မြစ်ကြီးနား မတ် ၁၆
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် မြစ်ကြီးနားမြို့တွင်း တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးနှင့် အများပြည်သူလုံခြုံရေးတို့အတွက် စီမံဆောင်ရွက်ထားသည့် CCTV ကင်မရာ ထိန်းချုပ်ရေးစင်တာ အဆောက်အအုံနှင့် ပြင်ဆင် ဆောင်ရွက် နေမှုတို့အား ယနေ့ နံနက်ပိုင်း တွင် ကြည့်ရှု စစ်ဆေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းလျော့နည်းကျဆင်းရေးအတွက် မြစ်ကြီးနားမြို့ တစ်မြို့လုံးတွင် လွှမ်းခြုံတပ်ဆင်ထားသည့် CCTV ကင်မရာများ ထိန်းချုပ်ရေးစင်တာ အဆောက် အအုံပြီးစီးမှု အခြေအနေနှင့် အဆောက်အအုံအတွင်း Protocal Technologies ကုမ္ပဏီမှ CCTV ထိန်းချုပ်ရေးအတွက် ဆက်စပ်ပစ္စည်းများ တပ်ဆင်ဆောင်ရွက်နေမှု၊ Storage ဆာဗာများတပ်ဆင်ထားရှိမှု၊ LED Board အတွင်း ကင်မရာများကို စောင့်ကြည့် ထိန်းချုပ်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်နယ်လမ်းပန်းဆက် သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးနှင့် ကုမ္ပဏီတာဝန်ရှိသူများ၏ ရှင်းလင်းပြသမှုကို ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ CCTV ကင်မရာများကို မြစ်ကြီးနားမြို့တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းထိန်းချုပ်ရေးနှင့် အများပြည်သူလုံခြုံရေးအတွက် အဓိကကျသည့်နေရာများနှင့် လမ်းဆုံ၊ လမ်းခွများအပြင် တစ်မြို့လုံးကို လွှမ်းခြုံတပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယာဉ်တိုက်မှု၊ မှုခင်း ဖြစ်ပွားမှု တစ်စုံတစ်ရာပေါ် ပေါက်ပါက စောင့်ကြည့်ထိန်းချုပ်ပြီး အရေးယူဆောင်ရွက်သွားနိုင် မည် ဖြစ်ကြောင်း သိရှိရသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက်အစောပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်အတွင်း အောင်ဆန်းလမ်းမ တစ်လျှောက် ညဈေးတန်း ဖွင့်လှစ်သည့်နေရာ၌ သန့်ရှင်းသာယာလှပမှုရှိစေရေး၊ လမ်းသွယ်များ ကတ္တရာလမ်း အဆင့်မြှင့် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်မည့်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဘေးဝဲ/ ယာ တစ်လျှောက်ရှိ ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ပြည်နယ်ပြန်/ဆက်