မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည်မှာ ၇၅ နှစ်ကာလသို့ ဝင်ရောက်လာပြီ လူတိုင်းလူတိုင်းသိကြမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံစာရင်းတွင်ရှိနေသည်။ ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန်ပင် လိုအပ်ချက်များ ရှိနေသေးသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အလုပ်လုပ်ကြရမည် ဖြစ်သည်။ အလုပ်လုပ်နိုင်ရန်အတွက် လုပ်ချင်ကိုင်ချင်စိတ်နှင့် အလုပ်လုပ်နိုင်သော အခြေအနေ၊ အခွင့်အလမ်းများ ရှိရမည်ဖြစ်သည်။
နိုင်ငံတည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ကြရန် အရေးကြီးသည်ကို အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “ဒီတိုင်းပြည် လွတ်လပ်ရေးရတဲ့အခါမှာ ယိုးဒယားပြည်လို ဖြစ်ချင်သလား၊ တူရကီပြည်လို ဖြစ်ချင်သလား၊ အမေရိကန်လိုဖြစ်ချင်သလား၊ အင်္ဂလန်နိုင်ငံလို ဖြစ်ချင်သလား၊ ဖြစ်ချင်တာတွေအပေါ်မှီပြီး ခင်ဗျားတို့ အလုပ်မလုပ်ဘဲနဲ့တော့ ဖြစ်မှာမဟုတ်ဘူး။ ပဒေသာပင်ဟာ မြေကပေါက်လာမှာမဟုတ်ဘူး။ ပဒေသာပင်ပေါက်အောင်ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာ နားလည်ထားစေချင်တယ်”ဟု ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က နိုင်ငံသူနိုင်ငံသားများအား နောက်ဆုံးမှာကြားခဲ့သည်။
မြန်မာနိုင်ငံသည် အကြောင်းအမျိုးမျိုးဖြင့် ၁၉၈၈ ခုနှစ်မတိုင်မီကာလတွင် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး နိုင်ငံဖြစ်ခဲ့သည်။ လက်ရှိတွင် ကမ္ဘာပေါ်၌ ဖွံ့ဖြိုးမှု အမြန်ဆုံး နိုင်ငံ၊ ဖွံ့ဖြိုးပြီးနိုင်ငံ ၃၈ နိုင်ငံရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံ ၁၅၂ နိုင်ငံရှိသည်။ မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ ၄၆ နိုင်ငံရှိသည်။ မဖွံ့ဖြိုးခြင်း၊ ဖွံ့ဖြိုးခြင်းတို့ သည် ကြိုးစားအားထုတ်မှု၊ အလုပ်လုပ်နိုင်မှုအပေါ်မူတည်၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အလျင်အမြန် ပြောင်းလဲတိုးတက်နေသော နည်းပညာခေတ်တွင် နိုင်ငံများသည် နေ့စဉ်နှင့်အမျှ မိမိနိုင်ငံတိုးတက်အောင်၊ နောက်ကျမကျန်ခဲ့ရအောင် ကြိုးပမ်းအားထုတ် အလုပ်လုပ်နေကြသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း စီမံကိန်းအမျိုးမျိုးချ၍ အလုပ်လုပ်ခဲ့ကြသည်။ ကမ္ဘာ့စံနှုန်းသတ်မှတ်ချက် အရ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး နိုင်ငံအဆင့်တွင်ရှိနေသော်လည်း ဆက်လက်ကြိုးစားအားထုတ်မှုကြောင့် ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်သို့ ရောက်နေပြီဟု ဆိုနိုင်သည်။ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးသည် အရေးကြီးသည်။ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးသည်လည်း အရေးပါသည်။ ပြီးလျှင် လူတိုင်းလူတိုင်း ကြိုးစားအားထုတ် လုပ်ကိုင်ကြဖို့လိုအပ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေး (၁/၂၀၂၂)တွင် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အလုပ်လုပ်ကြရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့သည်။
“ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်တွေ ခံစားချင်တယ်ဆိုရင်လည်း အလုပ်လုပ်မှပဲ ခံစားရမယ်။ အလုပ်မလုပ်ဘဲနဲ့တော့ မခံစားနိုင်ဘူး။ ပညာမသင်ဘဲနဲ့ ပညာတတ်တွေ ဖြစ်နိုင်စရာအကြောင်းမရှိဘူး။ ပညာသင်မှပဲ ပညာတတ်တွေဖြစ်နိုင်တယ်။ ပညာတတ်တွေဖြစ်လာမှပဲ အလုပ်အကိုင်အခွင့်အလမ်း တွေက ပိုပြီးတော့မှ တိုးတက်ဖန်တီးနိုင်ခွင့်တွေ ပိုရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သတိထား ပြီး လုပ်ဖို့လိုပါတယ်။ ကိုယ်မကြိုးစားရင် ကိုယ့်ကိုသူများက ကျော်တက်သွားမှာပဲ”ဟု အသိပေး ပြောကြားထားသည်။
လူတို့အနေဖြင့်လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့်လည်းကောင်း စတင် ဖြစ်တည်ကတည်းက ကြွယ်ဝချမ်းသာလာသည် မဟုတ်ပေ။ ကြိုးစားအားထုတ်မှုကြောင့် ကြွယ်ဝချမ်းသာလာကြခြင်း ဖြစ်သည်။ မူလကဆင်းရဲနွမ်းပါးသော်လည်း ကံ၊ ဉာဏ်၊ ဝီရိယ ကြိုးစားအားထုတ်မှုဖြင့် ရည်မှန်းချက်ကို မဖြစ်မနေအကောင် အထည်ပေါ်အောင် ကြိုးစားအားထုတ်ခြင်းဖြင့် မျှော်မှန်းထားသည့် ပန်းတိုင်သို့ ရောက်ရှိလာကြခြင်းဖြစ်သည်။ နိုင်ငံ ကြီးသည်၊ သေးသည်၊ ငယ်သည်။ လူဦးရေ နည်းသည်၊ များသည်နှင့်မသက်ဆိုင်ဘဲ ကြိုးစားအားထုတ်ခြင်း၊ အလုပ်လုပ်ကြခြင်းကြောင့်သာ ချမ်းသာကြွယ်ဝ လာကြသည်။ ။
ကြီးပွားတိုးတက်ရန်အတွက် ပညာသည်အခြေခံကျပြီး အသိပညာ၊ အတတ်ပညာကြွယ်ဝအောင် ကြိုးစားအားထုတ်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေးတို့နှင့်ပတ်သက်၍ အလုပ်အကိုင် အခွင့်အလမ်းများစွာ ရှိသည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တတ်သိပညာဖြင့် ကြိုးစားလုပ်ကိုင်ကြမည်ဆိုလျှင် စီးပွားဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်း များကို သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ဦးဆောင်လုပ်ကိုင်ကြပြီး ပြည်သူများကလည်း တက်ကြွစွာ ပါဝင်လုပ်ကိုင်ခြင်းဖြင့် ဖွံ့ဖြိုးသည့်နိုင်ငံအဖြစ်သို့ အလျင်အမြန် ရောက်ရှိလာမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး နိုင်ငံစာရင်းမှ လွတ်မြောက်ပြီး ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို တိုင်းရင်းသားပြည်သူအားလုံး မျှဝေခံစားနိုင်ရေးအတွက် ညီညီညွတ်ညွတ် လက်တွဲပူးပေါင်း၍ အလုပ်လုပ်ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါကြောင်း။ ။