နေပြည်တော် မတ် ၁
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် နွေရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်အတွင်းရှိ (၃၅၀) မဂ္ဂါဝပ် LNG to Power သီလဝါ ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ်နှင့် အလုံမြို့နယ်အတွင်းရှိ (၁၅၁) မဂ္ဂါဝပ် LNG to Power အလုံဓာတ်အားပေးစက်ရုံ စီမံကိန်း အသစ်တို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ သီလဝါဓာတ်အားပေးစက်ရုံ၊ အစည်းအဝေးခန်းမတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့အား (၃၅၀) မဂ္ဂါဝပ် LNG to Power သီလဝါ ဓာတ်အားပေး စက်ရုံစီမံကိန်းအသစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် V-Power Co.,Ltd. မှ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လာမည့်နွေရာသီကာလတွင် နိုင်ငံတစ်ဝန်းလုံး လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြန့်ဖြူးပေးနိုင်ရေးနှင့် တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရေးအတွက် ဤစီမံကိန်းများ သတ်မှတ်အချိန်ပြီးစီးရန် မှာကြားသည်။
ယင်းနောက် စီမံကိန်းဧရိယာအတွင်း LNG သင်္ဘောဆိုက်ကပ်မည့် ဆိပ်ကမ်း (Jetty) တည်ဆောက်မှု (၄၀) ရာခိုင်နှုန်း ပြီးစီးနေမှု၊ Regasification Unit တပ်ဆင်နေမှု (၁၅) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု၊ Medium Speed နှင့် High Speed ဓာတ်အားပေးစက်များ တပ်ဆင်ရန် Foundation (၈၅) ရာခိုင်နှုန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ၂၀ လက်မ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှု (၉၀) ရာခိုင်နှုန်း ပြီးစီးနေမှု၊ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း တာဝါတိုင် (၇) တိုင်၏ Foundation လုပ်ငန်း(၁၀ဝ) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေမှုနှင့် သီလဝါ ဓာတ်အားပေးစက်ရုံတွင် ဓာတ်အားခွဲရုံ တိုးချဲ့ခြင်းလုပ်ငန်း (၃၅) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အလုံမြို့နယ်၊ အလုံဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် CEEC ကုမ္ပဏီမှ တာဝန်ရှိသူများက အလုံ (၁၅၁) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မကွေး၊ ရွှေတောင်၊ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတတို့တွင် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ် (၇) ခုမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၁၀ဝ၀) ကျော် ထုတ်လုပ်ပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဓာတ်အားပေးစက်ရုံ အသစ်၏ စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန် ကာလအတွင်းပြီးစီး၍ ဓာတ်အားထုတ် လုပ်ဖြန့်ဖြူးပေးနိုင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် သွားရန်လိုကြောင်း၊ ဓာတ်အားပေးစက်ရုံတွင် တပ်ဆင်မည့် စက်ပစ္စည်းများ သတ်မှတ်ကာလအတွင်း အချိန်မီရောက်ရှိစေရေး၊ ရောက်ရှိပစ္စည်းများ သတ်မှတ်ရက်ထက်စောပြီး တပ်ဆင်ပြီးစီးရေးနှင့် ရောက်ရှိရန် ကျန်နေသော စက်ပစ္စည်းများအား အချိန်မီ ရောက်ရှိစေရေး စနစ်တကျ စီမံကွပ်ကဲ ကြီးကြပ်ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေး အထူးဂရုပြု ဆောင်ရွက်သွားကြရန် မှာကြားသည်။
ယင်းနောက် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုတို့အား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)