Skip to main content

အာဖရိက ဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား၊ မိုင်းယောင်း၊ မိုင်းဖြတ်မြို့နယ်များနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ပန်ဆန်းမြို့နယ်များတွင် ကူးစက်ဖြစ်ပွားခဲ့သဖြင့် အခြားဒေသများသို့ ကူးစက်ပျံ့နှံ့ခြင်းမရှိစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် အာဖရိက ဝက်အပြင်းဖျားရောဂါ ကင်းရှင်းမှုအခြေအနေကို သိရှိနိုင်ရန်အတွက် ရောဂါစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ မိမိမွေးမြူထားသော ဝက်များကိုလည်း အာဖရိကဝက်အပြင်းဖျား ရောဂါ ကူးစက်ကျရောက်ခြင်း မရှိစေရေးအတွက် မွေးမြူရေးခြံများ၏ဇီဝလုံခြုံမှုကို စနစ်တကျမြှင့်တင်ရန် လိုအပ်ပါသည်။ အာဖရိကဝက် အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အောက်ပါ အတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်

(က) ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုဆောင်ရွက်ရန်၊

(ခ) ဝက်ခြံများနှင့် သားငါးဈေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊

(ဂ) အိမ်မွေးဝက်များကို အပူပြင်းပြင်းဖြင့် ချက်ပြုတ်ထားခြင်းမရှိသော စားသောက်ဆိုင်များမှ စားကြွင်းကျန် ကျွေးခြင်း မပြုလုပ်ရန်၊

(ဃ) အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူအဝင်အထွက် ထိန်းချုပ်ရန်၊

(င) အသက်အရွယ်တူဝက်များကိုသာ အတူတူမွေးမြူရန်၊

(စ) ဝက်ခြံများအတွင်း အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက် ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊

(ဆ) ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကို ဝယ်ယူမွေးမြူရန်၊

(ဇ) ဝယ်ယူသည့်ဝက်များကို မိမိခြံရှိဝက်များနှင့် မရောမီသီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်၊

(ဈ) ပြည်ပမှ တရားမဝင် တင်သွင်းလာသော ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်း မပြုရန်၊

(ည) တောဝက်နှင့် အိမ်မွေးဝက်များ ရောနှောထိတွေ့ခြင်းမှ ကာကွယ်ရန်၊

(ဋ) ဝက်များတစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းသယ်ဆောင်ခြင်းနှင့် အများပြည်သူစားသုံးရန် သားသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ကျန်းမာ ရေးစစ်ဆေးမှုကို ခံယူရန်၊

(ဌ) တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက် သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ ထံသို့ ချက်ချင်းသတင်းပို့ရန်၊ (၃) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်း များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန