နေပြည်တော် ဖေဖော်ဝါရီ ၂၇
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၄)ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ကြသည်။
လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေး က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေမူကြမ်းပါ အခန်း(၁၂) ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲ(ခ) တို့နှင့် ပတ်သက်၍ ဦးထွန်းထွန်းဟိန်၏ ပြင်ဆင်ချက်အဆိုကို ထောက်ခံပါကြောင်း၊ မည်သည့်နိုင်ငံမဆို ပြီးပြည့်စုံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ မရှိပါကြောင်း၊ ခေတ်ကာ လနှင့်အညီ ပြင်ဆင် ပယ်ဖျက် ဖြည့်စွက် သင့်သည်များကို ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ယခုမိမိတို့ နိုင်ငံ၏ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီ စံချိန် စံနှုန်းနှင့် မကိုက်ညီသည့် ပြဋ္ဌာန်းချက်များစွာ ပါဝင်နေသည့်အတွက် တိုင်းရင်းသား ပြည်သူများက ပြင်ဆင်ပေးရန် တောင်းဆိုနေကြသည်မှာ အားလုံးအသိပင်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ပြင်ဆင်မည်ဆိုပါက ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ)တို့ကို ဦးစွာပြင်ပြီးမှသာ အခြားပုဒ်မများကို ပြင်ဆင်ရန် လွယ်ကူမည်ဖြစ်သည့်အတွက် ဦးထွန်းထွန်းဟိန်၏ ပြင်ဆင်ချက်ကို ထောက်ခံရခြင်းဖြစ်ပါ ကြောင်း ဆွေးနွေးသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ က ပုဒ်မ ၆ ပုဒ်မခွဲ(ဃ) စစ် မှန်၍ စည်းကမ်းပြည့်၀သော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးဆိုသည့် အခြေခံ မူလပြဋ္ဌာန်း ချက်ကို စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး ဆိုသည့် ပြင်ဆင်ချက်အပေါ် လည်းကောင်း၊ ပုဒ်မ ၇ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်၀ သော ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည် ဆိုသည့် အခြေခံမူလပြဋ္ဌာန်းချက်ကို နိုင်ငံတော်သည် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည် ဆိုသည့် ပြင်ဆင်ချက်အပေါ်တွင်လည်းကောင်း ထောက်ခံပါကြောင်း၊ အဆိုပါပြင်ဆင်ချက်တွင် ပါတီစုံဒီမိုကရေစီစနစ်သည် စစ်မှန်ရန် အဓိကကျပါကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီ စနစ်သည် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသည့် အတွက် စည်းကမ်းပြည့်၀သောဆိုသည့် စကားကို ထပ်မံထည့်သွင်းရန် မလိုအပ်တော့ပါ ကြောင်း ဆွေးနွေးသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ် မှ ဦးနေကျော် က ဒီမိုကရေစီဆိုသည်မှာ ပြည်သူ လူထုက ၎င်းတို့ကိုယ်စား နိုင်ငံတော်ကို အကောင်းဆုံးတာဝန်ယူဆောင်ရွက်နိုင် မည့် သူများကိုရွေးချယ်ပြီး အချိန်အကန့်အသတ်နှင့် တာဝန်ပေးခိုင်းစေခြင်းသာဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အမျိုးသားရေးအခန်းကဏ္ဍတွင်လည်း ပြည်သူ့ဆန္ဒကိုသိရှိနိုင် စေရန်အတွက် လွှတ်တော်များမှ ပြည်သူ့အသံကို တိုက်ရိုက်နားထောင်ခြင်းအားဖြင့် သိမြင်နားလည် နိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူ့ဆန္ဒကို မည်သူမျှ မလွန်ဆန်သင့်ပါကြောင်း၊ ထို့ကြောင့် ဦးထွန်းထွန်းဟိန် တင်သွင်းသည့် နိုင်ငံတော်၏ အမျိုးသား နိုင်ငံ ရေးအခန်းကဏ္ဍတွင် ပြည်သူ့ဆန္ဒနှင့်အညီ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး တို့ကို ဦးတည်သည်ဆိုသည့် ပုဒ်မ ၆ ပုဒ်မခွဲ(စ) ၏ ပြင်ဆင်ချက်ကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေး က ပုဒ်မ ၈ တွင် ပူးပေါင်းကော်မတီ၏ နိုင်ငံ တော်ကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည် ဆိုသည့် ပြင်ဆင်ချက်ကို အလေးအနက်ထောက်ခံအပ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသား ပေါင်းစုံ စုပေါင်းနေထိုင်လျက်ရှိသည့် တိုင်းပြည်တစ်ခုဖြစ်ပါကြောင်း၊ မတူ ကွဲပြားသည့် ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့် လူမျိုးပေါင်းစုံရောနှော နေထိုင်လျက်ရှိ သည့် မိမိတို့နိုင်ငံမျိုးတွင် ခ်ိုင်မာသည့် ပြည်ထောင်စုအဖြစ် တည်ထောင် ကြသည့်အခါ ဖက်ဒရယ်နိုင်ငံရေးစနစ်ကို ကျင့်သုံးနိုင်ရေးသည် များစွာအရေးကြီးသည့် အချက်ဖြစ်ပါ ကြောင်း၊ ဖက်ဒရယ်စနစ်နှင့် သဟဇာတဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုအဖြစ် ရောက်ရှိလာအောင် ပြုပြင်နိုင်မှသာ တိုင်းပြည်၏ ရေရှည်ငြိမ်းချမ်းရေးကို အထောက်အကူ ဖြစ်စေနိုင်ပါကြောင်း ဆွေးနွေးသည်။
ချမ်းအေးသာဇံမဲဆန္ဒနယ်မှ ဦးမျိုးနိုင် က ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် ဥပဒေ ပုဒ်မ၊ ပုဒ်မခွဲတို့ကို ပြင်ဆင်သွားရမည်ဖြစ် သကဲ့သို့ ပြင်ဆင်ရန် မလိုအပ်သည့် ပုဒ်မ၊ ပုဒ်မခွဲများကို မူလအတိုင်းထားရှိသွားရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ဖြည့်စွက်သင့်၊ ဖြည့်စွက်အပ်သည့် ဥပဒေပုဒ်မ၊ ပုဒ်မခွဲတို့ကို ထပ်မံဖြည့်စွက်ရမည် ဖြစ်သကဲ့သို့ မလိုအပ်သည့် ဥပဒေပုဒ်မ၊ ပုဒ်မခွဲများကိုလည်း ပယ်ဖျက်သွားမှသာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုစနစ်သို့သွားရာတွင် ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ ဆီလျော်သင့် တော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊ ထို့အတူ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့် ပြင်ဆင်သင့်၊ ပြင်ဆင်ထိုက်သည့် ဥပဒေပုဒ်မ၊ ပုဒ်မခွဲများကို မပြင်ဆင်ဘဲ မနေအပ်သကဲ့သို့ ကျိုးကြောင်းဆီလျော်ညီညွတ် သည့် ဥပဒေ ပုဒ်မ၊ ပုဒ်မခွဲများကိုလည်း မလိုအပ်ဘဲ ပြင်ဆင်ခြင်းမပြုမိရန် ဆင်ခြင်သတိပြု သင့်ပါကြောင်း ဆွေးနွေးသည်။
ယင်းဥပဒေကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး မျိုးမင်းအောင်၊ တပ်မတော်သားပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး မြင့်ဟန်၊ ကယားပြည် နယ်မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုင်းသာစိန်၊ တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၊ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးမြင့်အောင်၊ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးကျော် ကျော်မင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး နေလင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟ၊ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်း၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးစိုင်းစံအောင်၊ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးကျော်၊ အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဦးကျော်သိန်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ ဆင်ပေါင်ဝဲ မဲဆန္ဒနယ်မှ ဦးနေထက်ဝင်း၊ ရပ်စောက်မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၊ တပ်မ တော်သားပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဗိုလ်မှူးဇော်ဝင်းနိုင်၊ ဒဂုံမြို့သစ်(တောင် ပိုင်း)မဲဆန္ဒနယ်မှ ဦးအေးနိုင်၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ တပ်မတော် သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ထွန်းသန်းအုန်း၊ ကလေး မဲဆန္ဒနယ် မှ ဒေါ်အေးအေးမူ (ခေါ်) ရှားမီးနှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇)မှ ဒေါက်တာပြည့်ဖြိုးတို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက် မြောက်နေ့ကို ဖေဖော်ဝါရီ ၂၈ရက် တွင်ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်၊ ဓာတ်ပုံ - စိုးဝင်းထွန်း