မြန်မာနိုင်ငံအတွင်း မြေအသုံးချမှု စီမံခန့်ခွဲရာတွင် စိန်ခေါ်မှုများစွာရှိနေကြောင်း အမျိုးသား မြေအသုံးချမှုကောင်စီ ဒုတိယအကြိမ် အစည်းအဝေးတွင် အမျိုးသား မြေအသုံးချမှုကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ယင်းစိန်ခေါ်မှုများတွင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ခေတ်စနစ်နှင့်အညီ ပြုပြင်ပြဋ္ဌာန်းရန် လိုအပ်ချက်များ၊ ကဏ္ဍအလိုက် ပြဋ္ဌာန်းထားသည့်ဥပဒေများ ချိတ်ဆက်မှု၊ သဟဇာတမဖြစ်မှုနှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်မှု အားနည်းခြင်းများ၊ ဥပဒေအပေါ် လိုသလို အလွဲသုံးဆောင်ရွက်မှုများ၊ မြေသယံဇာတအချက်အလက်များနှင့် မြေပြင်၊ မြေပုံများ တိကျမှန်ကန်ရန် လိုအပ်မှုရှိနေခြင်းများ၊ မြေပြင်၌ လက်တွေ့စီမံခန့်ခွဲရာတွင် ဆက်စပ်ဌာနများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ခြင်းများစသည့် အကန့်အသတ်နှင့် စိန်ခေါ်မှုများက အဓိကဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးလျက်ရှိသည့် မြေအရင်း အမြစ်ဥပဒေများမှာ သက်တမ်းနှစ်ပေါင်း ၁၀၀ ကျော်နေပြီဖြစ်ရာ ခေတ်အခြေအနေနှင့် ကိုက်ညီဆီလျော်မှု၊ ပြည်သူ့အကျိုးစီးပွားကို သယ်ပိုးနိုင်မှု၊ တရားမျှတမှုရှုထောင့်များမှ လေ့လာဆန်းစစ်လျက် မြေအရင်းအမြစ်မူဝါဒဆိုင်ရာ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မည့် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရန် လိုအပ်လျက်ရှိသည်။ နိုင်ငံ၏ မြေအရင်းအမြစ်များသည် စားနပ်ရိက္ခာ ဖူလုံရေး၊ ရေအရင်းအမြစ်များ ဖော်ထုတ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မြို့ရွာကျေးလက်များ တည်ထောင်ရေး၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးစသည်ဖြင့် ပြည်သူလူထုအတွက် အသုံးချရသည့် မရှိမဖြစ် သယံဇာတအရင်းအမြစ်ဖြစ်သည်။ မြေအရင်းအမြစ်ဟူသည် တစ်သမတ်တည်း အကန့်အသတ်ဖြင့်သာ တည်ရှိနေပြီး မိမိတို့ရှင်သန်ရာ မျက်မှောက်ခေတ် အတွက်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ မျှော်တွေးကာ စီမံခန့်ခွဲ အသုံးချသွားရမှာဖြစ်သည်။
အမျိုးသားမြေဥပဒေရေးဆွဲရာတွင် ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်တို့ကို အများပြည်သူ၊ သက်ဆိုင်ရာအစိုးရဌာန၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ တောင်သူလယ်သမားများနှင့် အကျိုးသက်ဆိုင်သူများအား အောက်ခြေအထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆွေးနွေးပွဲများကျင်းပခြင်း၊ အခြားနည်းလမ်းများဖြင့် အသိပေးခြင်းတို့ပြုလုပ်ရန်၊ အမျိုးသားမြေဥပဒေမူကြမ်းကို ပြုစုရာတွင် အခြားနိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာ၍ မိမိတို့နိုင်ငံ၏ ထူးခြားသော အခြေအနေများ၊ တွေ့ကြုံနေရသည့် ပြဿနာများ၊ နိုင်ငံအတွင်းရှိ မြေနှင့်အခြားသဘာဝသယံဇာတ များကို အသုံးပြုသူတို့၏ အကျိုးစီးပွားကို အခြေပြုရေးဆွဲကာ မီဒီယာများအပါအဝင် သက်ဆိုင်ရာ အကျိုးသက်ဆိုင်သူများနှင့် အများပြည်သူတို့က သုံးသပ်အကြံပြုနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်၊ အမျိုးသားမြေဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပရာတွင် အကျိုးသက်ဆိုင်သူအားလုံးပါဝင်စေရန် အမျိုးသားမြေအသုံးချမှု မူဝါဒတွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး၊ အမျိုးသားမြေအသုံးချမှု စီမံကိန်းများနှင့် မြေအသုံးချမှုဇုန်များ ရေးဆွဲသတ်မှတ်ရေးနှင့်မြေသတင်း အချက်အလက်စီမံခန့်ခွဲသည့်စနစ် တည်ထောင်ရေးတို့သည် ပြည်သူတို့၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြေအရင်းအမြစ်များကို စနစ်တကျ စီမံခန့်ခွဲအသုံးချနိုင်ရန် အထူးအရေးကြီးသည့်အလျောက် အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်နိုင်ကြ ပါစေကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်