ဝေါ မတ် ၉
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ဝေါမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မိုးယွန်းကြီးခန်းမ၌ ဝေါမြို့နယ် ပြည်သူများနှင့်တွေ့ဆုံပြီး တိုင်ကြားတင်ပြစာ များအား ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများမှ တင်မြှောက်သော ပြည်သူ့အစိုးရအနေဖြင့် ပြည်သူများ၏လိုအပ်ချက်များ၊ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် ဖြစ်ပေါ်နေသည့် အားနည်းချက်များကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးရန်၊ ပြည်သူများအနေဖြင့်လည်း ဒီမိုကရေစီအစိုးလက်ထက်တွင် ဒီမိုကရေစီ စံချိန်စံညွှန်းအတိုင်း မတူကွဲပြားမှုများကို လေးစားလက်ခံပြီး စုပေါင်းအားတစ်ရပ် ဖော်ဆောင်ကာပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် ကြောင်း၊ ခေတ်အဆက်ဆက် ကျေးရွာများတွင် လယ်ယာမြေပြဿနာများဖြစ်ပေါ်လျက်ရှိပြီး မိမိတို့အစိုးရအနေဖြင့် တောင်သူလယ်သမားများဘက်မှ ရပ်တည်၍ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ သိမ်းဆည်းခံလယ်ယာမြေများ မူလတောင်သူများ လက်ဝယ်အမြန်ဆုံးရောက်ရှိစေရေး မြေ/စစ်ကော်မတီ၏ မူဝါဒများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများအနက်မှ ပန်းညိုကျေးရွာနေ ဦးလှအောင်က စွန့်လွှတ်မြေများနှင့် စိုက်ပျိုးမြေများကို(မြေ/စစ်)မူအရ မဟုတ်ဘဲ စီမံခန့်ခွဲမှုကိစ္စ အခြားနည်းသုံးစွဲခွင့် မရှိဘဲ ကျူးကျော်အိမ်များဆောက်လုပ်၍ မီးများပေးထားမှုကိစ္စ၊ ပန်းညိုကျေးရွာနေဒေါ်နွဲ့မှ မြောင်းတူးဖော်ခြင်းကြောင့် နစ်နာဆုံးရှုံးမှုအပေါ် တင်ပြခြင်းကိစ္စ၊ လျှပ်စစ်မီးလင်းရေးကိစ္စ၊ ပန်းညိုကျေးရွာနေ ဦးမြင့်သိန်းဦး၏ အိမ်ထောင်စုနှင့် မှတ်ပုံတင်များ ဧပြီလတွင် ကွင်းဆင်းဆောင်ရွက် ပေးရေးကိစ္စ၊ ဆေးခန်းမြေနေရာဆိုင်ရာကိစ္စ၊ ကမ်းကြီးဆိပ်ကျေးရွာနေ ဦးလှကြည်မှ ကျောင်းမြေ၊ လျှပ်စစ်မီး၊ အဆောက်အဦးကိစ္စ၊ ညောင်ခါးရှည်ကျေးရွာနေ ဒေါ်လှသန်းမှ ဥပဒေမဲ့စွာအနိုင်အထက်ပြုမှုအပေါ် တင်ပြခြင်းကိစ္စ စသည့်ကိစ္စရပ်များနှင့် အခြားမြေယာကိစ္စဆိုင်ရာ တိုင်ကြားစာကို တင်ပြကြရာ ဝန်ကြီးချုပ်မှ သက်ဆိုင်ကာဌာနဆိုင်ရာများနှင့် ညှိနှိုင်းဖြေးရှင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
အောင်မြတ်လင်း (ပြန်/ဆက်)