နေပြည်တော် မတ် ၁၃
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက် လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် (၁၂-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၁၃-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့် လူနာ (၁၁) ဦး ရှိခဲ့ပြီး သက်ဆိုင်ရာ ဆေးရုံများတွင် သီးခြား ထားရှိဆေးကုသမှုပေးလျက်ရှိပါသည်။ ၎င်းတို့ထံမှ ဓါတ်ခွဲနမူနာ ရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲ မှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပါသည်။ (ဇယား -၁)
၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် ဓာတ်ခွဲစစ်ဆေးချက်များအရ (၁၃-၃-၂၀၂၀) ရက်နေ့၊ နံနက် (၆) နာရီမှ ညနေ (၆) နာရီအထိ သက်ဆိုင်ရာ ဆေးရုံများရှိ စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိသော လူနာများအနက် လူနာ (၁၂) ဦး၏ ဓာတ်ခွဲအဖြေများ တွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။ (ဇယား -၂)
၄။ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၁၃-၃-၂၀၂၀) ရက်နေ့၊ နံနက် (၇:၃၀) နာရီအချိန်တွင် ဆိုက်ရောက်လာသော မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) လေယာဉ်တွင်ပါရှိသည့် ခရီးသည် (၅၄) ဦးအနက် COVID-19 ကူးစက်ဖြစ်ပွားမှု ပြင်းထန် နေသည့် ဒေသများဖြစ်သည့် Daegu မြို့မှ (၁) ဦး၊ Gyeonju မြို့မှ (၃) ဦး၊ Jimju မြို့မှ (၁) ဦးနှင့် Gimhae မြို့မှ (၂) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၇) ဦးတို့အား တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် Hospital Quarantine အဖြစ်ထားရှိ၍ လည်းကောင်း၊ အခြားဒေသများမှ လာရောက်သူ မြန်မာနိုင်ငံသား (၄၃) ဦးနှင့် နိုင်ငံခြားသား (၄) ဦး၊ စုစုပေါင်း (၄၇) ဦးအား Home Quarantine နှင့် Hotel Quarantine အဖြစ်လည်းကောင်း (၁၄) ရက်ခွဲခြားထားရှိ၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိပါသည်။
၅။ (၁၃-၃-၂၀၂၀) ရက်နေ့တွင် ဆေးရုံများ၌ထားရှိ၍ အသွားအလာကန့်သတ်မှု (Hospital Quarantine) ပြုလုပ်ထားသော တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှ မြန်မာနိုင်ငံ သား (၇) ဦးနှင့် မန္တလေးတိုင်းဒေသကြီး၊ ကန်တော်နဒီဆေးရုံမှ နိုင်ငံခြားသား (၁) ဦး၊ စုစုပေါင်း (၈) ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။
၆။ ယနေ့ (၁၃-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီအချိန်အထိ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ လူနာ (၆) ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။
၇။ (၁၃-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့ နိုင်ငံ (၁၁၈) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။
Ref: Ministry of Health and Sports, Myanmar