ဘားအံ မတ် ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီဌာန၊ ဘားအံမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၁)နှင့် ရိုးရာ ဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၁၇) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နရီက အဆိုပါသင်တန်းကျောင်း တွင် ပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်အမှာစကား ပြောကြားကာ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရရှိသူ သင်တန်းသူတစ်ဦးအား အပ်ချုပ်စက်တစ်စုံ ကိုလည်းကောင်း၊ ရိုးရာဂျပ်ခုတ်သင်တန်းတွင် ထူးချွန်ဆုရရှိသူ သင်တန်းသူတစ်ဦးအားငွေသားဆုကို လည်းကောင်း ဆုများချီးမြင့်ပေးခဲ့ပြီး ဘားအံမြို့အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်သန်းသန်းက သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ပေးခဲ့ကြောင်း သိရသည်။ သင်တန်းဆင်းပွဲအပြီးတွင် သင်တန်းဆင်း သင်တန်းသူများ၏ လက်မှုလက်ရာများ ခင်းကျင်းပြသထားမှုကို တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဧည့်သည်တော်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၁) တွင် (၄၅)ဦး၊ ရိုးရာဂျပ်ခုတ် သင်တန်းအမှတ်စဉ် (၁၇)တွင်(၅)ဦး တက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ ရက်သတ္တ (၁၈)ပတ်အတွင်း ကျောင်းအိပ် ကျောင်းစား စားရိတ်ငြိမ်းဖြင့် သင်ထောက်ကူပစ္စည်းများဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်းနှင့် သင်တန်းကျောင်းအနေဖြင့် ယနေ့အချိန်ထိ သင်တန်းပြီး မြောက်အောင်မြင်သူ (၂၈၃၇) ဦးတွင် ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းပြုနိုင်သူ (၁၂၁၂)ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း ဘားအံမြို့အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်းမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)