ဒီမိုကရေစီနိုင်ငံများတွင် ရွေးကောက်ပွဲသည် အရေးအကြီးဆုံးဖြစ်သည်။ စစ်မှန်ပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများမှ ပေါ်ထွက်လာသော ကိုယ်စားလှယ်များသည် နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးကို တာဝန်ယူ ဆောင်ရွက်ကြရသည်။ ထို့ကြောင့် ပြည်သူ့ကိုယ်စားလှယ်များအား မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှသာ နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရလဒ်ကောင်းများ ပေါ်ထွက်လာမည် ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိလာသောကြောင့် တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် တည့်မတ်မှန်ကန် ခိုင်မာစေရေးအတွက် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည်။ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဆောင်ရွက်ရာ၌ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိရာ ပထမလုပ်ငန်းစဉ်ဖြစ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းများအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
ရှေ့လုပ်ငန်းစဉ်၏ နောက်ဆုံးအချက်တွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု အတိအလင်း ထုတ်ပြန်ထားသည်။ တပ်မတော်သည် နိုင်ငံတော်၏တာဝန်ကို ရယူဆောင်ရွက်နေခြင်းသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို ထိန်းသိမ်းတည့်မတ် ဆောင်ရွက်နေခြင်းဖြစ်ပြီး ခေတ္တတာဝန်ယူနေသည့် ကာလအတွင်း နိုင်ငံတော်နှင့် ပြည်သူအကျိုးကို သယ်ပိုးကာ အမျိုးသားရေးတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ၌ ရှေ့လုပ်ငန်းစဉ် ပထမအချက်ဖြစ်သည့် မဲစာရင်း စစ်ဆေးခြင်းများကို ဦးစားပေးဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စစ်ဆေးတွေ့ရှိသည့် မဲမသမာမှုများသည် အစောပိုင်းက တပ်မတော်မှ စစ်ဆေးတွေ့ရှိသည့် ရလဒ်များထက်ပင် ပိုမိုများပြားနေသည်ကို တွေ့ရပေသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဒုတိယသက်တမ်းကာလအတွက် ပြည်သူများ၏ ရွေးချယ်မှုဖြင့် နိုင်ငံ့တာဝန် ရယူခဲ့သော အနိုင်ရပါတီသည် ဒီမိုကရေစီ တတိယသက်တမ်းကာလကို ဆက်လက်ရယူလိုသော မလျော်ကန်သည့် ဆန္ဒဇောဖြင့် မဲမသမာမှုများ၊ မရိုးမသား လုပ်ဆောင်မှုများ၊ အာဏာအလွဲသုံးစားလုပ်မှုများအား ကိုယ်တိုင်လုပ်ဆောင်ခြင်း၊ အားပေးဆောင်ရွက်ခြင်း၊ မျက်ကွယ်ပြုထားခြင်းများ ပြုလုပ်ခဲ့ရာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်လာရသည်။
ဒီမိုကရေစီကျင့်သုံးနေသော နိုင်ငံများတွင် ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ်၏ အသက်သွေးကြော ဖြစ်သည်။ ပြည်သူများ ရွေးချယ်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များသည် နိုင်ငံတော်၏ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သော နိုင်ငံတော် သမ္မတအပါအဝင် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး တာဝန်များကို ထမ်းဆောင်ကြမည့် ပုဂ္ဂိုလ်များအား တိုက်ရိုက်ဖြစ်စေ သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ ရွေးချယ်ပေးရမည့် သူများဖြစ်သည့်အတွက် နိုင်ငံတော်အကျိုးကို ရှေးရှုသည့် ရိုးသားစွာဖြင့် အနိုင်ရရှိသော ရွေးကောက်ခံ ကိုယ်စားလှယ်များဖြစ်မှသာ ပြည်သူလူထုကို စစ်မှန်စွာ ကိုယ်စားပြုမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထု၏ စစ်မှန်သော ဆန္ဒမဲများသည် အလွန်အရေးကြီးပြီး ပြည်သူလူထုဆန္ဒမဲများ မှန်ကန်မှုမရှိပါက တိုင်းပြည်နှင့် လူမျိုးအတွက် များစွာထိခိုက်နစ်နာမည်ဖြစ်သည်။
သို့ဖြစ်ရာ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေရာ၌ တိုင်းပြည်နှင့် လူမျိုးအကျိုးစီးပွားကို မျက်ကွယ်မပြုဘဲ တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွားကို ထိခိုက်မှုရှိလာနိုင်သည့် အရေးကိစ္စများတွင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးလျက်ရှိသည်။ တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွားဖြစ်ထွန်းစေမည့် လုပ်ငန်းရပ်များတွင် ပါဝင်ထမ်းဆောင်ပေးလျက်ရှိသည်။ နိုင်ငံတော်က ကျင့်သုံးဆောင်ရွက်နေသော တိုင်းရင်းသားပြည်သူများ လိုလားနှစ်သက်သည့် ဒီမိုကရေစီစနစ်ကို မတိမ်းစောင်းအောင် ထိန်းကျောင်းဆောင်ရွက်ပေးနေပြီး ဒီမိုကရေစီစနစ်ကို သွေဖည်စေမည့် လုပ်ဆောင်မှုများကို ပြန်လည်ထိန်းသိမ်း တည့်မတ်ဆောင်ရွက်ပေးနေပေသည်။ ထိုသို့ဆောင်ရွက်နေခြင်းသည် တပ်မတော်က သမိုင်းပေးတာဝန်ကို ကျေပွန်စေရန်အတွက် အမျိုးသားရေးတာဝန်ကို ဦးလည်မသုန် ထမ်းဆောင်နေခြင်းပင် ဖြစ်ပါကြောင်း။ ။