Skip to main content

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကုန်သွယ်မှုကို ထိန်းသိမ်းမြှင့်တင်

နိုင်ငံတစ်နိုင်ငံတွင်လည်းကောင်း၊ မိသားစုတစ်စုတွင်လည်းကောင်း ဝင်ငွေနှင့် ထွက်ငွေကို ချင့်ချိန်တွက်ချက် ဆောင်ရွက်ကြသည်။ နိုင်ငံတစ်နိုင်ငံတွင် ပို့ကုန်ထက် သွင်းကုန်များနေပါက ဘတ်ဂျက်လိုငွေပြပြီး စီးပွားရေးကျဆင်းမည်ဖြစ်သည်။ သွင်းကုန်ထက် ပို့ကုန်မြင့်မားတိုးတက်ပါက နိုင်ငံ့စီးပွားတိုးတက်ပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည်။

နိုင်ငံ့စီးပွားရေးအခြေအနေကို ပြည်ပကုန်သွယ်မှုဖြင့် ခန့်မှန်းသုံးသပ်နိုင်သည်။ မြန်မာနိုင်ငံတွင် ပြည်ပထုတ်ကုန်များကို အဓိကအားထား အသုံးပြုနေကြသဖြင့် သွင်းကုန်များအား နှစ်စဉ်တိုးတက် တင်သွင်းလာခဲ့သည်။ အသေးအဖွဲလူသုံးကုန် ပစ္စည်းမှအစ ပြည်ပမှတင်သွင်းနေရသဖြင့် နှစ်စဉ်ကုန်သွယ်မှု လိုငွေပြခဲ့သည်။ သို့သော် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ မတ်လအထိ)တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု (ယာယီစာရင်းအရ) ကုန်သွယ်မှုပိုငွေပြခဲ့သည်။

မြန်မာနိုင်ငံ၏ (ယာယီစာရင်းအရ) ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၂၇၉ သန်းရှိပြီး ပြည်ပသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၉၅၅ သန်း ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ပို့ကုန်တန်ဖိုးမှာ ပြည်ပမှသွင်းကုန်တန်ဖိုးထက် ပိုများသဖြင့် ကုန်သွယ်မှုပိုငွေရခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ မတ်လအထိ) ကာလတူနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တွင် အမေရိကန် ဒေါ်လာ ၉၈ သန်းကျော်နှင့် သွင်းကုန်တွင် အမေရိကန်ဒေါ်လာ ၁၆၄ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်၌ ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် လယ်ယာထွက်ကုန် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲမျိုးစုံ၊ ရေထွက်ပစ္စည်း ငါး၊ ပုစွန်နှင့် အခြားရေထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ကုန်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်း (အသင့်ချုပ်ပြီးအထည်)တို့ကို ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ပင်လယ်ရေကြောင်း ပို့ကုန်တန်ဖိုးမှာ ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၁၆၀၀ ကျော် ပိုမို ရရှိခဲ့သည်။ နယ်စပ်ကုန်သွယ်မှုတွင် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်ပြီး တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှုမျှတစေရေး ဆောင်ရွက်နေသည့် ကာလတွင် ပို့ကုန်လျော့နည်းမှုကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကာမိစေခဲ့သည်။

ယခုနှစ် မီနီဘတ်ဂျက်ကာလတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးမှ စုစုပေါင်း ပို့ကုန်တင်ပို့မှုသည် ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။ ပြည်ပသွင်းကုန်ကဏ္ဍတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်၏ နိုင်ငံခြားငွေလိုအပ်ချက်ကို လျှော့ချနိုင်ရန်အတွက် အရေးကြီး ကုန်စည်မဟုတ်သည့် မော်တော်ယာဉ်ကဲ့သို့ ကုန်ပစ္စည်းများ တင်သွင်းမှုကို စိစစ်ကန့်သတ်နိုင်ခဲ့သည်။ ပြည်ပမှတင်သွင်းသည့် စားအုန်းဆီကို ပြည်တွင်းဈေးကွက်၏ စားသုံးမှု လိုအပ်ချက်နှင့်အညီ စိစစ်တင်သွင်းမှု ပြုလုပ်ခဲ့သောကြောင့် ယခင်နှစ်များကထက် စားအုန်းဆီတန်ချိန် လျှော့ချတင်သွင်းနိုင်ခဲ့သည်။ ထို့အပြင် ပြည်တွင်း၌ အစားထိုး ကုန်ပစ္စည်းများကို ပိုမိုထုတ်လုပ်ပြီး ပြည်ပမှ တင်သွင်းမှုများကို စိစစ်လျှော့ချနိုင်ခဲ့သည်။

ပြည်ပသွင်းကုန်များကို လျှော့ချဆောင်ရွက်နိုင်ရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိရာတွင် ပြည်တွင်း၌ မရှိမဖြစ် နေ့စဉ်လိုအပ်ချက်ဖြစ်သည့် စက်သုံးဆီ၊ စားအုန်းဆီတင်သွင်းမှုကို ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ဆောင်ရွက်ခဲ့သည်။ ပြည်တွင်း၌ စက်သုံးဆီ၊ စားသုံးဆီ ဈေးနှုန်းမြင့်မားနေခြင်းသည် ကမ္ဘာ့စီးပွားရေး ဂယက်ရိုက်ခတ်မှုကြောင့် ပေါက်ဈေးနှုန်း မြင့်မားနေခြင်းဖြစ်သည်။ သို့သော် ပြည်ပမှ စက်သုံးဆီ၊ စားသုံးဆီ စုစုပေါင်း သွင်းကုန်မှာ ကာလတူထက် အမေရိကန် ဒေါ်လာ ၁၆၄ သန်း ပိုမိုခဲ့သော်လည်း မူလလျာထားချက်၏ ၁၀ ရာခိုင်နှုန်း လျှော့ချဆောင်ရွက်နိုင်ခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်တွင် စီမံကိန်းဥပဒေပါ ပို့ကုန်လျာထားချက် အမေရိကန်ဒေါ်လာ သန်း ၈၂၀၀ ၏ ၁၀၁ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သည်။ သွင်းကုန်လျာထားချက် အမေရိကန်ဒေါ်လာ သန်း ၈၈၀၀ ၏ ၉၀ ရာခိုင်နှုန်း ဆောင်ရွက် နိုင်ခဲ့ရာ ကုန်သွယ်မှု ပမာဏလျာထားချက် အမေရိကန်ဒေါ်လာ သန်း ၁၇၀၀၀ ၏ ၉၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အခြေအနေမှာ ယခုဘတ်ဂျက်ကာလတွင် အခြေအနေကောင်းတစ်ခုသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဆက်လက်၍လည်း ပိုမိုကောင်းမွန်သော အခြေအနေကို ဆောင်ကြဉ်းနိုင်တော့မည် ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ပသွင်းကုန်များကိုလျှော့ချပြီး ပြည်တွင်းထုတ်ကုန်များကို ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရန်အတွက် သွင်းကုန်များကို ချင့်ချိန်သုံးစွဲကာ သွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်များကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ။       ။