စိုက်ပျိုးရေးကို အဓိကထားသည့် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးထွက်ကုန်များ၏ ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေသည် နိုင်ငံ၏ စီးပွားရေးအပေါ် များစွာအကျိုးသက်ရောက်မှု ရှိသလို ဆန်အပါအဝင် စိုက်ပျိုးရေးထွက်ကုန်များကို နေ့စဉ် စားသုံးနေရသည့် ပြည်သူလူထုအပေါ်တွင်လည်း စိုက်ပျိုးရေးထွက်ကုန် ဈေးနှုန်းများ၏ အကျိုးသက်ရောက်မှုများက ကြီးမားသည်။ သို့ဖြစ်၍ ကုန်ဆုံးသွားပြီဖြစ်သည့် ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံစီးပွားရေးနှင့် ပြည်သူများအပေါ် အကျိုးသက်ရောက်သည့် အရေးပါသော စိုက်ပျိုးရေးထွက်ကုန်အချို့၏ ဈေးကွက်အခြေအနေ များကို သုံးသပ်ဖော်ပြလိုက်ပါသည်။ ။
(၁)မတ်ပဲ
၂၀၁၉ နှစ်ဆန်းပိုင်း လများတွင် ရန်ကုန် ပဲစျေးကွက်၌ မတ်ပဲအသစ်(RC)တစ်တန်လျှင် ကျပ်ခုနစ်သိန်းဝန်းကျင် သာ စျေးနှုန်းရှိခဲ့သော်လည်း နှစ်ကုန်တွင် ကျပ် ၁၁၆၃၀၀၀ နှုန်းအထိ မြင့်တက်ခဲ့သည်။ နိုဝင်ဘာ ၅ ရက်တွင် ပေါက်ခဲ့ သော ကျပ် ၁၃၃၀၀၀၀ နှုန်းမှာ အမြင့်ဆုံးဈေး ဖြစ်ခဲ့သည်။ ၂၀၁၈ ခုနှစ်က တစ်နှစ်လုံး အမြင့်ဆုံးဈေးနှုန်းမှာ နိုဝင်ဘာ ၆ ရက်က ကျပ် ၉၈၈၀၀၀ နှုန်းဖြစ်သည်။ ၂၀၁၉ ခုနှစ်၏ အမြင့်ဆုံးဈေးဖြစ်သော မတ်ပဲ(RC)တစ်တန် ကျပ် ၁၃၃၀၀၀၀ နှုန်းသည် ၂၀၁၆ နှစ်ကုန်ပိုင်းမှ သုံးနှစ်ဝန်းကျင်အတွင်း အမြင့်ဆုံးဈေးလည်း ဖြစ်ခဲ့သည်။ ၂၀၁၇ သြဂုတ်လလယ် နောက်ပိုင်းမှစ၍ မြန်မာ့မတ်ပဲ၏ အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံသို့ ပဲတင်သွင်းမှုကို ယင်းနိုင်ငံမှ ပိတ်ပင်လိုက် ချိန်တွင် မြန်မာ့ပဲဈေးကွက်သည် တည်ငြိမ်မှုပျက်ပြားခဲ့ပြီး ပဲဈေးနှုန်းများ အနိမ့်ဆုံးသို့ ကျဆင်းခဲ့သည်။
၂၀၁၈-၂၀၁၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်များတွင် အိန္ဒိယနိုင်ငံသို့ ပဲတင်သွင်းခွင့် တန်ချိန် ပမာဏများကို ယင်းနိုင်ငံအစိုးရက နှစ်အလိုက် ထုတ်ပြန်ပေး၍ မြန်မာ နိုင်ငံတွင်းဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့သည်။
(၂)ဆန်စပါး
၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်း ဆန်စပါးစျေးနှုန်းသည် ၂၀၁၈ ခုနှစ်ထက် လျော့နည်းခဲ့သည်။ ၂၀၁၈ သြဂုတ်လ ဝန်းကျင်က ပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ် ၅၀၀၀၀ မှ ၆၅၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သော်လည်း ၂၀၁၉ ကာလတူတွင်မူ ပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ် ၄၀၀၀၀ ဝန်းကျင်မှ အများဆုံး ကျပ် ၆၀၀၀၀ ဝန်းကျင် သာရှိခဲ့သည်။ ၂၀၁၉ နှစ်ကုန်ပိုင်း စပါးသစ်ပေါ်ချိန်တွင် ပေါ်ဆန်းဆန်သစ် များသည် တစ်အိတ်လျှင် ကျပ် ၂၄၀၀၀ ဝန်းကျင်မှ ၃၀၀၀၀ ခန့်သာ ရှိသည်။
၂၀၁၉ နှစ်ကုန်ပိုင်း မိုးစပါးသစ် ထွက်ချိန်တွင် ဆန် ကြမ်းဈေးနှုန်းမှာလည်း တစ်အိတ်လျှင် ကျပ် ၂၀၀၀၀ မှ ၂၃၀၀၀ ဝန်းကျင်သာ ရှိခဲ့သည်။ နွေဆန်အဟောင်းမှာမူ အနည်းငယ်ဈေးပိုပြီး ကျပ် ၂၇၀၀၀ ဝန်းကျင်ရှိသည်။ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့တွင် ဆန်ကြမ်းဈေးနှုန်း ကွာခြားမှုမှာ ပေါ်ဆန်းဆန် ဈေးနှုန်းကွာခြားမှုထက် နည်းသည်။
ပြည်ပပို့ဆန်တန်ချိန် လျော့နည်းခြင်း၊ ပြည်တွင်း၌ ဆန်လက်ကျန်များခြင်းနှင့် ပြည်တွင်းဆန်ကြမ်းဈေးများ နည်းနေခြင်းတို့ကြောင့် ၂၀၁၉ မိုးစပါးအသစ်ထွက်ချိန်တွင် စပါးသစ်များ ဈေးနှုန်းကျဆင်းခဲ့၍ အခြေခံ မိုးစပါးဈေးနှုန်း အဖြစ် စပါးတင်း ၁၀၀ လျှင် ကျပ်ငါးသိန်းဟု အစိုးရက သတ်မှတ်ပေးခဲ့သည်။ စပါးဝယ်ရန် ငွေကျပ် ၁၅ ဘီလီယံ ကို ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ များသို့ နိုင်ငံတော်အစိုးရက အတိုးမဲ့ ထုတ်ချေးပေးခဲ့သည်။
(၃)စားသုံးဆီ
ပြည်တွင်း၌ မြေပဲဆီ၊ နှမ်းဆီ ဈေးနှုန်းမြင့်၍ စားသုံးမှု နည်းခဲ့ပြီး ဈေးသက်သာသော စားအုန်းဆီကိုသာ စားသုံးမှု ပိုများခဲ့သည်။ ၂၀၁၉ နှစ်ဆန်းပိုင်းတွင် မြေပဲဆီ လက်ကား တစ်ပိဿာလျှင် ကျပ် ၅၅၀၀ ဝန်းကျင်ရှိပြီး နှစ်ကုန်ပိုင်းတွင် ကျပ် ၇၀၀၀ ဝန်းကျင်ရှိသည်။
စားအုန်းဆီမှာမူ ၂၀၁၉ နှစ်ဆန်းပိုင်းတွင် လက်ကား တစ်ပိဿာလျှင် ကျပ် ၁၆၀၀ ဝန်းကျင်နှင့် နှစ်လယ် ပိုင်းတွင် ၁၅၀၀ ဝန်းကျင်သာရှိခဲ့ရာမှ နှစ်ကုန် ဒီဇင်ဘာ ၃၀ ရက်တွင် လက်ကားတစ်ပိဿာလျှင် ၂၀၄၅ ကျပ်နှုန်း အထိ စံချိန်တင်မြင့်တက်လာခဲ့သည်။
ပြည်ပပို့ကုန်ရငွေရှိသူများ ပြည်ပမှ စားအုန်းဆီတင် သွင်းခွင့်ကို ရရှိခဲ့သည့် ၂၀၁၁ မေလလယ် နောက်ပိုင်းမှစ၍ ရှစ်နှစ်ကျော်ကာလအတွင်း အမြင့်ဆုံးစျေးနှုန်းသည် ၂၀၁၈ သြဂုတ်လဆန်းက လက်ကား တစ်ပိဿာ ၁၉၀၀ ကျပ်နှုန်း ဖြစ်ခဲ့ရာမှ ၂၀၁၉ ဒီဇင်ဘာ ၃၀ ရက်တွင် ထိုနှုန်းကိုကျော်၍ ၂၀၄၅ ကျပ်ဖြင့် အမြင့်ဆုံးဖြစ်လာသည်။
(၄)ကြက်သွန်နီ
တစ်နှစ်လျှင် တန်ချိန် ၁၀ သိန်းဝန်းကျင် ထွက်ရှိ သော ပြည်တွင်းကြက်သွန်နီ ဈေးနှုန်းသည် ၂၀၁၉ စက်တင်ဘာလလယ် နောက်ပိုင်းမှစ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့တင်ပို့ရန် အဝယ်ရှိလာပြီး ဈေးနှုန်းမြင့် တက်လာ သည်။ ဆောင်းစိုက် ကြက်သွန်နီအသစ်ပေါ်သည့် နွေ ကာလက လှောင်သမားများ ဝယ်ယူခဲ့ရာတွင် တစ်ပိဿာ လျှင် ကျပ် ၄၅၀-၅၀၀ နှုန်း ဖြင့်သာ ဝယ်ခဲ့သော်လည်း စက်တင်ဘာလတွင် ဘင်္ဂလားဒေ့ရှ် သို့ အပို့ရှိလာ၍ စက်တင်ဘာ လကုန်ပိုင်းမှစပြီး ပြည်တွင်း ကြက်သွန်နီများ ဈေးတက်လာရာ နှစ်လဝန်းကျင်အကြာ ဒီဇင်ဘာ ၃ ရက် တွင် ကြက်သွန်နီ အမျိုးအစားအလိုက် လက်ကား တစ်ပိဿာလျှင် ကျပ် ၂၇၀၀ မှ ၃၆၀၀ နှုန်းအထိ မြင့်တက် ခဲ့သည်။
ယင်းနောက်ပိုင်းတွင်မူ မိုးစိုက် ကြက်သွန်နီအသစ်များ စျေးကွက်သို့ ဝင်ရောက်လာခဲ့ရာ ဒီဇင်ဘာ ၆ ရက်မှစ၍ အမျိုးအစားအလိုက် ကျပ် ၁၇၀၀ မှ ၂၉၀၀ နှုန်းသို့ လျော့ ကျခဲ့သည်။ ဒီဇင်ဘာလအတွင်း ဈေးနှုန်း အတက်အကျများ ဖြစ်ခဲ့ပြီးနောက် ၃၁ ရက်တွင်မူ အမျိုးအစားအလိုက် ကျပ် ၁၀၀၀ မှ ၁၈၀၀ နှုန်းအထိ ပြန်လျော့ကျခဲ့သည်။ ၂၀၁၈ ခုနှစ် ကာလတူ ဒီဇင်ဘာ ၂၉ ရက် ဈေးနှုန်းမှာ ကျပ် ၃၀၀ မှ ကျပ် ၈၅၀ နှုန်းသာ ရှိခဲ့သည်။
ထို့ကြောင့် ၂၀၁၉ တွင် ကြက်သွန်နီ လှောင်သမားများ အကျိုးအမြတ်ရရှိမှု များပြားသကဲ့သို့ မိုးကြက်သွန်နီ စိုက်ပျိုး ခဲ့ကြသည့် တောင်သူများသည်လည်း ၂၀၁၉ တွင် ယခင် နှစ်ထက် အကျိုးအမြတ်များစွာ ပိုမိုရရှိခဲ့သည်။
(၅)ကြက်သွန်ဖြူ
ရှမ်းကြက်သွန်ဖြူနှင့် ကြူကုတ်ကြက်သွန်ဖြူများ သည် ၂၀၁၉ နှစ်လယ်အလွန်မှစ၍ စျေးတက်လာသည်။ နှစ်စတွင် ရှမ်းကြက်သွန်ဖြူ အလုံးသေး လက်ကား တစ်ပိဿာ ကျပ် ၆၀၀၊ အလုံးကြီး ကျပ် ၁၅၀၀ နှင့် ကြူကုတ်ကြက်သွန်ဖြူက ကျပ် ၁၁၅၀ ဝန်းကျင် ရှိခဲ့သည်။ ထွက်ချိန်တွင် ဈေးမတက်ခဲ့ သော ရှမ်းကြက်သွန်ဖြူသည် မေလကုန်ပိုင်းမှစ၍ ဈေးတက်ခဲ့ရာ အောက်တိုဘာ ၂၃ ရက် တွင် အမျိုးအစားအလိုက် လက်ကား တစ်ပိဿာလျှင် ကျပ် ၂၇၀၀ မှ ၄၁၀၀ နှုန်းအထိ ရောက်ရှိခဲ့သည်။ နှစ်ကုန် တွင်မူ ကျပ် ၂၂၀၀ မှ ၃၄၀၀ နှုန်း အထိ ပြန်လျော့ကျခဲ့သည်။ ကြူကုတ်ကြက်သွန်ဖြူအသစ် ထွက်ပေါ်ချိန် ဇွန်လ ကုန်ပိုင်းတွင် ၃၄၀၀ ကျပ်အထိ စျေးမြင့်ခဲ့ပြီး နှစ်ကုန်တွင်မူ ကျပ် ၃၀၀၀ ဝန်းကျင် ရှိခဲ့သည်။
၂၀၁၈ ခုနှစ်အတွင်းက ရှမ်းကြက်သွန်ဖြူ အလုံးကြီး တစ်ပိဿာ လက်ကားစျေးသည် ကျပ် ၁၅၀၀ ဝန်းကျင်နှင့် ကြူကုတ်ကြက်သွန်ဖြူက ကျပ် ၁၂၀၀ ဝန်းကျင်သာ ရှိခဲ့၍ ၂၀၁၉ တွင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူ နှစ်မျိုး စလုံး ၂၀၁၈ ထက် စျေးနှုန်းအမြင့်ရခဲ့သည်။
(၆)အာလူး
ပြည်တွင်းစျေးကွက်သို့ ပြည်ပမှဝင်ရောက်ပြီး စျေးကွက် ဝေစုကို ရယူနေသော မီးဖိုဆောင်သုံး ကုန်စည်တစ်ခုမှာ အာလူးဖြစ်သည်။ ရှမ်းအာလူးများ ထွက်ပေါ်ချိန် နွေကာလ အလွန်မှ နှစ်ကုန်အထိ တရုတ်အာလူးမျိုးစုံသည် နယ်စပ်မှ တစ်ဆင့် ရန်ကုန်ဈေးကွက်သို့ တွဲကားများဖြင့် ဝင်ရောက်မှု ရှိနေဆဲဖြစ်သည်။ ဈေးနှုန်းမှာ ၂၀၁၉ နှစ်လယ်နောက်ပိုင်းတွင် တရုတ်အာလူး လက်ကား တစ်ပိဿာ ကျပ် ၁၀၀၀ ခန့် ရှိခဲ့သော်လည်း ဒီဇင်ဘာလ ကုန်ပိုင်းတွင်မူ တစ်ပိဿာလျှင် ကျပ် ၆၅၀ ဝန်းကျင်သာ ရှိသည်။
ရှမ်းအာလူးမှာလည်း အများအားဖြင့် တရုတ်အာလူး စျေးနှုန်းနှင့် ကွာခြားမှုနည်းသည်။ တရုတ်အာလူး အမျိုး အစားများစွာ အလုံးအရင်း ဝင်နေ၍ ရှမ်းအာလူးသည်လည်း နှုန်းအနိမ့်တွင်သာ ရှိနေခဲ့သည်။ ဆင်ဖြူကျွန်းအာလူးများ ထွက်ပေါ်သည့် နွေကာလက တရုတ်အာလူး ဝင်ရောက်မှု နည်းခဲ့သော်လည်း ဆင်ဖြူကျွန်းအာလူးသည် လက်ကား တစ်ပိဿာလျှင် ကျပ် ၆၅၀ ဝန်းကျင်သာ ဈေးရခဲ့သည်။ (၇)ငရုတ်
ပြည်တွင်းထွက် ငရုတ်စိုများကို ပြည်ပတင်ပို့မှုများ၍ပြည်တွင်းငရုတ်စျေး မြင့်တက်လာပြီး ပြည်ပမှ တင်သွင်းလာသော ငရုတ်များသည်လည်း ၂၀၁၉ အတွင်း စံချိန်တင် စျေးမြင့်တက်ခဲ့သည်။ နွေကာလနောက်ပိုင်း တွင် ပြည်ပသို့ ငရုတ်စိုများ တင်ပို့မှုများခဲ့၍ ပုံမှန် တစ်ပိဿာလျှင် ကျပ် ၂၅၀၀ ဝန်းကျင်သာရှိရာမှ ကျပ် ၈၀၀၀ ဝန်းကျင်အထိ ဈေးတက်ကာ ငရုတ်စိုက်သူများ ဈေးမကောင်းရခဲ့သည်။
မြစ်ဝကျွန်းပေါ်ထွက် ငရုတ်ရှည်များသည် နွေကာလ အတွင်း တစ်ပိဿာလျှင် ကျပ် ၃၅၀၀ ဝန်းကျင်ဖြင့်သာ ဈေးကွက်သို့ ဝင်ရောက်ခဲ့သော်လည်း နှစ်လယ်နောက်ပိုင်း ပျော်ဘွယ်မိုးငရုတ်များထွက်ချိန်တွင် မိုးငရုတ် တစ်ပိဿာလျှင် ကျပ် ၅၅၀၀ ဝန်းကျင် ရရှိခဲ့သည်။ အိန္ဒိယငရုတ်ရှည်နှင့် အိန္ဒိယ မိုးငရုတ်တို့မှာလည်း ယခင်နှစ်များက တစ်ပိဿာ လျှင် ကျပ် ၅၅၀၀ ခန့်သာ ဈေးရခဲ့ရာမှ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၇၀၀၀ နှင့် ကျပ် ၈၀၀၀ နှုန်းအထိ ဈေးမြင့်တက်ခဲ့သည်။
တရုတ်ပြည်မြောက်ပိုင်း အအေးပိုင်းဒေသထွက် စက ငရုတ်ပွများမှာ မိုင်ပေါင်း ၂၀၀၀ ဝန်းကျင်ဝေးသော ရန်ကုန် ဈေးကွက်သို့ ဝင်ရောက်နေပြီး လက်ကား တစ်ပိဿာလျှင် ကျပ် ၄၈၀၀ နှုန်းဖြင့် ရောင်းချနေသည်။ အအေးခန်းထုတ် ပြည်တွင်း ငရုတ်ပွများမှာ လက်ကား တစ်ပိဿာလျှင် ကျပ် ၉၀၀၀ ဝန်းကျင် ဈေးရရှိခဲ့သည်။
(၈)သကြား
၂၀၁၉ အတွင်း မီးဖိုဆောင်သုံး ကုန်စည်အများစု ဈေးနှုန်းအမြင့်ရခဲ့သော်လည်း သကြားဈေးနှုန်းမှာ အနိမ့်တွင်ရှိနေပြီး သကြားလုပ်ငန်းလုပ်ကိုင်သူများ အရှုံးပေါ်ခဲ့သည်။ ပြည်ပမှ တင်သွင်းထားသည့် သကြား များ နယ်စပ်အပို့နည်းလာ၍ ပြည်တွင်း၌ လက်ကျန်များ နေခြင်း၊ ပြည်ပမှ တရားမဝင် သကြားတင်သွင်းမှု အချို့ ရှိနေခြင်း၊ ပြည်တွင်း သကြားစက်ရုံများမှ တစ်နှစ်လျှင် သကြားတန်ချိန် ငါးသိန်းခန့်ထွက်နေပြီး ပြည်တွင်း စားသုံးမှုထက် များစွာပိုလျှံနေသော်လည်း ပြည်ပသို့ အပို့မရှိခြင်းတို့ကြောင့် ရန်ကုန်ဈေးကွက်တွင် သကြား လက်ကား တစ်ပိဿာလျှင် ကျပ် ၉၀၀ ဝန်းကျင် သာရှိခဲ့ သည်။ ဈေးကွက်အတွင်း သကြားလက်ကျန် များနေ၍ သကြားစက်ရုံများအနေဖြင့် ကြံဝယ်ရာတွင်လည်း ဈေးနှုန်းလျှော့ချ ဝယ်ယူနေကြသည်။
(၉)ထန်းလျက်
၂၀၁၉ တွင် သကြားစျေးနှုန်း အနိမ့်ဆုံးရောက်ခဲ့သော် လည်း ထန်းလျက်စျေးနှုန်းမှာ အမြင့်ဆုံး ရောက်လာခဲ့ သည်။ ၂၀၀၀ မှ ၂၀၁၉ အထိ ဆယ်စုနှစ် အတွင်း ညောင်ဦးဆေးခတ် ထန်းလျက် အမြင့်ဆုံး လက်ကား တစ်ပိဿာဈေးမှာ ကျပ် ၁၇၀၀ ဝန်းကျင်သာ ရှိခဲ့ မသော်လည်း ၂၀၁၉ ဒီဇင်ဘာ လကုန် တွင် ၁၉၀၀ အထိ မြင့်တက်လာခဲ့သည်။ မလှိုင်ထန်းကြမ်း တစ်ပိဿာလျှင် ကျပ် ၁၉၀၀၊ ပခုက္ကူထန်းကြမ်း ကျပ် ၁၉၅၀ နှင့် သကြားရော ထန်းလျက်များမှာ ကျပ် ၁၃၀၀ ဝန်းကျင် ရှိနေခဲ့သည်။
ခင်ဆိုင်