Skip to main content

ယခုဘဏ္ဍာနှစ်၏ ပထမသုံးလတာအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉၇၅၂ သန်းကျော်ရှိလာ

နေပြည်တော် ဖေဖော်ဝါရီ ၂၆

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၏ ဒီဇင်ဘာလအတွက် ဗဟိုစာရင်းအင်းအဖွဲ့ မှ ထုတ်ပြန်သည့် ပို့ကုန်၊ သွင်းကုန်အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၃၂၄ ဒသမ ၅၃သန်းအထိ ကုန်သွယ်နိုင်ခဲ့ကြောင်းနှင့် ပထမသုံးလတာ အတွင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၉၇၅၂ ဒသမ ၄၀ သန်း ရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလအတွင်း ပုံမှန်ပို့ကုန်များတင်ပို့ရာတွင် အမေရိကန်ဒေါ်လာ ၈၇၀ ဒသမ ၇၂ သန်းရှိခဲ့ပြီး နယ်စပ်ပို့ကုန်များတင်ပို့ရာတွင် အမေရိကန် ဒေါ်လာ ၅၆၁ ဒသမ ၁၇ သန်းအထိ တင်ပို့နိုင်ခဲ့သဖြင့် တစ်လတာ အတွင်း စုစုပေါင်းပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၃၁ ဒသမ ၈၉ သန်းအထိ တင်ပို့ထားနိုင်ခဲ့သည်ကို သိရှိရသည်။ ပုံမှန်သွင်းကုန်များ တင်သွင်းရာတွင်လည်း အမေရိကန်ဒေါ်လာ ၁၆၀၁ ဒသမ ဝ၅ သန်းရှိခဲ့ပြီး နယ်စပ်မှတစ်ဆင့် တင်သွင်းသည့် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉၁ ဒသမ ၅၉ သန်းရှိခဲ့သဖြင့် တစ်လတာအတွင်း စုစုပေါင်း သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈၉၂ ဒသမ ၆၄ သန်းအထိ ရှိခဲ့သည်ဟု ပို့ကုန်၊ သွင်းကုန် အစီရင်ခံစာအရ သိရှိရသည်။

“လက်ရှိဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုလိုငွေကို သန်း ၅၀ဝ အထိ လျှော့ချသွားနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ကုန်သွယ်မှု လိုငွေဆိုတာက တင်ပို့တဲ့ ပို့ကုန်တန်ဖိုးက နည်းနေပြီး တိုင်းပြည်အတွင်းကို တင်သွင်းတဲ့ သွင်းကုန် တန်ဖိုးက များနေတဲ့အနေ အထားကို ဆိုလိုပါတယ်။ ကျွန်တော်တို့ဟာ ကုန်သွယ်မှုလိုငွေအနည်းဆုံးဖြစ်အောင် ကြိုးပမ်းဖို့အတွက် တန်ဖိုးမြင့် ကုန်စည် တွေကို များများတင်ပို့နိုင်အောင်၊ ပြည်တွင်းကနေ ပို့ကုန်အမယ်သစ်တွေ ခပ်များများတင်ပို့လာနိုင်အောင် ဆောင်ရွက်သွား ရမှာဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်က ပြောကြားထားသည်။

ယခုထုတ်ပြန်ထားသည့် ဒီဇင်ဘာလအတွက် ပို့ကုန်သွင်းကုန်အစီရင်ခံစာ အရ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၃၂၄ ဒသမ ၅၃ သန်းဖြစ်သော်လည်း စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၄၆၀ ဒသမ ၇၅ သန်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၇၂၂ ဒသမ ၃၀ သန်းရှိခဲ့ပြီး နယ်စပ်သို့ တင်ပို့သည့် ပို့ကုန်များတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀၃၉ ဒသမ ၈၄ သန်း ရှိခဲ့သည်။ စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၇၆၂ ဒသမ ၁၄ သန်းရှိခဲ့သည်။ ပုံမှန်သွင်းကုန်တန်ဖိုးများမှာမူ အမေရိကန် ဒေါ်လာ ၄၁၇၂ ဒသမ ၉၃ သန်းရှိပြီး နယ်စပ်မှ သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၈၁၇ ဒသမ ၃၃ သန်းရှိခဲ့သည့်အတွက် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၉၉၀ ဒသမ ၂၆ သန်းရှိခဲ့ကြောင်း သိရှိရသည်။

ပထမသုံးလတာအတွင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၉၇၅၂ ဒသမ ၄၀ သန်းရှိခဲ့သဖြင့် ကုန်သွယ်မှုလိုငွေပမာဏမှာ အမေရိကန် ဒေါ်လာ ၂၂၈ ဒသမ ၁၂ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် ပို့ကုန်၊ သွင်းကုန်အခြေအနေအစီရင်ခံစာတွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံက ပို့ကုန်ပိုင်းမှာဆိုရင် တစ်ဖက်က ဈေးကွက်တိုးချဲ့နိုင်ဖို့ အတွက် အခွင့်အလမ်းကောင်းတွေ အများကြီး ရှိနေပေမယ့် တစ်ပြိုင်နက် တည်းမှာပဲ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကလည်း အများကြီးရှိနေပါတယ်။ ပို့ကုန်တိုးမြှင့်ရေးအတွက် တင်ပို့ နိုင်မယ့် ပို့ကုန်ပစ္စည်းများဖြစ်ကြတဲ့ ကုန်ကြမ်း တွေ၊ တစ်ဝက်တစ်ပျက် ကုန်ချောတွေနဲ့ ကုန်ပစ္စည်းမျိုးစုံတို့တွေ ပိုလျှံမှုဖြစ်ပွား တာ၊ ပို့ကုန်ပစ္စည်းမျိုးစုံနဲ့ ဈေးကွက်ရှိပေမယ့် ဈေးနှုန်းသက်သာမှုအရ ယှဉ်ပြိုင် နိုင်စွမ်း အားနည်းတာ ၊ ပို့ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးအရ ယှဉ်ပြိုင်နိုင်စွမ်း အားနည်းတာ၊ လိုအပ်သလို တင်ပို့နိုင်တဲ့ အချိန်အတိုင်းအတာအရ ယှဉ်ပြိုင် နိုင်စွမ်းရှိသလား ဆိုတာတွေ လိုအပ်နေပါသေးတယ်” ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကလည်း သုံးသပ်ပြသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကုန်သွယ်မှုများတွင်မူ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၉၁၉ ဘီလီယံ၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၁၈ ဒသမ ဝ၅၉ ဘီလီယံနှင့် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၉၇၉ ဘီလီယံရှိခဲ့သည်။

မြန်မာနိုင်ငံသည် စီးပွားရေးရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျယ်ပြန့်သည့် ပို့ကုန်ဈေးကွက်နှင့် ခိုင်မာသည့် ပို့ကုန်ဈေး ကွက်များ တိုးတက်ရရှိစေရန် ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ကာ ကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် နှစ်လတ်ဖွံ့ဖြိုးရေး အစီအစဉ် (Medium Term Programme-MTP)နှင့် အမျိုးသားပို့ကုန်မဟာဗျူဟာကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏ပို့ကုန် ဦးဆောင်သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပုံစံ (Export-led Growth) ဖြင့် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ခင်ရတနာ