Skip to main content

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်နှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရေး အစီအစဉ်တွင် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရေး ညှိနှိုင်းစည်းဝေး

နေပြည်တော် ဇန်နဝါရီ ၁၄

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်နှင့် ထပ်ဆောင်းကာကွယ်ဆေး (Booster dose) ထိုးနှံရေးအစီအစဉ်တွင် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရေး ညှိနှိုင်းအစည်းအဝေးကို Virtual ဖြင့် ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အစီအစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်း၊ ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါပိုးကို ၂၀၂၀ ပြည့်နှစ် မတ်လတွင် မြန်မာနိုင်ငံ၌ စတင်တွေ့ရှိချိန်မှစ၍ ယနေ့အထိ ၂၄ လကြာပြီဖြစ်ကြောင်း၊ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း ကာလအတွင်း စေတနာ့ ဝန်ထမ်းများက အသက်ကို ပမာနမထားဘဲ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တတိယလှိုင်း ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လပိုင်းအတွင်း ရောဂါဖြစ်ပွားမှုအမြင့်ဆုံး ဖြစ်ခဲ့သော်လည်း စက်တင်ဘာလပိုင်းမှာ ထိန်းချုပ် နိုင်ခဲ့သည်မှာ ပြည်သူများနှင့် စေတနာ့ဝန်ထမ်းများ၏ ညီညွတ်စွာပူးပေါင်းမှုကြောင့် ရရှိသည့် ရလဒ်ဖြစ်ပါကြောင်း၊ ယခုအခါ နောက်ထပ်မျိုးကွဲသစ် အိုမီခရွန်ကို နိုင်ငံပေါင်း ၁၅၀ ကျော်တွင် တွေ့ရှိရပြီး မြန်မာနိုင်ငံတွင်လည်း ကူးစက်ခံရသူ ၆ဝ ကျော် ရှိလာပြီဖြစ်ပါကြောင်း။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ကာကွယ်ဆေး ၅၇ ရာခိုင်နှုန်းကျော် ထိုးပြီးဖြစ်ရာ ဆေးထိုးပြီး ၆ လကျော်လာပါက ကိုဗစ်ရောဂါပိုးကို ခုခံနိုင်သည့်အား ကျဆင်းလာနိုင်သည့်အတွက် ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်က ထပ်ဆောင်းကာကွယ် ဆေးထိုးနှံပေးရန် စီစဉ်ဆောင်ရွက် နေပါကြောင်း Booster ထိုးနှံခြင်းကို ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ထိုးနှံပေးနေပါကြောင်း၊ စတုတ္ထလှိုင်းအတွက် ကြိုတင် ပြင်ဆင်မှုများလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတနာ့ ဝန်ထမ်းများကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပြီး အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်နိုင်ရေး စီစဉ်လျက်ရှိပါကြောင်း ပြောကြားသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်အနေဖြင့် ဆောင်ရွက်သွားမည့် Booster dose ထိုးနှံမည့် အစီအစဉ်ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပရဟိတအဖွဲ့များအလိုက် ဆွေးနွေးတင်ပြကြရာ စေတနာ့ဝန်ထမ်း စိစစ်ရေးကတ် မရရှိကြသေး သူများအတွက် ထပ်မံဆောင်ရွက်ပေးနိုင်ရေး၊ ကျန်းမာရေးသုံး ပစ္စည်းလိုအပ်မှု၊ အစားအသောက်နှင့် စက်သုံးဆီ လိုအပ်မှုများ၊ အသင်းပိုင်လူနာ တင်ယာဉ်များ သွားလာရေး၊ သယ်ယူရေးဆိုင်ရာကိစ္စများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်