ကျိုက်မရော မတ် ၉
မော်လမြိုင်ခရိုင် ကျိုက်မရော မြို့နယ် ပိန်းနဲကုန်းကျေးရွာ ကမ်းနားလမ်းရှိ ကတ္တရာလမ်းသစ် ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါလမ်းသစ်ဖွင့်ပွဲမဏ္ဍပ်၌ကျင်းပ ပြုလုပ်ရာ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ကရင် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးစောအောင်မြင့်ခိုင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်မျိုးမြင့်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းမြင့်နိုင်၊ ကျေးရွာလမ်းဖြစ်မြောက်ရေးအလှူရှင် ထားဝယ်ကျောင်းဆရာတော် ဘဒ္ဒန္တဦးဝါယမ တို့က လမ်းသစ်မုခ်ဦးအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အခမ်းအနားတွင် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးက အမှာစကားပြောကြားရာတွင် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးတို့သည် အဓိကအရေးကြီး ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှသာ ကျန်းမာရေး လူမှု ရေး၊ စီပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
အဆိုပါ ကတ္တရာလမ်းသစ်သည် ပိန်းနဲကုန်းရွာမှ ကမ်းနားလမ်းအထိ အရှည်ပေ (၃၂၆၅ )ပေ၊ လမ်းအကျယ် ၁၂ပေ၊ ရှိ ပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကတ္တရာပုံးများ ထောက်ပံ့ပေးပြီး ထားဝယ်ကျောင်းဆရာတော်နှင့် စေတနာရှင် အလှူရှင်များ၊ ဒေသခံပြည်သူများ စုပေါင်းထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်ခဲ့သောလမ်းဖြစ် ကြောင်း မွန်ပြည်နယ် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေဝင်း ထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး ( ကျိုက်မရော )