မြန်မာနိုင်ငံတွင် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ၏ လူဦးရေပမာဏသည် လူငယ် အားလုံး၏ ထက်ဝက်ခန့်ရှိသည်။ လူငယ်လူရွယ်များသည် တိုင်းပြည်အနာဂတ်အတွက် အားထားရမည့် မျိုးဆက်သစ်များဖြစ်၍ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရမည်ဖြစ်သည်။
ပညာသင်ကြား လူငယ်လူရွယ်များမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် အမွေခံကောင်းများ ဖြစ်၍ ပညာတတ်မြောက် ထူးချွန်ရေးအတွက် သာမက စိတ်ဓာတ်၊ စာရိတ္တ၊ ကျန်းမာကြံ့ခိုင်မှု စသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရှိအောင် စဉ်ဆက်မပြတ် ဖန်တီးဖော်ဆောင်ပေးနေသည်။ မတ်လ ၂ ရက်နေ့က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ တက္ကသိုလ်၊ ကောလိပ် များတွင် သက်ရွယ်အဆင့်တူ ကျန်းမာရေးပညာပေးအစီအစဉ် စတင်ဆောင်ရွက်ခဲ့သည်။
အဆိုပါအစီအစဉ်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်ကို အကောင်အထည် ဖော်သည့် အစီအစဉ်ဖြစ်သလို တစ်နိုင်ငံလုံးရှိ ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ စုဝေးရာဖြစ်သည့် ကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များနှင့် ပြည်သူလူထု အနီးပတ်ဝန်းကျင် တွင် စိတ်ဓာတ်၊ စာရိတ္တ၊ ကျန်းမာကြံ့ခိုင်စေရန် ဖော်ဆောင်ပေးခြင်း ဖြစ်သည်။ မျက်မှောက် ကာလတွင် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ ပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး အန္တရာယ်ကင်းဝေးစေရေး၊ ဆေးလိပ်နှင့် အရက်ကင်းစင်စေရန် အဓိကလိုအပ်လျက်ရှိသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ကွမ်းယာ သုံးစွဲမှုကင်းစင်ပပျောက်ရေး၊ အရက်အလွန်အကျွံ သောက်သုံးခြင်း နှင့် နောက်ဆက်တွဲအန္တရာယ်များ လျှော့ချရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝ ပုံစံများ လိုက်နာကျင့်သုံးရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ထည့်သွင်း သင်ကြားပေးနိုင်ရေးနှင့် ဂိမ်းအလွန်အကျွံ စွဲလမ်းမှုပပျောက်ရေးဟူသည့် လမ်းညွှန်ချက် (၇)ရပ်ကို ချမှတ်ပေးထားရာ ယင်းအချက်များသည် လူငယ်လူရွယ်များ အသက်ရှည်ကျန်းမာ ဘေးဘယာကင်းဝေးမည့် လိုက်နာရမည့်အချက်များ ဖြစ်သည်။
အရက်သေစာနှင့် မူးယစ်ဆေးကဲ့သို့ စွဲလမ်းစေတတ်သောအရာများ ကင်းဝေးရေး ကျောင်းသား ကျောင်းသူများအား အသိပညာပေးရာတွင် အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေကြ သော လူဦးရေ ၁၀ သန်းခန့်ရှိသည့် ကျောင်းသား၊ လူငယ်များကိုလည်း စတင်အသိပညာ ထည့်သွင်းပေးခြင်းဖြင့် ပိုမိုအခြေခံခိုင်မြဲသည့် လူငယ်ပတ်ဝန်းကျင်ကောင်း တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။ လမ်းညွှန်ချက် (၇) ရပ်တွင် အဓိကသက်ဆိုင်သည့် သက်ရွယ် ဆင့်တူ ပညာပေးမှုကဏ္ဍများကို ခွဲခြားဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက်သော ဝန်းကျင်ကောင်း များ ဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါသည်။
ပထမဦးစားပေး အစီအစဉ် (၁) မှာ မူးယစ်ဆေးဝါးပင် ဖြစ်သည်။ မူးယစ်ဆေးဝါး သုံးစွဲခြင်းသည် ကိုယ်ခန္ဓာတစ်ခုလုံး ထိခိုက်ပျက်စီးခြင်း၊ ဉာဏ်ရည်ထုံထိုင်းခြင်း၊ စိတ်ရောဂါများဖြစ်ပွားခြင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဘက်ပေါင်းစုံ ထိခိုက်ပျက်စီးခြင်းကို ခံစားရမည် ဖြစ်၍ အလေးထားဆောင်ရွက်ရမည် ဖြစ်သည်။ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်သေစာ သုံးစွဲခြင်းသည် ရေတိုကျန်းမာရေးထိခိုက်ပြီး ရေရှည်တွင် ရောဂါစွဲကပ်စေသဖြင့် ဒုတိယ ဦးစားပေး ဆောင်ရွက်သင့်သည်။
မျက်မှောက်ကာလတွင် လူငယ်လူရွယ်တိုင်း မိုလ်ဘိုင်းဖုန်းမှ တစ်ဆင့် အသုံးပြုလေ့ရှိသည့် ဂိမ်း အလွန် အကျွံစွဲလမ်းမှုသည် ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့ ထိခိုက်လာနိုင်သောကြောင့် အခြားကောင်းမွန်သောဘက်တွင် စိတ်ဝင်စားမှု မြင့်တက်လာအောင် ဖန်တီးပေးသင့်သည်။ ကျောင်းသား ကျောင်းသူများ နေ့စဉ်နှင့်အမျှ ကျောင်းတက်ရာ၌ ယာဉ်အန္တရာယ်ကင်းဝေးရေးကို ဦးစားပေးရမည်ဖြစ်ပြီး လူငယ်လူရွယ်များ ဖြစ်၍ မျိုးဆက်ပွား ကျန်းမာရေးကိုလည်း အသိပညာ ဗဟုသုတ ပေးကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကျောင်းသားကျောင်းသူများအတွက် ဤအစီအစဉ်များသည် နိုင်ငံတော်၏ စီမံချက် များဖြစ်ပြီး အနာဂတ်တာဝန်ကို ပခုံးပြောင်း တာဝန်ယူကြရမည့် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များအားလုံး ဘေးအန္တရာယ်ကင်းဝေးပြီး ကျန်းမာကြံ့ခိုင်ခြင်း၊ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ ခိုင်ကျည်မြဲမြံခြင်း အကျိုးကျေးဇူးများရရှိမည့် အစီအစဉ်များ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ (အယ်ဒီတာ့အာဘော်)