Skip to main content

လူထုအခြေပြုဗဟိုဌာနများကို အကျိုးရှိအောင် ဘယ်လိုအသုံးပြုမလဲ စကားဝိုင်းကျင်းပ

လူထုအခြေပြုဗဟိုဌာန (Community Centre) များကို အကျိုးရှိအောင် ဘယ်လိုအသုံးပြုမလဲ စကားဝိုင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၌ ကျင်းပ ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး MRTV-4 အစီအစဉ်တင်ဆက်သူ ငြိမ်းချမ်းကိုကို၊ မခင်ရတနာဦး၊ MRTV-4 သရုပ်ဆောင် ဖြိုးရာဇာနိုင်နှင့် ဝိုင်းရွှေရည်တို့က ပါဝင် ဆွေးနွေးခဲ့သည်။

(ယမန်နေ့မှအဆက်)

ဦးဆောင်ဆွေးနွေးသူ။ ။ညီမလေးက အဖေနဲ့အမေတို့ကိုပြောပြီးတော့ ဒီလို Club ဖွဲ့တာမျိုး၊ ဒါမှမဟုတ် လူကြီးတွေချည်းပဲ ဘာသာရေးဆွေးနွေးတဲ့ အဖွဲ့အစည်းလေးတစ်ခုဖြစ်ဖြစ်၊ ယောဂလေ့ကျင့်တာပဲ ဖြစ်ဖြစ် ရှိကောင်းရှိမယ်။ လူကြီးတွေအနေနဲ့ စိတ်အပန်းဖြေတာမျိုးအပြင် အချင်းချင်း စကားပြောကြမယ်။ သားရေး သမီးရေးအကြောင်း ဆွေးနွေးကြမယ်။ သူ့သားကတော့ ဘယ်ကုမ္ပဏီမှာ လစာဘယ်လောက်ရတယ်။ ကိုယ့်သမီးကတော့ ဘယ်မှာအလုပ်လုပ်နေတယ်။လစာဘယ်လောက်ရတယ်။ သူတို့သားသမီးတွေဘဝ တိုးတက်ရာ တိုးတက်ကြောင်းအတွက် လူကြီး တွေကလည်း မိတ်ဖွဲ့လို့ရတဲ့နေရာလေးတစ်ခုဖြစ်သွားမယ်။ လူကြီးတွေအနေနဲ့ အစုအဖွဲ့တွေ၊ Club လေးတွေ ဖွဲ့လိုက်မယ်ဆိုရင် မိသားစုအတွက် Social Cohesion ဖြစ်သွားအောင်လို့လည်း အများကြီး Supporting ပေးတယ်လို့ ကျွန်မအနေနဲ့မြင်ပါတယ်။

ညီမလေးရဲ့မိဘတွေကနေတစ်ဆင့် သူ့ရဲ့မိတ်ဆွေ အပေါင်းအသင်းတွေကို ဆက်စပ်ပြီးတော့ ဒီ Community Centre ကို လာအသုံးချလို့ရတယ်။ လူငယ်တွေအတွက် ချည်းပဲမဟုတ်ဘူး။ လူကြီးတွေလည်း အသုံးပြုလို့ရပါတယ်။ လူကြီးတွေကလည်း တရားဓမ္မလာဆွေးနွေးလို့ရတဲ့ နေရာလည်းဟုတ်တယ်။ ယောဂလေ့ကျင့်တာလို ကျန်းမာရေးလိုက်စား လို့ရတဲ့နေရာလည်း ဖြစ်တဲ့အတွက် အသုံးချဖို့ပြောတာဖြစ်ပါတယ်။ အဲဒီတော့ မောင်လေးရဲ့မိသားစု အသိုင်းအဝိုင်းထဲမှာ၊ ဆွေမျိုးမောင်နှမတွေထဲမှာ တူလေးတွေ၊ တူမလေးတွေ၊ မိသားစုတွေ ဒီ Community Centre ကို ဘယ်လိုအသုံးချနိုင်မယ်လို့ ထင်ပါသလဲ။ သူတို့ ဒီကိုလာဖို့ မောင်လေး ဖြိုးရာဇာနိုင် အနေနဲ့ ဘယ်လို ဖိတ်ခေါ်ချင်သလဲ။

ဖြိုးရာဇာနိုင်။ ။မိသားစုအလိုက်ဆိုရင် အားလပ်ရက်တွေမှာ ကိုယ့်ရဲ့သားသမီးတွေကို Community Centre ကို လိုက်ပြီးတော့ပြမယ်။ပထမဆုံးအနေနဲ့ ဒီအဆောက်အဦမှာ ဒါတွေရှိတယ်။ Computer သင်တန်းလည်း တက်လို့ရမယ်။ ကလေး စာဖတ်ခန်းလည်းရှိတဲ့အတွက်ကြောင့် ကလေးတွေကြိုက်တဲ့ ကာတွန်းစာအုပ်တွေ၊ ပုံပြင်စာအုပ်တွေ လေ့လာလို့ရမယ်။ ပြီးတော့ အားကစားလုပ်လို့လည်း ရတယ် ဆိုတာကို ကလေးတွေကို အရင်ဆုံးမိတ်ဆက်ပြီးပြပေးမယ်။

ပြီးတော့ သူတို့အားလပ်ချိန်တွေမှာ တခြားအားကစား ကွင်းတွေသွားရင်ပိုက်ဆံကုန်တယ်။ ရန်ကုန်မှာ စရိတ်စက ကြီးတယ်။ ဒီမှာဆိုရင် စိတ်ချမ်းသာစရာကောင်းတယ်။ ကျယ်ကျယ်လွင့်လွင့်လည်းရှိတယ်။ ပိုက်ဆံလည်း မကုန်ဘူး။ ကလေးတွေကို ဒီမှာပျော်အောင်ဖန်တီးပေးလို့ရတယ်လို့ မြင်မိပါတယ်။ မိသားစုတွေမှမဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူတွေအတွက် ဒီ Centre ကြီးရှိခြင်းအားဖြင့် ပိုက်ဆံကုန် သက်သာတယ်။ ပွဲအခမ်းအနားတွေ လုပ်မယ်ဆိုရင်လည်း ပိုက်ဆံပေးစရာမလိုဘူး။ မွေးနေ့ပွဲတွေလုပ်ချင်ရင်လည်း ဒီမှာလုပ်လို့ရတယ်။ အပြင်မှာလုပ်မယ်ဆိုရင် ခုနက ပြောသလို မင်္ဂလာ ဆောင်တွေဆိုရင်လည်း နာရီပိုင်းအလိုက် အတော်ဈေးကြီးပါတယ်။ ကျွန်တော်တို့နယ်တွေမှာက ဘုန်းကြီးကျောင်းမှာ လုပ်လို့ရပါတယ်။ ဒီမှာတော့ အဲဒီကုန်ကျစရိတ်တွေ တော်တော်များများက သက်သာသွားမယ်။ အဲဒီအတွက် တကယ်ကိုဝမ်းသာစရာကောင်းတဲ့ အချက်ပါ။ အဲဒီလိုလုပ်လို့ရတယ် ဆိုတာ များများသိဖို့လိုအပ်ပါတယ်။ အဲဒီလိုပွဲတွေ၊ အခမ်းအနားတွေကို Community Centre မှာ သွားလုပ်လို့ရတယ်ဆိုတာကို တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ပြောပြစေချင်တာပါ။ များများကြော်ငြာ စေချင်ပါတယ်။ အဲဒီလိုမျိုးလေးမြင်မိပါတယ်။

ဦးဆောင်ဆွေးနွေးသူ။ ။ကောင်းတယ်။ ဒါမိသားစုရဲ့ Family Life ကို အားလပ်ရက်တွေ မှာ အသုံးချရင် ဒီမှာမိသားစုလိုက် လာအသုံးချလို့ရတယ်။ အဖေနဲ့အမေက Gym ကစားမယ်။ ကလေးတွေက ဒီအောက်မှာရှိတဲ့ စာဖတ်ခန်းလေးတွေမှာ စာဖတ်နေမယ်။ ပြီးရင်အတူတူပြန်ကြမယ်ဆိုတော့ မိသားစုလိုက်လည်း Community Centre ကို အသုံးချလို့ရတယ်။ Community Centre ရှိခြင်းအားဖြင့် အိမ်တွင်းအကြမ်းဖက်မှုက ၁ ဒသမ ၇ ရာခိုင်နှုန်းလောက် လျော့ကျစေတယ်။ အခုချိန်က ဖေ့စ်ဘွတ် ခေတ်ဆိုတော့ မိသားစုထမင်းအတူတူစားနေ တာတောင် ဒီဖုန်းကို ပွတ်နေကြတာလေ။စကားပြောတာ တွေမရှိကြတော့ဘူး။ နွေးထွေးတာတွေ မရှိတော့ဘူး။ ဒီဖေ့စ်ဘွတ်ပေါ်မှာပဲ ရှိနေကြ တယ်။ ဒီလိုမိသားစုလိုက် Activities လေးတွေလုပ်ခြင်းအားဖြင့် Family Life ကို ပိုပြီးတော့ Development ဖြစ်စေတယ်။ တိုးတက်စေတယ်။ ဒါမျိုးလေးတွေရှိလာတယ်။

အဲဒီတော့ ဒီ Community Centre မှာ လူငယ်တွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ နောက် မိသားစု လိုက်တွေ အကျိုးရှိရှိအသုံးချလို့ရတဲ့ အပိုင်းလေးတွေ ဖြစ်လာတယ်။ အဲဒီတော့ ဒီမှာ Club တွေဖွဲ့မယ် ဆိုရင်လည်း Club တွေမှာ အိမ်ထောင်ရှင်တွေ အုပ်စု Club ပဲဖွဲ့မလား။ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ အဆင်မပြေတဲ့ကိစ္စတွေကို တစ်ယောက်ကိုတစ်ယောက် ရင်ဖွင့်လို့ရမယ်။ အကြံဉာဏ် ပေးလို့ရမယ်။ ဒီလိုမျိုးလေးတွေရှိခြင်းအားဖြင့် တစ်ယောက် ကိုတစ်ယောက် ဟာမိုနီဖြစ်သွားအောင် နေလို့ရတဲ့ အပိုင်းလေးတွေ ရှိလာတာပေါ့။

ကျွန်မတို့အနေနဲ့ ဗဟန်း Community Centre ကို အသုံးချနိုင်တဲ့အကြောင်း ပြောခဲ့ပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ဝိုင်းဝန်း ဆွေးနွေးခဲ့တဲ့အချက်ထဲမှာ Community Centre ကြောင့် ပြည်သူ လူထုက ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို ကျွန်မတို့ပြောခဲ့ပါတယ်။ ပြည်သူတွေရရှိလာတဲ့ အကျိုး ကျေးဇူးတွေအပြင် တခြားအကျိုးကျေးဇူးတွေလည်း ရရှိပါသေးတယ်။ အဲဒါကတော့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်လည်း ပြောသွားပါတယ်။ အစိုးရနဲ့ ပြည်သူကြားမှာလည်း ချိတ်ဆက်နေဖို့ လိုတယ်။ အမြဲတမ်း ထိတွေ့နေဖို့လိုတယ်။ Community Club လေးတွေ ကတစ်ဆင့် ဒီနိုင်ငံကို ဦးဆောင်နိုင်မယ့်လူငယ်တွေ နိုင်ငံရေးမှာလည်း စိတ်ဝင်စားတယ်။ နိုင်ငံရေးလို့ပြောတဲ့အခါမှာ ဥပဒေ ပြုရေးကဏ္ဍကို စိတ်ဝင်စားတဲ့လူငယ်တွေ၊ အုပ်ချုပ်ရေးကဏ္ဍကို စိတ်ဝင်စားတဲ့လူငယ်တွေရှိတယ်။ အဲဒီတော့ ဒီလူငယ်တွေအတွက် ကွန်ပျူတာအခန်းတွေ လည်းရှိတယ်။ နောက် Meeting Room တွေ လည်းရှိတယ်။

လူငယ်တွေအနေနဲ့ ဒီကွန်ပျူတာအခန်းတွေ၊ Meeting Room တွေကို အသုံးချခြင်းအားဖြင့် ကျွန်မတို့ရဲ့ အနာဂတ် ခေါင်းဆောင်တွေအနေနဲ့ Network တစ်ခုကို ဘယ်လို တည်ဆောက်သင့်သလဲ။ လူငယ်တွေ အနေနဲ့ ဗဟန်းလူငယ် Club ဖွဲ့မလား။ ဗဟန်းလူငယ် Club လို အခြားမြို့နယ်တွေမှာ လည်း ဒီလို Community Centre တွေရှိလာမယ်ဆိုရင် Network တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ အဲဒီ တော့ ကျွန်မတို့ရဲ့ဒီအခြေအနေက Network တည်ဆောက်နိုင်လေ၊ Network ကျယ်ပြန့်လာလေ ပိုပြီးတော့ အလုပ်လုပ်နိုင်လေပဲ။ ဒါဟာ ကျွန်မတို့ Digital 4.0 လည်း ဖြစ်ပါတယ်။ အဲဒီတော့ မောင်လေးအနေနဲ့က ဒီမှာရှိတဲ့ဗဟန်းလူငယ်တွေကို ဘယ်လိုများမက်ဆေ့ပေးချင်လဲ။ ဒီမှာ Multi Purpose Hall လည်းရှိတယ်။ အပေါ်မှာ Meeting Room လည်း ရှိတယ်ဆိုတဲ့အခါကျတော့ ဗဟန်း လူငယ်တွေကို Club ဖွဲ့ပြီးတော့ မောင်လေးငြိမ်းချမ်းကိုကိုအနေနဲ့ ဘယ်လိုအကြံပေးပြီး လုပ်ဆောင် စေချင်လဲဆိုတာကို ရှင်းပြပေးပါ။

ငြိမ်းချမ်းကိုကို။ ။ဟုတ်ကဲ့။ ခုနကအစ်မပြောထားသလိုပဲ မိသားစု Club ဖွဲ့မယ်ဆိုရင် မိသားစုက တစ်စုတည်းမဟုတ်ဘူး။ ကိုယ့်ရဲ့အနီးဝန်း ကျင်ကသူတွေ ပါဝင်လာနိုင်သလိုမျိုးပဲ တခြားသောနေရာ တွေကလည်း ဗဟန်း Community Centre ရှိတာပဲ၊ ငါတို့ သွားကြမယ်။ ဒီလိုမျိုးလေ့လာစရာ၊ ဗဟု သုတ ရှာမှီးစရာ၊ Relaxation လုပ်စရာနေရာရှိတယ်။ မတူညီတဲ့နေရာမျိုးတွေ ကလာကြတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့လို့ရနိုင်တယ်။

Social Network တွေကို အသုံးများကြတဲ့လူငယ် တွေအနေနဲ့လည်း Online ပေါ်မှာပဲ စကားပြော နေမယ့်အစား ဒီလို Community Centre ပေါ်လာပြီဖြစ်တဲ့အတွက် လူကိုယ်တိုင် Club တွေဖွဲ့ပြီးတော့ တွေ့ကြမလား။ တိုင်ပင်နှီးနှောစရာတွေကို Chat Box မှာ ပြောနေတာထက် လူချင်းတွေ့ပြီးတော့ ဘယ်အရာတွေကို ငါတို့ ဘယ်လိုလုပ်ကြမလဲ။ နိုင်ငံရေးစိတ်ဝင်စားကြတဲ့ လူငယ်တွေ ဒီခေတ်မှာ ကိုယ့်ရဲ့ နိုင်ငံကို ပိုကောင်းအောင်လုပ်ချင် ကြတဲ့လူငယ်တွေအတွက်ဆိုရင် ဒီလို Community Centre ရှိခြင်းအားဖြင့် စုဝေးပြီးတော့ပြောနိုင်ကြမယ်၊ ဆွေးနွေးနိုင်ကြမယ်ဆိုရင် ပိုပြီးတော့ကောင်းမယ်လို့ ထင်ပါတယ်။နောက်ပြီးတော့ ခုနကပြောသွားတဲ့ အကြောင်းအရာတွေကို နားထောင်နေရင်းနဲ့တွေးမိတဲ့ အတွေးလေး တစ်ခုရှိပါတယ်။ Community Centre ကို လူငယ်တွေလာမယ်၊ လူကြီးတွေလည်းလာမယ်၊ မိသားစုတွေလည်းလာမယ်။ မိဘတွေက ကိုယ့်ရဲ့သားက ဘယ်မှာအလုပ်လုပ်နေတယ်။ ကိုယ့်ရဲ့သမီးက ဘယ်မှာအလုပ်လုပ်နေတယ်ပြောရင်းနဲ့ပဲ မိဘတွေကနေ လူငယ်အချင်းချင်းရင်းနှီးပြီး ဗဟန်း Community Centre က တစ်ဆင့် နိဗ္ဗာန်အထိ အတူတူသွားချင်ပါတယ်ဆိုတဲ့ စကားလေးကို ကျွန်တော်စဉ်းစားမိသွားတယ်။ အဲဒီလိုမျိုး ဖြစ်လာနိုင်ရင် ပိုတောင်ကောင်းမယ်လို့မျှော်လင့်ပါတယ်။

ဦးဆောင်ဆွေးနွေးသူ။ ။အလွန်ကို ကောင်းပါတယ်။ ကျွန်မတို့ ဒီ Community Centre က နိုင်ငံ့ခေါင်းဆောင်တွေကို မွေးထုတ်ပေးတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ အမေရိကန်လို နိုင်ငံကြီးတွေမှာဆိုရင် ဒီ Community Centre တွေမှာပဲ လူငယ်တွေဟာ နိုင်ငံရေးကိစ္စတွေ၊ လူမှုရေးကိစ္စတွေမှာ စိတ်ဝင်စားရာ စုဖွဲ့ကြတယ်။ စုဖွဲ့ကြပြီး ကိုယ့်ရဲ့ဒေသ၊ ကိုယ့်ရဲ့ မြို့နယ် ကောင်းကျိုးအတွက်ကို လုပ်ဆောင်ကြတယ်။ ဦးဆောင် ခွင့်တွေရကြတယ်။ အဲဒီလို ခေါင်းဆောင်ခွင့်၊ ဦးဆောင်ခွင့် တွေရကြပြီးတော့မှပဲ ဒီမြို့နယ်က ရွေးချယ်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်လာသလို အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်တဲ့ အုပ်ချုပ်သူတွေလည်း ဖြစ်လာတာရှိပါ တယ်။

သူတို့မှာတော့ District အလိုက် Committee လေး တွေရှိတယ်။ အဲဒီကမှ Elections ကို ဝင်လာကြတာ ရှိတယ်။ ဒီ Community Centre မှာ လူငယ်တွေရဲ့ Community Network ကို တည်ဆောက်ရန် အသင့်တော်ဆုံးနဲ့ အကောင်းဆုံးနေရာပဲဖြစ်ပါတယ်။ အဲဒီတော့ ခုနက ပြောသလို Job Opportunity အတွက်ပဲ တွေ့တွေ့၊ Future Career အတွက်ပဲတွေ့တွေ့ ဒီနေရာဟာ လူငယ်တွေအတွက် တွေ့ဆုံရန် အသင့်တော်ဆုံးနေရာဖြစ်ပြီးတော့ ဒီ Network က ကြီးကျယ်လာတာနဲ့အမျှ ကျွန်မတို့ Community ဟာ ကြီးကျယ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ ပဲဖြစ်ပါတယ်။ အဲဒီတော့ ဒီ Community Centre ကလည်း လူငယ်ခေါင်းဆောင်တွေ အများကြီးမွေးထုတ်ပေးနိုင်တဲ့ နေရာဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံရဲ့ Community မှာ ဘာသာက တစ်မျိုးတည်း ကိုးကွယ်ကြတာမဟုတ်ဘူးလေ။ ဘာသာ ကြီး လေးမျိုးရှိတယ်။တခြားဘာသာငယ်လေးတွေလည်း ရှိတယ်။ ရှိတဲ့အခါကျတော့ Social Cohesion ဖြစ်ဖို့အတွက် ဘာသာရေးနဲ့ ပတ်သက်တဲ့ အမုန်းစကားတွေမပွားဖို့၊ ဖေ့စ်ဘွတ်ပေါ်မှာ ညစ်ညမ်းတဲ့၊ ရိုင်းပျတဲ့ စကားတွေ မပြောဖို့ လိုအပ်လာတယ်။ လူမှုအသိုင်းအဝိုင်းမှာလည်း ပြဿနာတွေ လျှော့ချနိုင်ဖို့ ဒီ Community Centre က ဦးဆောင်နိုင်တဲ့ နေရာတစ်ခု ဖြစ်တယ်။ အဲဒီတော့ ကျွန်မတို့နိုင်ငံက ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်တဲ့ နိုင်ငံဖြစ်တယ်။ ဘာသာတွေ အများကြီးရှိသော်လည်း အကုန်လုံး ချစ်ချစ်ခင်ခင်နဲ့ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ နေလို့ရပါတယ်။ ဒီ Community Centre မှာ ဘာသာတွေ မတူသော်လည်း လူငယ်တွေအကုန်လုံးက အတူတူအလုပ် လုပ်လို့ရတဲ့ နေရာလေး တစ်ခုလို့လည်း ယူဆလို့ရတယ်။

ကျွန်မတို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုး ၁၀၀ ကျော် ရှိတယ်။ ကျွန်မဆိုရင်လည်း ကရင်တိုင်းရင်းသားဖြစ် တယ်။ အဲဒီတော့ လူမျိုးနဲ့ဘာသာတရားကိုမျှတအောင် ဒီမှာရှိတဲ့လူ ဘာပဲပြောပြော Social Influencer တစ်ယောက်ဖြစ်လို့ ညီမအနေနဲ့ လူငယ်တွေကို မက်ဆေ့ပေးလိုတာက Sustainable Development ဖြစ်ဖို့အတွက် လူငယ်တွေအနေနဲ့ ဘာသာရေး၊ လူမျိုးရေးအစွဲမရှိဘဲ နိုင်ငံကောင်းရာ ကောင်းကျိုးကို ဆောင်ရွက်နိုင်တဲ့ ကိစ္စရပ်တွေမှာ Community Centre ကိုအသုံးချပြီး ဘာတွေဆောင်ရွက်မလဲ။ ဘယ်လို ဆွေးနွေးပွဲတွေ ဆောင်ရွက်မလဲ။ ညီမလေး ခင်ရတနာဦးရဲ့ အမြင်လေးကို ပြောပြပေးပါဦး။

ခင်ရတနာဦး။ ။အခုဆိုရင် ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ အကုန်လုံးက ဆိုးရွားတဲ့ အခြေအနေ တစ်ခုအနေနဲ့ သိနေကြတယ်။ သတင်းတွေ တော်တော်များများမှာဖော်ပြနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီးတော့ ကြောက်နေကြတယ်။ နိုင်ငံတကာကလည်း ဒီရောဂါနဲ့ပတ်သက်ပြီးတော့ လူငယ် တွေက ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နိုင်တဲ့ အခြေအနေလေးတွေရှိတယ်။ ညီမက ဒီမှာလူငယ် တစ်ယောက်လည်းဖြစ်တဲ့အတွက်ကြောင့် သတင်းတွေမှာ၊ Social Media တွေမှာ သတင်းအမှန်တွေ ရှိတယ်။

သတင်း အမှားတွေရှိတယ်။ အဲဒါတွေဟာ ဆက်တိုက်ကို Error တွေရှိတယ်။ တချို့လူကြီး တွေဆို ဖေ့စ်ဘွတ်ကိုသုံးတယ် ဆိုပေမယ့် တွင်တွင်ကျယ်ကျယ် မသုံးတတ်တာတွေရှိတယ်။ Page တွေကနေ သတင်းအမှားတွေ တင်တာတွေ ကြည့်ပြီးတော့ ကြောက်လန့်တာတွေရှိတယ်။ ထိတ်လန့် တာတွေရှိတယ်။ အဲဒီအခါမှာ လူငယ်တွေကို ပြန်ပြောတယ်။ လူငယ်တွေက ပြန်ကြည့်တော့ ဒါက သတင်းအမှားပါ။ တကယ့်တကယ် သတင်းအမှန်ကတော့ ဒီ Page တွေက လာတာပါ။ TV မှာဆိုလည်း ပြနေပါတယ်။ Social Media နဲ့မတူတဲ့ သတင်းအမှန်အကန်တွေကို လွှင့်တာပါဆိုပြီး လူကြီးတွေကို ပြန်ပြောပြတဲ့အချိန်မှ လူကြီးတွေက ‌ဪ ဒီလိုလားဆိုတဲ့သဘော သိကြတာ တွေရှိတယ်။

ဒီလိုအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး လူကြီးတွေ အနေနဲ့လည်း သတင်းအမှန်တွေ သိဖို့လိုအပ် သလို မလိုလားအပ်တဲ့ စိတ်ပူပန်မှုတွေ မဖြစ်ဖို့အတွက်လည်း လိုအပ်တယ်။ ဒါကြောင့် Community Centre မှာ အကျိုးရှိအောင် အသုံးချဖို့အတွက်က ခုနကပြောသလိုမျိုး အသင်းအဖွဲ့တွေအနေနဲ့လည်း ပါဝင်သင့်သလို လူကြီးတွေ အနေနဲ့လည်း ဒီ Community Centre မှာ လူငယ်တွေ ပုံစံမျိုးပဲပါဝင်ပြီး ဆွေးနွေးပွဲတက်တာမျိုးတွေ၊ အသင်း အဖွဲ့လုပ်တာမျိုးတွေ ပြီးတော့ လူကြီးလူငယ်တွေအားလုံး အခုလို အစည်းအရုံးလေးနဲ့ အားတဲ့အချိန်မှာ နိုင်ငံရေး အကြောင်းတွေ၊ လူမှုရေးအကြောင်းတွေ၊ စီးပွားရေး အကြောင်းတွေ၊ ကျန်းမာရေးအကြောင်းတွေ ပြောကြမယ်ဆိုပြီးတော့ Meeting ပုံစံမျိုး အသင်းအဖွဲ့ လေးတွေ လုပ်ဖို့ကိုလည်း မျှော်လင့်ပါတယ်ရှင့်။

ဦးဆောင်ဆွေးနွေးသူ။ ။ညီမလေး ရှင်းပြတာအလွန် ကောင်းပါတယ်။ လူ့ဘောင်အဖွဲ့ အစည်းဖွံ့ဖြိုး တိုးတက်ဖို့ဆိုတာ ခုနကပြောသလို Social Cohesion ဖြစ်ဖို့ ဘာသာရေးအရ၊ လူမျိုးရေးအရ Confused တွေရှိလာရင် ဒီ Community Centre မှာရှိတဲ့ Network မှာပဲ ဒါမဟုတ်ဘူး၊ ဒါမှားနေတယ်ဆိုတဲ့ဟာကို ပြန်တင်ပေးလိုက်ရင် အကုန်လုံးသိသွားတဲ့အခါ မလိုလားအပ်တဲ့ ဆိုးကျိုးတွေမဖြစ်တော့ဘူးပေါ့။ ခုဒါဆို ညီမက ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ Information တွေ ပေးတော့မယ်ဆိုရင် သတင်း အမှန်တွေကို ဒီ Network ထဲမှာ ပြန်ကြားပေးတယ်။ ဘယ်လိုတွေနေထိုင်ကြမယ်၊ ဘယ်လိုတွေ လုပ်ကြ မယ်။ နိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေ အနေတွေကအစ Network တစ်ခုသာရှိခဲ့မယ်ဆိုရင်ဒီ Network တစ်ခုကို အသုံးချပြီးတော့ သွားလို့ရတယ်။ ဒါပေမယ့် ဒီ Network ကို ဘယ်မှာ တည်ဆောက်မလဲ။ ဒီ Community Centre မှာပဲ တည်ဆောက်ရမှာ ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ကတော့ ဒါဟာတကယ်ကို ကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒီ Community Centre နဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ပြည်သူလူထုတွေက အားလုံးသိသွားပြီး ဘယ်လိုအသုံးချလို့ ရတယ်၊ အသုံးချခွင့်ရှိတယ်ဆိုတာကို အတိုချုပ်ပြီးပြောရရင် ၁၂ နှစ်အောက် ကလေးတွေအတွက် စာဖတ်ခန်းရှိတယ်။ လူငယ်လူကြီး တွေအတွက် စာကြည့်တိုက်ကြီးတစ်ခုရှိတယ်။ လူငယ်တွေ အတွက် ကွန်ပျူတာ ၂၅ လုံးရှိတဲ့ Computer Centre လေးရှိတယ်။ Computer လေ့ကျင့်လို့ရတယ်။ သင်ကြား လို့ရတယ်။ လူငယ်တွေအတွက် Meeting အခန်းတွေရှိတယ်။

ဒီ Meeting ခန်းမှာဆိုရင် ပြင်ပမှာငှားရင်တစ်နာရီ ကို ငါးသောင်းလောက်ပေးရတာကို ဒီမှာ Booking တင်ပြီးတော့ အလွယ်တကူအသုံးချလို့ရမယ်။ Multi Purpose Hall တွေရှိတယ်။ Event လေးတွေ လုပ်လို့ရတယ်။ သာရေးနာရေးကိစ္စတွေ ဆွေးနွေးလို့ရမယ်။ တရားဓမ္မအကြောင်းတွေ ဆွေးနွေးလို့ ရတယ်။ ဒီလို Indoor တွေ ရှိရုံမကပဲ Outdoor Sport Activities တွေ ဖြစ်တဲ့ ကရာတေး ကစားတဲ့ နေရာ၊ စားပွဲတင်တင်းနစ် ကစားလို့ရတဲ့နေရာ၊ ယောဂလေ့ကျင့်လို့ရမယ့် နေရာတွေရှိ တယ်။ ခန်းမနဲ့ ပတ်သက်ပြီး Gym ရှိတယ်ဆိုတော့ တကယ့် ကိုပြည့်စုံတဲ့ နေရာကြီးတစ်ခုဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့ ပြည်သူတွေအသုံးချဖို့ပဲ ကျန်ပါတော့တယ်။

ကျွန်မတို့ပြည်သူတွေ အကျိုးရှိရှိအသုံးချပြီးတော့ Community Development အတွက်ကို ကြိုးစား လုပ်ဆောင်လို့ရမယ်။ ဒီဗဟန်း Community Centre ကနေပြီးတော့လည်း နိုင်ငံ့ခေါင်းဆောင်တွေ အများကြီး ပေါ်ထွက်လာဖို့ကိုလည်း ကျွန်မမျှော်လင့်ပါတယ်။ အများ ကြီး ပေါ်ထွက်လာပါစေလို့လည်း ဆုမွန်ကောင်းတောင်း ရင်း ဒီစကားဝိုင်းလေးကို ဒီမှာပဲနိဂုံးချုပ်ပါတယ်။ ။

ထက်အံ့လင်း