Skip to main content

“လက်မှုပညာသင်ကျောင်းတွေ များလာအောင် ပိုပြီးကြိုးစား ရလိမ့်မည်၊ အသက်မွေးဝမ်းကျောင်းပညာ၊ အထွေထွေလက်မှု၊ ပညာတွေကို ပိုပြီး အားပေးရမည်။ စာအုပ်တွေထုတ်တဲ့ နေရာ မှာလည်း လူအများအတွက် အရေးတကြီးလိုအပ်သည့် စာအုပ်တွေ၊ အသုံးကျမည့် စာအုပ်တွေကို ဘာသာပြန်ပြီး ပုံနှိပ်ထုတ်ဝေ ဖို့ကို စိတ်ထဲမှာ စွဲထားရမည်။ ဘာသာပြန်ဌာနကြီးကြီးတစ်ခုကို ဖွင့်ရမည်။ နိုင်ငံခြားကိုပညာသင်တွေ လွှတ်ရမည်။ သို့သော်လည်း သူတို့ပြန်လာလျှင် တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် လုပ်နိုင်ကိုင်နိုင်အောင် အသုံးကျတဲ့ ပညာမျိုးတွေကို ကျကျနန ယူလာနိုင်အောင်လုပ်ရမည်။ အဆိုပါ ပညာတော်သင်တွေ အတွက် သင်ကြားဖို့ရာ ပညာရပ်တွေ ရွေးချယ်သည့်နေရာမှာ တိုင်းပြည်ပြန်လည်ထူထောင်ရေးအသုံးကိုကြည့်ပြီး ရွေးချယ် ရမည်။ ရွေးချယ်ခံရမည့် ကျောင်းသားတွေဟာ အရည်အချင်း ကျကျနန ပြည့်စုံရမည့် ကျောင်းသားတွေဖြစ်ရမည်။ သူတို့ ပညာတော်သင်ပြီး ပြန်လာသည့်အခါမှာ အလုပ်ရဖို့ အာမခံ ထားနိုင်ဖို့သင့်သည်။ ပြီးတော့ ကျကျနနသင်ကြားရမည့် ပညာရပ် တွေကို သူတို့ကောင်းကောင်းမွန်မွန်သင်ကြဖို့ ကျွန်တော်တို့က အရေးယူရလိမ့်မည်”

အထက်ပါ စကားများသည် အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဇွန်လ ၇ ရက်နေ့ ပြုလုပ်သည့် ပြန်လည်ထူထောင်ရေးကွန်ဖရင့်တွင် ပြောကြားသည့် မိန့်ခွန်းထဲက ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။

နိုင်ငံကို တည်ဆောက်သည့်နေရာတွင် ပညာရေးမည်မျှ လောက် အရေးပါသည်။ ပညာရေးတွင် မည်သို့ဂရုတစိုက်ပြုစု ပျိုးထောင်ရမည်ဆိုသည်ကို အလေးအနက်ထားမှုအပြည့် တိကျသော လမ်းညွှန်ချက်များဖြင့် ဖော်ပြထားသည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။ ။

ဝိဇ္ဇာသိပ္ပံဘွဲ့ရပညာရှင်များ၊ မဟာဘွဲ့ ရှင်များ၊ ပါရဂူများ ကိုသာ ထုတ်လုပ်နေရမည့် ပညာရေးစနစ်မျိုးမဟုတ်ဘဲ စက်မှု လက်မှုပညာရပ်များကို လက်တွေ့လုပ်နိုင်သည့် ကျွမ်းကျင် သူများကို ပိုမိုများများစားစား လိုအပ်နေမှုနှင့် ကိုက်ညီသည့် ပညာရေး အစီအမံဖြစ်ပါသည်။ အထွေထွေစက်မှုလက်မှု ပညာရပ်များဆိုင်ရာ လက်တွေ့လုပ်ငန်းများ၊ ဆေးပညာရပ် ဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းများ၊ ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် ခရီးသွား၊ ချက်ပြုတ်ချုပ်လုပ် အစရှိသော နယ်ပယ်အသီးသီးက ပညာရပ်ဆိုင်ရာများတွင် အမှန်တကယ် လုပ်ကိုင်ကျွမ်းကျင် သည့်သူများကို မွေးထုတ်နိုင်ရေးက လိုအပ်ချက် ဖြစ်ပါသည်။ အထူးသဖြင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် အားယူကြိုးကုတ် နေသည့် ယနေ့ လိုကာလအတွက် အရေးကြီးသည့် ပညာရေး ရည်မှန်းချက် ဖြစ်ပါမည်။

ထိုကဲ့သို့ အထွေထွေလုပ်ငန်းများဆိုင်ရာ ကျွမ်းကျင်သူ များကို လိုအပ်သလို နိုင်ငံတကာနှင့် အမီလိုက်နိုင်သော မဟာ ပညာရှင်များ၊ ပါရဂူများ အပါအဝင် ခေတ်မီနည်းပညာ အတတ် ပညာရှင်များကိုလည်း နိုင်ငံ၏ လိုအပ်ချက်နှင့် ကိုက်ညီသည် များကို ရွေးချယ်ကာ နိုင်ငံခြားပညာသင်လွှတ်ခြင်းများ ပြုရပါ သည်။ နိုင်ငံတကာက ခေတ်မီပညာရပ်များနှင့် အတွေ့အကြုံ တို့ကို နိုင်ငံတွင် ပြန်လည်အသုံးချလုပ်ကိုင်နိုင်ရန် အလို့ငှာ ထိုပညာရပ်များဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးခြင်း၊ နိုင်ငံ၏လိုအပ်သည့် လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်နိုင်မည့် အစီအမံများကို စီစဉ်ပေးခြင်း စသည်တို့ကို မူဝါဒ ချမှတ်ပြင်ဆင်နိုင်သည့် ပညာရေး ဖြစ်ပါသည်။ ။

အမြော်အမြင်ကြီးသည့် ခေါင်းဆောင်များသည် နိုင်ငံနှင့် လူမျိုး အကျိုးစီးပွားကို ဘက်စုံထောင့်စုံသိမြင်နှံ့စပ်ပြီး ပညာရေး အစီအမံများ ရေးဆွဲချမှတ်ခြင်းသည် အနာဂတ်ကို တည်ဆောက် ခြင်းပင် ဖြစ်ပါသည်။

ပညာရေးသည် သီးခြားကင်းလွတ်နေသည့် နယ်ပယ်တစ်ခု မဟုတ်ဘဲ လူ့အဖွဲ့အစည်းနှင့် ဆက်စပ်ယှဉ်တွဲစဉ်းစားရသည့် လုပ်ငန်း ဖြစ်ပါသည်။ အထူးသဖြင့် တိုင်းပြည်ထူထောင်ရေး ကာလတွင် လက်တွေ့အသုံးကျမည့် ပညာရပ်များနှင့် သက်မွေးကျောင်းမှုဆိုင်ရာ၊ အထွေထွေစက်မှုလက်မှု ပညာရပ်များ ဆိုင်ရာတို့ကို ဦးစားပေးရေးကို အလေးထားကြရမည် မဟုတ် ပါလား။ ။