၊ ဆရာမများ လုံလောက်စွာ ရှိရေးအတွက်လည်း ခန့်အပ်ဆောင်ရွက်လျက် ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ၃ ရာခိုင်နှုန်း အောက်ရရှိသည့်အချိန်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်သူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး လိုအပ်သည့် ကာကွယ်ဆေးများ ထပ်မံဝယ်ယူရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများအား ထိန်းချုပ်နိုင်သည့်အချိန်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ပြီး စက်ရုံအလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်မည် ဖြစ်သဖြင့် နိုင်ငံ၏စီးပွားရေးမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လျှောက်လှမ်းနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရာတွင် အသိပညာအတတ်ပညာ ပေါကြွယ်ဝသည့် လူသားအရင်းအမြစ်များ မရှိမဖြစ်လိုအပ် သဖြင့် ပညာရေးနှင့် ပတ်သက်သည့် အားနည်းသည့်ပြည်နယ်နှင့် တိုင်းဒေသကြီးများ အနေဖြင့် အလေးထားဆောင်ရွက်ကြရန် လိုကြောင်း၊ ပညာရေးမြင့်မားမှသာ အသိပညာနှင့် အတတ်ပညာများ တတ်မြောက်လာပြီး ဒီမိုကရေစီကို နားလည်လာမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု အဆင့်နှင့် ပြည်ထောင်စု စိတ်ဓာတ်ကို ပိုမိုနားလည်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် ပညာတတ်များ ပေါများစေရေး ပညာရေးမြှင့်တင်မှုကို ဦးစားပေး တွန်းအားပေး ဆောင်ရွက်ကြရန် လိုကြောင်း မှာကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍ အလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြုချက် ရယူကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပညာရေးနှင့် ပတ်သက်၍ KG + 9 အထိ နိုင်ငံတော်အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးရန်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့်လည်း စာသင်ကျောင်းများကို အဆင့်မီအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အခြေခံပညာ ကျောင်းများတွင် ဆရာ၊ ဆရာများ အပြည့်အဝ ခန့်ထားနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နယ်စပ်ဒေသနှင့် ဝေးလံခေါင်သီဒေသများရှိ အခြေခံပညာ ကျောင်းသားကျောင်းသူများ အမှန်တကယ် စာတတ်မြောက်အောင် လေ့ကျင့် သင်ကြားပေးရန် လိုကြောင်း၊ ထို့ပြင် ဆရာ၊ ဆရာမများ အနေဖြင့် ကလေးများ အမှန်တကယ် နားလည်တတ်ကျွမ်းမှု ရရှိစေရေး သင်ကြားပေးရန်လည်း လိုကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် အရည်အချင်း ပြည့်ဝသည့် ပညာရေးဝန်ထမ်းများကို လေ့ကျင့်မွေးထုတ်သွားရန် လိုကြောင်း။

 

နိုင်ငံတော် တည်ဆောက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်သည် အရေးကြီး ကြောင်း၊ သိပ္ပံဘာသာရပ်တွင် ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာပညာရှင်များ အရေးကြီးသကဲ့သို့ စီးပွားရေးနှင့် ဥပဒေ ပညာရှင်များလည်း လေ့ကျင့်မွေးထုတ်ပေးရန် လိုအပ်ကြောင်း၊ ထို့ပြင် ကျေးလက် စီးပွားရေးမြှင့်တင်ပေးရန်အတွက်  စိုက်ပျိုးမွေးမြူရေး ပညာရှင်များ လိုအပ်ကြောင်း၊ နိုင်ငံရပ်ခြားသို့ ပညာတော်သင်များ များစွာစေလွှတ် နိုင်ပါက နိုင်ငံတော်အတွက် အကျိုးရှိကြောင်း၊ ပညာတော်သင်များကို နေရာချထားရာ တွင်လည်း တတ်မြောက်ထားသည့် ပညာရပ်နှင့်ကိုက်ညီသည့် လုပ်ငန်းများတွင် လူမှန်၊ နေရာမှန် တာဝန်ပေး နေရာချထားရန် လိုကြောင်း။

 

ကျေးလက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ထုတ်လုပ်သူ သမဝါယမ အသင်းများ ဖွဲ့စည်းထားရှိ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်၊ စီမံခန့်ခွဲ ရောင်းချခြင်းဖြင့် တိုက်ရိုက် အကျိုးစီးပွား ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ သမဝါယမစနစ်ကို အခြေခံပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများအတွက် ပြည်တွင်း ကုန်ကြမ်းများ မှန်မှန်ကန်ကန် ရရှိအောင် ဆောင်ရွက်ပြီး ပြည်ပပို့ကုန် ထုတ်လုပ်နိုင်သည့်အဆင့်အထိ ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊

 

ပို့ဆောင်ရေးအတွက်လည်း လမ်းများကောင်းမွန်ရန်လိုကြောင်း၊ ကျေးလက်လမ်းများနှင့် ကုန်ထုတ်လမ်းများ ကောင်းမွန်ရေး အလေးပေးဆောင်ရွက်ကြရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ထို့အတူ အများပြည်သူ သယ်ယူ ပို့ဆောင်ရေးစနစ်ဖြစ်သည့် ကားလမ်း၊ ရထားလမ်းများ ဖွံ့ဖြိုးတိုးတက်အောင် အလေးပေး ဆောင်ရွက်သွားရန်လိုကြောင်း၊  

 

စီးပွားရေးတည်ငြိမ်တိုးတက်အောင် လုပ်ဆောင်ပြီး ငွေကြေးတန်ဖိုး ပြောင်းလဲမှု မရှိဘဲ ခိုင်မာအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊  ငွေကြေးတန်ဖိုးကို ထိန်းသိမ်းပြီး ဘဏ်စနစ် တည်ငြိမ်အောင် တတ်နိုင်သမျှ ဆောင်ရွက်လျက်ရှိကြောင်း၊ ပို့ကုန်များ များစွာတင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပြီး သွင်းကုန်ပမာဏ ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်ကာ တိုင်းပြည်စီးပွားရေး တိုးတက်အောင် လုပ်ဆောင်နေကြောင်း၊ အဓိကအားဖြင့် မိမိတို့ တိုင်းပြည်တိုးတက်အောင် လုပ်ကိုင်ဆောင်ရွက် နေကြရန် လိုသာကြောင်း၊ ဝန်ကြီးဌာနများ အနေဖြင့် လုပ်ဆောင်ရန်ရှိသည့် လုပ်ငန်းများအပေါ် ကြိုတင်မျှော်တွေး၍ ကြပ်ကြပ်မတ်မတ်ဖြင့် အလေးအနက်ထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။

 

(သတင်းစဉ်)