Skip to main content

မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်

ဒီတစ်ပတ် ရုပ်ရှင်စကားဝိုင်းကို ကျွန်တော်နဲ့အတူ ဆွေးနွေးမယ့် ပုဂ္ဂိုလ်ကတော့ ခင်ဇော်(ကေသီပန်)ဆိုပြီးတော့ နာမည်ရှိတဲ့သူ ပါပဲ။ အခုကတော့ ကျွန်တော်တို့ကတော့ ဆရာ ဦးခင်ဇော်လို့ ခေါ်ဆိုပါတယ်။ ဆရာ ဦးခင်ဇော်ဟာ နာမည်ကျော် လူငယ်ဒါရိုက်တာ မိုက်တီးရဲ့ ဖခင်ဖြစ်သလိုပဲ သရုပ်ဆောင် ချစ်ချစ်ဇော်တို့၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။

(၈-၃-၂၀၂၀ ရက်နေ့မှအဆက်)

ကြည်စိုးထွန်း ။ ။ ဪ ဦးအောင်မြင့်မြတ် ဟုတ်တယ် ဆရာ။ အဲဒီတုန်းက လှုပ်ရှားကြတာ ပေါ့။ နောက် ဆရာ၊ ချစ်ချစ်ဇော်တို့လည်း စာတမ်းတွေ ဖတ်တယ်ထင်တယ်။

ဦးခင်ဇော် ။ ။ စာတမ်းတွေက ကျွန်တော်တို့က ဟိုဘက်မှာ။

ကြည်စိုးထွန်း ။ ။ ပဒုမ္မာကွင်း စမ်းချောင်းမှာ။ စာတမ်း ၁၀ စောင်လား မသိ ဘူး။ တော်တော်များများ ဖတ်ကြတယ်။

ဦးခင်ဇော် ။ ။ စာတမ်းငယ်ဆိုပြီးတော့။

ကြည်စိုးထွန်း ။ ။ အဲဒါလည်း စာအုပ်ထွက်တယ် ဆရာ ကောင်းပါတယ်။ နောက် တစ်ခုက ဒီဘက်ကနေပြီးတော့ ကျွန်တော်တို့ အုပ်စုတွေ ကတော့ ပြဇာတ်တွေ ကကြတာပေါ့။ ကျွန်တော်က ရုပ်ရှင်ခရီးသည်ဆိုတဲ့ ပြဇာတ်ကလေး။ အဲဒီတုန်းက ကျွန်တော် ကသေးတယ်။ ဘာပဲဖြစ်ဖြစ် စိန်ရတုမှာ ကျွန်တော် အကျိုးရှိဆုံးဟာကတော့ စုဆောင်းမိတာပဲ ထင်တယ်။ ဆိုပါတော့ ဆရာ၊ ရုပ်ရှင်ကြော်ငြာတွေ စုမိ တယ်။ နောက် ရုပ်ရှင်ကားထုပ်တွေစုတယ်။ နောက် တစ်နိုင်ငံလုံးကနေ ဒါကို စိတ်ဝင်စားတယ်ဆရာ။ စိတ်ဝင်စားပြီးတော့ ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင် လုပ်ငန်းကို ပိုစတာတွေ၊ ကြော်ငြာတွေ တော်တော်များ များ ပို့တာဆရာ။ အဲဒီပို့တာကနေပြီးတော့ တကယ့်ကို ကျွန်တော်တို့ရဲ့ အမွေအနှစ်ဖြစ်တဲ့ ရုပ်ရှင်ပြတိုက်ကြီး။ ဆရာ အဲဒါပြီးမှ ဖြစ်တာမဟုတ်လား။ စိန်ရတုပြီးမှ ရုပ်ရှင်ပြတိုက်ကြီး ဖြစ်သွားတာ။ ဒါကတော့ တော်တော့် ကို ကျွန်တော်တို့ ဂုဏ်လည်းယူစရာ ကောင်းတယ်။ အကျိုးကျေးဇူးလည်းရှိတယ်ထင်တယ်။ အဲဒီပြတိုက်မှာ လည်း ဆရာတို့လည်း တာဝန်ယူရတာပဲ။ ဆရာတို့လည်း ရုပ်ရှင်ပြတိုက်ကော်မတီမှာ ပါဝင်လှုပ်ရှားပြီးတော့ တာဝန်ယူခဲ့ရတာပဲ။ စာကြည့်တိုက် ဖြစ်လာတယ်၊ ပြတိုက်ဖြစ်လာတယ်။ တန်ဖိုးအရှိဆုံးပါပဲ ဆရာ။

ဦးခင်ဇော် ။ ။ ဒါပေမယ့်ခက်တာက စာကြည့်တိုက်က အမြဲတမ်းလှုပ်ရှားနေမှ ကောင်းတယ်။ ငြိမ်သွားလိုက်တာနဲ့ တစ်ခါတည်း လေယာဉ်ပျံကြီးလိုပဲ၊ လေယာဉ်ပျံကောင်းကင်မှာ ပျံနေ တယ်။ စက်နဲ့ တဝီဝီတော့ သွားနေတာပဲ။ စက်ရပ် လိုက်တာနဲ့ တစ်ပြိုင်နက်တည်း ထိုးကျသွားတာပဲ။ အခု အဲဒီစာကြည့်တိုက်ဆိုတဲ့ဟာက စာအုပ်တွေ အစုံထား ပေမယ့်လို့ လာမကြည့်ကြဘူး။

ကြည်စိုးထွန်း ။ ။ စာအုပ်တွေက တော်တော်များများ ရှိတယ်။ သိပ်တော့ မလာကြဘူးပေါ့။ ပြတိုက်မှာလည်း အဝတ်အစားနဲ့ ပတ်သက်ပြီး အများကြီးရှိတယ်ဆရာ။ တကယ်လည်း ဗဟုသုတရစရာတွေ အများကြီးပါပဲ။ အခုတော့ ရုံးပိတ် ရက်တိုင်း ပြတိုက်ကတော့ ဖွင့်ဖွင့်ပေးနေပြီးတော့ လာလည်းလာကြပါတယ်။ ကျောင်းသူ ကျောင်းသား လေးတွေလည်း လာကြည့်ကြတယ်။ ဒါကတော့ ကျွန်တော်ထင်တယ်။ ပုဂ္ဂလိကထဲမှာ အထင်ရှားဆုံး ပြတိုက်ပြပါဆိုရင် ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံး ပြတိုက်ပဲ ထင်ပါတယ်။ အဆောက်အဦကြီးကလည်း ကျွန်တော်ထင်တယ်။ နှစ်ပေါင်း ၈၀၊ ၉၀ လောက်ရှိပြီ ထင်တယ်။ အဲဒီအဆောက်အဦကြီးကလည်း တော် တော်လေး Antique ပေါ့ ဆရာ။ အဲဒီမှာ ထိုင်တဲ့ပုဂ္ဂိုလ် တွေကလည်း Antique တွေ ဆရာ။ ၈၀ ကျော်တွေ ချည်းပဲ။ ဦးတင်ယုလည်း အဲဒီမှာ ထိုင်တယ်ဆိုတော့။ အဲဒါလေးကတော့လည်း စိန်ရတုရဲ့ တကယ့်ကို အမွေ အနှစ်ကလေးက ကျေးဇူးရှိပါတယ် ဆရာ။

ဦးခင်ဇော် ။ ။ စိန်ရတုရဲ့ အမွေအနှစ်က အဲဒီလိုရသလို ရွှေရတုတုန်းကလည်း ရတဲ့ငွေနဲ့ ခန်းမကြီး ဆောက်ပစ်လိုက်တယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ဆရာ။ ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံး ဝင်ဝင်ချင်း ခန်းမကြီးပေါ့ ဆရာ။ အခုထိလည်း သုံးနေတာပေါ့ ဆရာ။

ဦးခင်ဇော် ။ ။ အဲဒီဟာရဲ့ ပထမကျေးဇူးတင်ရမှာက ရုပ်ရှင်နဲ့ ပြဇာတ်အစည်းအရုံး။ ရုပ်ရှင်နဲ့ ပြဇာတ်အစည်းအရုံးဟာ ငွေရတုတုန်းက သူက ကျဆုံးတဲ့ခေါင်းဆောင်ကြီးတွေရဲ့ ဈာပနကို ရိုက်ပြတယ်။ ပြလိုက်တဲ့အခါကျတော့ ကြည့်တဲ့သူက များတယ်။ ဝင်ငွေ ကလည်း တော်တော်ကြီးရတယ်။ ဝင်ငွေကလည်း တော် တော်လေးရတော့ အောက်ကမြေကွက်ကို ဝယ်နိုင်တဲ့အထိ ဖြစ်သွားတယ်။

ကြည်စိုးထွန်း ။ ။ ဪ အခုရုပ်ရှင်အစည်းအရုံး အောက်က မြေကွက်ကြီးကို။

ဦးခင်ဇော် ။ ။ မြေကွက်ကြီးက ပထမအကျယ်ကြီး။ ဒီထောင့်တွေပါ တစ်ခါတည်း ပါတာ။ အခုကျတော့ တဖြည်းဖြည်း။

ကြည်စိုးထွန်း ။ ။ နည်းနည်း ကျဉ်းလာတာပေါ့လေ။ ရန်ပုံငွေလိုတော့လည်း ဖဲ့ဖဲ့ရောင်း ရင်းနဲ့ ထင်ပါရဲ့။ နည်းနည်းကျဉ်းလာတယ် ထင်ပါတယ် ဟုတ်လား ဆရာ။

ဦးခင်ဇော် ။ ။ ငွေလိုတယ်ဆိုတာလည်း အစည်းအရုံးမယ် မရှိပါဘူး။ ကျွန်တော်က တော့ ဒီလိုမထင်ဘူး။ အရာဝတ္ထုတစ်ခု အသီးအနှံတစ်ခု နေပူထဲချထားရင် တဖြည်းဖြည်း ကျုံ့ကျုံ့သွားသလိုပေါ့။

ကြည်စိုးထွန်း ။ ။ ဟုတ်ပါပြီဆရာ။ ငွေရတုရဲ့ အသီးအပွင့်က ဘာလဲဆိုတော့ အခု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနေရာကြီးကို ငွေရတုကနေ ပြီးတော့ အမွေပေးသွားတယ်။ နောက်တစ်ခါ ရွှေရတုကျ တော့ ဒီရုပ်ရှင်အစည်းအရုံးထဲမှာ အကြီးဆုံးပေါ့နော်။ အကြီးဆုံး ခန်းမကြီးတစ်ခုကို ဆောက်နိုင်ခဲ့တာပေါ့ ဆရာ။ နောက်တစ်ခါကျတော့ စိန်ရတုကျတော့ ကျွန်တော်တို့က တကယ့်တန်ဖိုးရှိတဲ့ ပြတိုက်ကြီးဖြစ်အောင် အမွေပေးလာ တယ်ပေါ့ဆရာ။ ဘာလိုလိုနဲ့ ဆရာရေ ရုပ်ရှင်ကနှစ် ၁၀၀ ပြည့်တော့မယ် ဆရာ။ အဲဒီ ကျရင်တော့ ကျွန်တော်တို့က ဘာတွေများ ထပ်ပြီးတော့ အမွေပေးနိုင်ဦးမယ်ဆိုတာ မျှော်မှန်းကြည့်ရရင်တော့နော် ဆရာနော်။ ပေးချင်ပါတယ် ဆရာရယ်။ တကယ်တန်ဖိုးရှိတဲ့ဟာ တစ်ခုပေါ့။ ပြောပါဦး ဆရာ။ အဲဒီတော့ စိန်ရတုရဲ့ အတွေ့အကြုံ တွေကို။

ဦးခင်ဇော် ။ ။ စိန်ရတုရဲ့ အတွေ့အကြုံကတော့ကျွန်တော်ကတော့ ကျွန်တော့် အခန်းကနေ ဘယ်မှမသွားဘူး။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ဆရာ။ တပ်မတော်ခန်းမက ပြခန်းမှာပဲ။

ဦးခင်ဇော် ။ ။ ပြခန်းမှာပဲ ကျွန်တော်နေပေးရတော့ ကျန်တဲ့ဟာတွေ ကျွန်တော် သိပ်မသိဘူး။

ကြည်စိုးထွန်း ။ ။ ဧည့်သည်တွေလည်း လာတယ်။ ကြည့်တဲ့သူတွေကလည်း လာတယ်နော်။ ဆရာရေ ဆရာနဲ့ ကျွန်တော်နဲ့ ငွေရတုကို ဖြတ်သန်းလိုက်၊ ရွှေရတုကို ဖြတ်သန်းလိုက်၊ စိန်ရတုကို ဖြတ်သန်းလိုက်၊ နောင်ရာပြည့်ကိုလည်း လှမ်းမျှော် ကြည့်လိုက်နဲ့ ရုပ်ရှင်လောကမှာ ကျင်လည်ခဲ့ကြတဲ့ အထဲမှာ ဆရာ့အနေနဲ့ ဆရာ ရုပ်ရှင်ခေတ်တစ်လျှောက်မှာ ကြော်ငြာပုံအမျိုးမျိုး ရှိတာပေါ့ဆရာရယ်။ တစ်ခါတည်း ခေတ်ဟောင်းတုန်း ကဆိုရင်လည်း ကားတွေနဲ့ ကြော်ငြာတာတို့၊ တစ်ခါ တည်း လူပေါ်မှာ ၃၆ ကောင် အရုပ်ရေးပြီး ကြော်ငြာတာ တို့ ဆရာတို့ ပဲရော့ကပဲ အဲဒီလို ကြော်ငြာတယ်။

ကြည်စိုးထွန်း ။ ။ ကြော်ငြာတာတွေ အမျိုးမျိုးရှိတယ်။ နောက်ကျတော့ ကြော်ငြာစာရွက်မှာပဲ သူတို့က ကဗျာလေးတွေနဲ့ လင်္ကာလေးတွေနဲ့ ရေးပြီးတော့ ကြော်ငြာတာတွေ အများကြီး ရှိပါတယ်။ အဲဒီထဲက ဆရာမှတ်သားခဲ့တာ လေးတွေ၊ စိတ်ထဲမှာ စွဲလမ်းခဲ့မိတာလေးတွေ ပြောပါ ဦး ဆရာ။

ဦးခင်ဇော် ။ ။ အဲ ကျွန်တော် ရေးလာခဲ့တာလေး တချို့တော့ ရှိတာပေါ့။ အဲဒီဟာလေး ကျွန်တော် ပြောပြမယ်။ ၁၉၂၈ ခုနှစ် နယ်ချဲ့လက်ထက်က မြန်မာသူပုန်ကို ကမ္ဘာတုန်အောင် အာရုံစိုက်ခဲ့သော တောပုန်းကြီးစံဖဲ။

ကြည်စိုးထွန်း ။ ။ ဪ တောပုန်းကြီးစံဖဲ ရွှေဘ။

ဦးခင်ဇော် ။ ။ နာမည်ကြီးတိုင်းလည်း ကြောက်မနေကြပါနဲ့။ ဂုဏ်ယူလောက် တဲ့အာဇာနည်၊ မြန်မာပြည်မက ကမ္ဘာ့သတင်းစာကြီးများ ကပင် နယ်ချဲ့အစိုးရနှင့်ကမ္ဘာသိအောင် သတိပေးစကား စိုးရိမ်မကင်း ရေးသားကြလို့ ကမ္ဘာကျော်သွားရတဲ့ တောပုန်းကြီးစံဖဲ။ ဒီဇာတ်ကားကို ရုပ်ရှင်စစ်ဆေးရေး အရာရှိကြီးများ စုံရာရှေ့မှာ အစစ်ဆေးခံခဲ့ရာ တစ်နိုင်ငံ လုံး စံဖဲကြီး ဖြစ်ကုန်မှာစိုးရသည့် ၁၉၂၈ ခုနှစ် အဖြစ် အပျက်ဟု ထိပ်စည်းစာကြီးကြီးထည့်သွင်းသည်မှ ပြစေ ဟု အမိန့်ရ၍ တောပုန်းကြီးစံဖဲ။

ကြည်စိုးထွန်း ။ ။ ဪ တောပုန်းကြီးစံဖဲ ကြော်ငြာ။

ဦးခင်ဇော် ။ ။ ဟုတ်ကဲ့ ကြော်ငြာ၊ ဘာမထီ တကယ်မနည်းသော သာစည် နယ် မဲတောရွာမှာမွေးတဲ့ တောပုန်းကြီးစံဖဲ၊ ဇာတ်ညွှန်း ဆရာဟန်၊ ဒါရိုက်တာ ဦးကျော်မြင့်၊ ရွှေဘနှင့် မြင့်မြင့် ခင်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ဆရာ၊ ဟုတ်ကဲ့ဆရာကြည့်ဖူးတယ်ဆရာ။ အဲဒါ ၅၀ နဲ့ ၆၀ ကြားမှာ ထင်တယ် ဆရာ။

ဦးခင်ဇော် ။ ။ သူက နောက်ပိုင်းဟာတွေနဲ့ရောနေတာ။ တောပုန်းကြီးစံဖဲ က နှစ်ခါလောက်။

ကြည်စိုးထွန်း ။ ။ ဪ။ နောက်တစ်ခါက မောင်သင် နဲ့ထင်တယ် ဆရာ။

ဦးခင်ဇော် ။ ။ လူမိုက်ဖြစ်ရခြင်း အကြောင်းရင်းကို ဘွင်းဘွင်းနဲ့ ရှင်းရှင်း ဖြေထားပြီး ကြမ်းကြမ်းနဲ့ ဆန်းဆန်းကလေးများကိုပါ အသည်း တဖိုဖို ဘဝင်ကျလောက်အောင် ရှုစားရမယ့် လူမိုက်လောက ဆိုပြီးတော့။ နောက်အေဝမ်းကျတော့ တေးထပ်ကလေးတွေ နဲ့ပေါ့လေ။ ဒါကတော့ လူတိုင်းက သိပြီးသားပါ။ ကျွန်တော် စပြီးတော့ ကျွန်တော့်ကုမ္ပဏီ ကေသီပန် ဒီရုပ်ရှင်က ပွဲဦးထွက်ရိုက်တဲ့ ရယူလိုသောဆု ဆိုတဲ့ဇာတ်ကား။ ဒီဇာတ်ကားကို ကျွန်တော်က ရယူ လိုသော ဆုကနေ နွဲ့ဆိုးဆိုပြီး ပြန်ရိုက်တယ်။ နောက် မိုက်တီးက အဲ့ဒီဟာကို ၅၂၈ ဆိုပြီး ပြန်ရိုက်တယ်။ ၅၂၈ ဆိုပြီး သုံးခါတောင် ပြန်ရိုက်တယ် ဒီကောင်။

ကြည်စိုးထွန်း ။ ။ ဇာတ်လမ်းက ကောင်းတာကိုး ဆရာရဲ့။ ဇာတ်လမ်းက အရေး ကြီး တာပါပဲ။ ပြီးခဲ့တဲ့အပတ်ကလည်း ဆရာဦးပြည့်စုံ ပြောသွားသလို ဇာတ်လမ်းက အရေးကြီးတယ်ဆိုတဲ့ အကြောင်း ကျွန်တော်လည်း ပြောပြလိုက်ပါတယ်။ ကိုရီးယားကားတွေ၊ ဇာတ်လမ်းတွဲတွေ ကြိုက်တယ် ဆိုတာ ဇာတ်လမ်းကောင်းတာကိုး၊ ကြိုက်တာပေါ့။ နောက်တကယ်လည်း ခမ်းခမ်းနားနားလည်း ပြနိုင် တယ်။ သရုပ်ဆောင်တွေလည်း ကောင်းတယ်ပေါ့။ ဒါတွေလည်း ပါပါတယ်။ သို့သော်လည်း အဓိကကတော့ ဇာတ်လမ်းပေါ့ ဆရာ။

ဦးခင်ဇော် ။ ။ နောက်သူတို့ဆီမှာ ကျောင်းရှိတယ်။ ကျောင်းရှိတော့ ဒီမင်းသမီး တွေက ငိုတာကို ကျွန်တော် ကြည့်လိုက်တယ်။ ငိုပြီဟေ့ ဆိုတာနဲ့ တစ်ပြိုင်နက်တည်း ပါးစပ်ပိတ်တယ်။ ဒီပုံစံပဲ အကုန်လုံး ကြည့်လိုက်တော့ ဒီပုံစံပဲ။

ကြည်စိုးထွန်း ။ ။ တစ်ကျောင်းတည်း ဆင်းပေါ့။ ဟားဟားဟား။

ဦးခင်ဇော် ။ ။ ကျွန်တော် ဆိုပါတော့၊ ကျွန်တော်လည်း ကိုယ့်ဟာကိုယ် ဘာလေး လုပ်ရင်ကောင်းမလဲ စဉ်းစားတာ၊ နွဲ့ဆိုးတုန်းက ကျွန်တော်ကြော်ငြာတာ၊ နိုးဆွဲ့ဆိုပြီးတော့ ကြော်ငြာတာ။

ကြည်စိုးထွန်း ။ ။ ဪ နိုးဆွဲ့။

ဦးခင်ဇော် ။ ။ နောက်ပြီးတော့ သတင်းစာမှာ တစ်မျက်နှာအပြည့် ယူလိုက်တယ်။ ဒါပေမယ့်လို့ ကေသီပန်ရုပ်ရှင် နွဲ့ဆိုး ဒါပဲ။ ဒီဟာက အဖြူကြီး၊ သူတို့ဟာသူတို့ တစ်ခါတည်း ပြောတာ။ ကြော်ငြာကလည်းကွာ ဒီလို ကြော်ငြာနေရလား။ ဘာမှ လည်း မပါဘူး။ ဘယ်တော့ ပြမယ်ဆိုတာလည်း မပါဘူး။ ဒါက ကျွန်တော် တို့ ကြော်ငြာတဲ့ ကြော်ငြာအောင်မြင်တာ။ အဲဒီလိုမျိုး ကြော်ငြာခဲ့ဖူးတယ်။ တချို့ကျတော့လည်း ကြီးကြီးမှာ ပြည့်ပြည့်ကြီးပါချင်တာ။ ဟို ရုပ်ရှင်ကားမှာ ကျွန်တော်တို့က Dubbing တီးလို့ရှိရင် ပိုက်ဆံအပြည့် ပေးထားရတာပဲ။ အပြည့်တီးကွာ အဲဒီလိုမျိုး။

ကြည်စိုးထွန်း ။ ။ ဟုတ်ပါ့ဆရာ ဟုတ်ပါ့။ တစ်မျိုးစီပေါ့နော်။ အနုပညာဆိုတာက လည်း သူ့ရဲ့ရှုထောင့်နဲ့ သူပေါ့ ဆရာနော်။ တင်ပြတဲ့ ရှုထောင့်၊ ဖော်ပြတဲ့ပုံစံကလည်း ပြောင်းလဲနိုင်တာပေါ့ နော်။ ကောင်းပါတယ်ဆရာ။ ဒီနေ့ ဆရာနဲ့ ကျွန်တော်နဲ့ ဆွေးနွေးလာခဲ့တာ ဒီငွေရတု၊ ရွှေရတု၊ စိန်ရတု ရာပြည့် ကိုမှန်းပြီးတော့ ကျွန်တော်တို့ ပြောလာခဲ့တဲ့ အချိန်မှာ ပြန်ပြီးတော့ ကောက်ချက်ဆွဲလိုက်ရင် ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေဟာ ဘယ်ခေတ်မှာမဆို အမျိုး သားရေးကို ဘယ်တုန်းကမှ ကျောခိုင်း မလာခဲ့ကြဘူး။ ကျောခိုင်းမထားခဲ့ကြဘူးဆိုတာလည်း ကျွန်တော်မြင်ပါ တယ်ဆရာ။ နောက် လက်ဆင့်ကမ်းအမွေပေါ့၊ ပေးဖို့ရာ အတွက် လူကြီးတွေဟာ ကြိုးစားခဲ့တယ်ဆိုတာလည်း ကျွန်တော် မြင်ပါတယ်။ ဒါကြောင့်မို့လည်း ကျွန်တော်တို့ အခြေအနေရယ် ၊ ဆရာတို့ခေတ်၊ ကျွန်တော်တို့ ခေတ် နောက်ခေတ်ပေါ့လေ။ ခေတ်အဆက်ဆက်မှာ ဒီအမွေ လေးပေါ့။ အမျိုးသားရေးကို လေးစားတဲ့စိတ်၊ အမျိုးသား ရေး စိတ်ဓာတ်အပြည့်အဝရှိတဲ့စိတ်လေးကို လက်ဆင့် ကမ်းပေးရမလို။ နောက်ပြီးတော့ ရုပ်ရှင်ကို ချစ်တဲ့စိတ်၊ ရုပ်ရှင်လောကကြီးကို မြှင့်တင်လိုတဲ့စိတ်လည်း ကျွန်တော် တို့က ပေးရပါမယ်။ ဆရာ အဲဒီတော့ ဒီနေ့‌ ခေတ်လူငယ်တွေ အတွက် ဆရာဆုံးမ လမ်းညွှန်စကားလေးပေါ့ ဆရာ။ အဲဒါလေး ပြောပေးပါဦး ဆရာ။

ဦးခင်ဇော် ။ ။ ကျွန်တော်တို့ အခု ရုပ်ရှင်နဲ့ ပတ်သက်လို့ပေါ့လေ။ လူတိုင်းရဲ့ အလေးထားပြီးကြည့်နေတဲ့ အနုပညာရပ်တစ်ခုလို့ ကျွန်တော်ထင်တယ်။ ဒါကြောင့်မို့လည်း အားလုံးက မြတ်နိုးတယ်၊ချစ်ခင်တယ်၊ တွယ်တာတယ်။ သရုပ်ဆောင် တွေဆိုရင် အမျိုးသမီးသရုပ်ဆောင်တွေဆိုရင် အနောက် က လိုက်ကြည့်တယ်။ အမျိုးသားသရုပ်ဆောင်တွေဆိုရင် လည်း ဒီလိုပါပဲ။ ဒါလိုက်ကြည့်တယ်ဆိုတာက သူတို့က ခင်ကြချစ်ကြတာ။ အဲဒီလို ချစ်ပြီးတော့လိုက်ကြတဲ့အခါ မှာ တစ်ခါတလေကျတော့ ကျော်ကြားမှုရဲ့ အရှိန်အဝါ ကို မခံနိုင်တဲ့ ပုဂ္ဂိုလ်များရှိတယ်။ အဲဒီကျော်ကြားမှုရဲ့ အရှိန်အဝါကို မခံနိုင်လို့ရှိရင် ကျဆင်းမှုရဲ့ အစခြေလှမ်းပဲ။

ကြည်စိုးထွန်း ။ ။ မှန်ပါတယ် ဆရာ မှန်ပါတယ်။

ဦးခင်ဇော် ။ ။ အဲဒီလိုဖြစ်ဖို့ မသင့်ပါဘူး။ ကောင်းကောင်းပဲ လုပ်ပြီးတော့ ကောင်းကောင်းပဲ ကြိုးစားရမယ်။

ကြည်စိုးထွန်း ။ ။ ဆက်ကြိုးစားရမယ်။ ရုပ်ရှင်လောကကို တကယ် ချစ်မြတ်နိုးပြီး ဝင်လာခဲ့သူဖြစ်တော့ ဒီအပေါ်မှာ အမြတ်ထုတ်လို စိတ်မရှိဘဲ ဒါကိုပဲ ဆက်ပြီးချစ်ဖို့၊ ဒီပရိသတ်အတွက် အကျိုးရှိအောင် သရုပ်ဆောင်ဆိုရင်လည်း သရုပ်ဆောင်ဖို့၊ ဒါရိုက်တာဆိုရင်လည်း ဒီဇာတ်လမ်းမျိုးကို ရိုက်ဖို့ စဉ်းစားရပါမယ် ဆရာ။ နောက်ပြီးတော့ ရုပ်ရှင်ပညာ ဆိုတာ ကျွန်တော်တို့ကတော့ နှစ်ကြာခဲ့ပြီပေါ့ ဆရာ။ ဆရာဆိုရင်လည်း ကျွန်တော့်ထက် ပိုကြာပါတယ်။ ကြာတော့ အခုထိ ခက်နေတုန်းပါပဲ ဆရာ။ လွယ်တယ် လို့ကို ကျွန်တော်မထင်ပါဘူး။

ဦးခင်ဇော် ။ ။ ကိုယ့်ခရီးကို ကိုယ်သွားတဲ့အခါမှာတော့ ကိုယ်သွားတဲ့ခရီးဟာ မြတ်နိုး စရာကောင်းတဲ့ခရီးတစ်ခု ဖြစ်ဖို့၊ စိတ်ထဲမယ် အမြဲတမ်း ထားပါ ဒါပါပဲ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ပါဆရာ၊ ကျေးဇူးတင်ပါတယ် ဆရာ။ အခု ဒီနေ့ အချိန်ပေးပြီးတော့ ကျွန်တော်တို့ နှစ်ပေါင်းများစွာပေါ့ ဆရာရယ်။ တကယ်တမ်း ဆရာနဲ့ ကျွန်တော်နဲ့ ပြောလိုက်ကြတာ နှစ်ပေါင်းကို ၉၀ နီးပါးလောက် ပြောချလိုက်ကြတာပေါ့နော်ဆရာ။ နှစ်ပေါင်း ၁၀၀ ကိုလည်း လှမ်းမျှော်ပြီးတော့ ရုပ်ရှင်လောကကြီး အရှည်တည်တံ့အောင် ကျွန်တော်တို့ စိတ်စေတနာ လေးတွေနဲ့လည်း လာရောက်ပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ပြောတဲ့စကား တွေဟာ ပရိသတ်အတွက်လည်း ဗဟုသုတရမယ် လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။ ဒါကြောင့်မို့ ဒီနေ့ ကျွန်တော်တို့ ရုပ်ရှင်စကားဝိုင်းကို ဒီမှာပဲ အဆုံး သတ်ကြပါစို့ဆရာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ။

ဒါရိုက်တာ မောင်ခင်ဇော် (ကေသီပန်)နှင့် ရုပ်ရှင်စကားဝိုင်း

ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်