နေပြည်တော် ဖေဖော်ဝါရီ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် တို့မှ ပြည်ပပညာသင်များ၏ သုတေသနစာတမ်းဖတ်ပွဲ အခမ်း အနားကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်များ နယ်မြေရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
စီမံဆောင်ရွက်ပေးလျက်ရှိ
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက အဖွင့်အမှာစကား ပြောကြားရာတွင် သားငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တိရစ္ဆာန်ရောဂါစစ်ဆေးရေး ဓာတ်ခွဲခန်းများ၊ ဆေးဝါးနှင့် တိရစ္ဆာန် အာဟာရစစ်ဆေးရေး ဓာတ်ခွဲခန်းများ၊ ငါးလုပ်ငန်းစစ်ဆေးရေးနှင့် အရည် အသွေးထိန်းသိမ်းရေး ဓာတ်ခွဲခန်းများ ကို အဆင့်မြှင့်တင်ဆောင်ရွက်ပေး လျက်ရှိသည့်နည်းတူ ပြည်တွင်းဘွဲ့လွန်သင်တန်းများအပြင် ခေတ်နှင့် အညီ တိုးတက်လာသည့် နည်းပညာများ လေ့လာနိုင်စေရေးအတွက် ပြည်ပသင်တန်းများ စေလွှတ်၍ နည်းပညာအသစ်များ လေ့လာသင်ယူ နိုင်ရန် စီမံဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ပညာသင်များအနေဖြင့် ပြည်ပအတွေ့အကြုံကောင်းများအား မိမိတို့၏ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိစွာ ဆန်းသစ် တီထွင်ပြီး လက်တွေ့အသုံးချ ပညာရပ် များအဖြစ် ပြောင်းလဲပေးနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း။
ပေးစွမ်းနိုင်
သုတေသန လုပ်ငန်းစဉ်သည် တက္ကသိုလ်၏ အသက်သွေးကြော ဖြစ်သကဲ့သို့ ဘက်စုံဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းသည် အရေးပါ သောကဏ္ဍတွင် ပါဝင်နေသည်ကို သတိပြုကြရမည် ဖြစ်ကြောင်း ၊ သုတေသနလုပ်ငန်းတိုင်းသည် ရလဒ်ကောင်း မဖော်ထုတ်နိုင်သော်လည်း သုတေ သန ရလဒ်ကောင်းတစ်ခုသည် အကျိုး ကျေးဇူးများစွာကို ပေးစွမ်းနိုင်ကြောင်း၊ သို့ဖြစ်၍ အောင်မြင်မှုပန်းတိုင်၏ သွားရာလမ်းကြောင်းတွင် အရင်းအနှီး နှင့် ပေးဆပ်ရမှုများရှိနိုင်သဖြင့် သုတေသန ပညာရှင်များအနေဖြင့် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယ ထား ကြိုးပမ်းသွားကြရန် တိုက်တွန်း အားပေးလိုပါကြောင်း၊ အတွေး အခေါ်သစ်များကို ပြောင်းလဲလက်ခံ နိုင်သည့် စိတ်ဆန္ဒကောင်းများကို အခြေခံ၍ မိမိတို့ကျွမ်းကျင်ရာ ဘာသာရပ်အလိုက် သုတေသနပြု ခြင်းများအပြင် ဆက်နွှယ်ရာ ဘာသာရပ်များ စုပေါင်းဆောင်ရွက်သည့် သုတေသနလုပ်ငန်းများကို လည်း ကြိုးစားဆောင် ရွက်ကြရန်၊ ပညာရပ်ပိုင်းသာမက လက်တွေ့လူမှု ဘဝနယ်ပယ်အထိပါ အကျိုးပြုနိုင် သည့် သုတေသနလုပ်ငန်း ဖော်ထုတ် ပေးနိုင်ကြပါစေရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။
ထို့နောက် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမာမာဝင်းက စာတမ်း ဖတ်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
မွေးထုတ်ပေး
မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် အနေဖြင့် ယနေ့အထိ တိရစ္ဆာန် ဆေးသိပ္ပံဘွဲ့ ၅၆၇၂ ဦး၊ တိရစ္ဆာန် မဟာဆေးသိပ္ပံဘွဲ့(M.V.Sc) ၂၉၆ ဦး၊ တိရစ္ဆာန်ဆေးပညာ မဟာဘွဲ့(M.V.M) ၉ ဦး၊ ပါရဂူဘွဲ့(Ph.D) ၂၀ တို့ကို မွေးထုတ်ပေးပြီးဖြစ်ကာ ဝန်ကြီးဌာန ၏ လုပ်ငန်းလိုအပ်ချက်အရ စိတ်ပါ ဝင်စားသည့် ဘွဲ့ရဝန်ထမ်းများ ကို မွေးမြူထုတ်လုပ်ရေးလုပ်ငန်း ဒီပလိုမာ (Dip.L.I.S) သင်တန်းနှင့် မွေးမြူထုတ်လုပ်ရေး ဒီပလိုမာ (Dip.L.P.A) သင်တန်းများ ဖွင့်လှစ် ပို့ချပေးနိုင်ခဲ့သည်။
ယနေ့ကျင်းပသည့် ပြည်ပ ပညာသင်များ၏ သုတေသန စာတမ်းဖတ်ပွဲ၌ မြန်မာနိုင်ငံ ပျားသုတေသန ဆောင်ရွက်မှုများ တွင် မွေးမြူရေးဆိုင်ရာ ဆေး တက္ကသိုလ်က ပါဝင်ဆောင်ရွက်မှု အခြေအနေများစာတမ်း၊ မြန်မာ့ နွားမျိုးများ၏ မျိုးရိုးဗီဇခွဲ ကွဲပြား ခြားနားမှုကိုလေ့လာခြင်း စာတမ်း၊ နို့စားနွားမများအတွက် လွှတ်ကျောင်း သည့် စားကျက်မြက်တွင် ပါဝင်သည့် Crude Protein အား အပြည့်အဝ အသုံးချနိုင်ရေး ကြိုတင်တွက်ချက် ထားရှိသည့် အစာစီမံချက်ဆိုင်ရာ သုတေသနစာတမ်း၊ နယူးဇီလန်နိုင်ငံ မာနာဝါတူပြည်နယ်အတွင်းမှ ESBL နှင့် AmpC-Blatamase အင်ဇိုင်းများ ထုတ်လုပ်ခြင်းဖြင့် ဆေးယဉ်ပါးနေ သော E-coli ပိုးများအား ရှာဖွေခြင်း သုတေသနစာတမ်း၊ ဂျပန်နိုင်ငံ ဖူကူအိုကာမြို့ရှိ လူသားအရင်းအမြစ် နှင့် အစားအစာအရင်းအမြစ်များမှ E-coli ဘက်တီးရီးယားပိုးများ၏ ပဋိဇီဝဆေးယဉ်ပါးမှုကို ရှာဖွေခြင်း သုတေသနစာတမ်း၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့ ၏ နယ်စပ်များမှ ဝက်နှင့် ဝက်ထွက် နမူနာပစ္စည်းများမှ ရရှိလာသော Salmonella နှင့် E-coli ဘက်တီး ရီးယားများအား ESBL နှင့် colistin ဆေးယဉ်ပါးမှုကို လေ့လာခြင်း စာတမ်း။
တင်သွင်းဖတ်ကြား
ကမာကောင်(Oyster)နှင့် ပင်လယ် ရေမှ ကောက်ယူရရှိသော Vibrio parahaemolyticus ဘက်တီးရီးယား မျိုးစိတ်မှ ပဋိဇီဝ ဆေးယဉ်ပါးမှု ဆိုင်ရာ မျိုးဗီဇများနှင့် ဝမ်းလျှော ရောဂါကိုဖြစ်ပွားစေသည့် မျိုးဗီဇများ ရှာဖွေဖော်ထုတ်ခြင်းစာတမ်း၊ တောင်ကိုရီးယား၏ ပညာတော်သင် အတွေ့အကြုံများနှင့် Program အား Over view ရှင်းလင်းတင်ပြခြင်း စာတမ်း၊ ငါးလုပ်ငန်း သိပ္ပံဆိုင်ရာ စီးပွားရေးနှင့် စီမံကိန်းစီမံခန့်ခွဲမှု ဘာသာရပ်နှင့် အတွေ့အကြုံများ အား ရှင်းလင်းတင်ပြခြင်းစာတမ်း၊ ငါးလုပ်ငန်း စီမံခန့်ခွဲမှု ဘာသာရပ်နှင့် ပတ်သက်သည့် အတွေ့အကြုံများ အား မျှဝေခြင်းစာတမ်း၊ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးလက် ဒေသတွင်နေထိုင်သည့် အမျိုးသမီး များမှ ကျေးရွာဖွံ့ဖြိုးရေးအသင်း အဖွဲ့ အစည်းများ၌ ပူးပေါင်းပါဝင်မှုများ ကို လေ့လာခြင်းစာတမ်း၊ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် လူထုဗဟိုပြုစီမံကိန်း၏ အကျိုး သက်ရောက်မှုစာတမ်း စသည့် စာတမ်း များအား ဆွေးနွေးခန်းမဆောင်နှစ်ခုတို့တွင် တင်သွင်းဖတ်ကြားကြကြောင်း သိရသည်။
သတင်းစဉ်